တျူးရင်းမြို့
တျူးရင်းမြို့သည် အီတလီမြောက်ပိုင်း၊ ပိုးမြစ်ကမ်းပေါ်ရှိ မြို့ကြီးဖြစ်၍ အီတာလျံလူမျိုးတို့က မူယင်းမြို့ကို တိုရီးနိုမြို့ဟု ခေါ်သည်။ ပြင်သစ်နယ်စပ်နှင့် နီးကပ်စွာတည်ရှိသဖြင့် တျူးရင်းမြို့ သည် ကူးသန်းရောင်းဝယ်ရေးတွင် အရေးပါသော မြို့တစ်မြို့ ဖြစ်၏။ လူဦးရေ ရ၂၇ ဝဝဝ ယောက်ခန့်ရှိ၍ အီတလီနိုင်ငံရှိ အကြီးဆုံးမြို့များတွင် စတုတ္ထမြို့ကြီးဖြစ်သည်။ ဥယျာဉ်ပန်းခြံ တို့ဖြင့် မွန်းမံထားသည့်အလျောက် အထူးသာယာလှသည်။ ပညာရေးဆိုင်ရာ အဆောက်အအုံများစွာ ရှိကြသည်တွင် စစ်ကျောင်းများ၊ ပြတိုက်များ၊ သိပ္ပံပညာလေ့လာရာဌာနများ၊ နက္ခတ်မျှော်စင်တိုက်ကြီးနှင့် တက္ကသိုလ်ကျောင်းကြီးကို ၁၄ဝ၄-ခုနှစ်က တည်ထောင်ခဲ့၏။
တျူးရင်းမြို့ရှိ ပြတိုက်များတွင် သမိုင်းဝင် ရှေးဟောင်းပစ္စည်း အများအပြားကို သိမ်းဆည်းထားရှိ၍ ပန်းချီပြတိုက်ခန်းများတွင် ကမ္ဘာကျော် ပန်းချီဆရာ ကြီး ဗန်ဒိုက်နှင့် အခြားပန်းချီကျော်များဖြစ်သည့် မိုက်ကယ် အန်ဂျလို၊ ဒါဗင်ချီနှင့် ရက်ဖီအယ်တို့၏ လက်ရာများကို တွေ့မြင်နိုင်ပေသည်။ တျူးရင်းမြို့သည် ရှေးဟောင်းမြို့တစ်မြို့ဖြစ်၍၊ သမိုင်းတွင် ထင်ရှားခဲ့သည်။ ဘီစီ ၂၁၈ ခုနှစ်တွင် ကားသေ့စစ်သူကြီး ဟန္နီဗောသည် အဲ့လပတောင်ကို ဆင်တပ်ကြီးနှင့်ဖြတ်ကျော်၍ တျူးရင်းမြို့ကို သိမ်းပိုက်ခဲ့ဘူး၏။ အော်ဂပ်စတပ် ဘုရင် လက်ထက်၌ ရောမလူမျိုးတို့သည် တျူးရင်းမြို့ပတ်လည်တွင် ၂၁ ပေမြင့်သည့် မြို့ရိုးတစ်ခုကို ဆောက်လုပ်ခဲ့ရာ၊ ထိုမြို့ရိုးကြီး ၏ တစိတ်တဒေသမှာ ယခုတိုင်တည်ရှိနေသေးသည်။ ၁၄ ရာစုနှစ်အတွင်းတွင် တျူးရင်းမြို့သည် ပီးဒမွန့်နယ်၏ မြို့တော်ဖြစ်ခဲ့၏။ ထိုမှတစ်ဆင့် ဆာဒင်းနီးယား တိုင်းပြည်၏ မြို့တော်ဖြစ် လာပြီးလျှင် မျက်မှောက်ခေတ်တွင် အီတလီနိုင်ငံ ကြီးပွားထွန်းကားရေးအတွက် အချက်အခြာမြို့ ဖြစ်လာလေသည်။ ဤသို့ဖြင့် တျူးရင်းမြို့သည် ၁၈၆ဝ ပြည့်နှစ်မှ ၁၈၆၅-ခုနှစ်အထိ အီတလီ ဘုရင်မင်းမြတ်နိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သည်။ မြို့၏အနီးအပါးတွင်ရှိသော တောင်ကျချောင်းများမှ ရေအားကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်ယူရရှိသဖြင့် တျူးရင်း မြို့သည် စက်မှုလုပ်ငန်းတွင် အထူးတိုးတက်လျက်ရှိ၏။ မော်တော်ကား၊ လေယျာဉ်ပျံနှင့် အခြား စက်ကရိယာများကို အများအပြား လုပ်ကိုင်သည့်ပြင်၊ ခြည်ထည်၊ ပိုးထည်၊ ကတ္တီပါထည်၊ ရေယွန်း ပိုးထည်၊ သားရေထည်နှင့် ဓာတုဗေဒ ပစ္စည်းများကိုလည်း ထုတ်လုပ်ရောင်းချလေသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဂျာမန်နှင့် အီတာလျံ တို့သည် တျူးရင်းမြို့ကို လက်နက်ခဲယမ်းမီးကျောက် ထုတ်လုပ်ရာ အခြေခံစခန်းအဖြစ်ဖြင့်အသုံးပြုခဲ့ကြ၏။ ထိုအတွက် မဟာမိတ်နိုင်ငံများက အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့လေသည်။ စက်ရုံများ၊ ရေနံချက်စက်များနှင့် တက္ကသိုလ်စာကြည့်တိုက်တို့မှာ များစွာပျက်စီး၍ ဘုရားရှိခိုးကျောင်းနှင့် ရှေးဟောင်းနန်းတော် အများအပြားလည်း ထိခိုက်ယိုယွင်းခဲ့လေသည်။ [1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)