ဒုံးလွှတ်ခြင်း

ဒုံးလွှတ်ခြင်း

ပအိုဝ်းနှင့်ရှမ်းတိုင်းရင်းသားတို့၏ ဒုံးလွှတ်ဓလေ့

ရှေးက မြန်မာတို့တွင် ဒုံးလွှတ်သည့် အလေ့အထ ရှိခဲ့သည်။‌ေရှးခေတ်ကရေးဖွဲ့ခဲ့သော ဒုံးချင်းများကိုလေ့လာခြင်းဖြင့်သိရှိနိုင်သည်။ အဓိကအားဖြင့်ဘုန်းကြီးပျံပွဲများတွင် ဒုံးပစ်ပြိုင်ပွဲကျင်းပခဲ့ကြသည်။ ဒုံးပစ်ပြိုင်ရာတွင် အဝေးပစ်နှင့်အမြင့်ပစ်ဟူ၍ရှိသည်။ အမြင့်သို့လွှတ်လိုပါက မိုးသို့ရွယ်ကာငြမ်းဆင်၍လွှတ်ရသည်။ ဒုံးစီးရုပ်များအဖြစ်တောက်တဲ့ရုပ်၊ တောင်သူကြီးရုပ်၊ ဖိုးသူတော်ရုပ်များပြုလုပ်ပြီး ဒုံးပျံတွင်တပ်ဆင်ကြသည်။ မိမိတို့၏ဒုံးစီးရုပ်များကို ဂုဏ်တင်သည့်သီချင်းများရေဖွဲ့ပြီးသီဆိုကြသည်။ ၎င်းတို့ကို ဒုံးချင်းဟုခေါ်သည်။ ပအိုဝ်းတိုင်းရင်းသားတို့တွင်လည်း ဒုံးလွှတ်သည့် အလေ့အထ ရှိ၏။ အောက်မြန်မာပြည်တွင် နေထိုင်ကြသည့် ပအိုဝ်းတိုင်းရင်းသား ယများရော၊ ရှမ်းပြည်နယ်တွင် နေထိုင်ကြသည့် ပအိုဝ်းတိုင်းရင်းသား များပါ `ဒုံးလွှတ်ခြင်း´ ကို ခုံမင်ကြသည်။ ဝါသနာ ပါကြသည်။ ကျွမ်းကျင်ကြသည်။

ဒုံးအစ

တောင်ဘက် တရုတ်နယ်ခြားအလွန် လင်းဇင်းမြစ်ဝှမ်း တစ်လျှောက်ဒေသသည် လူးလူမျိုးတို့အရပ် တစ်ဆယ့်ပနား ပင်ဖြစ်သည်။ လူး တစ်ဆယ့်ပနား ဆိုသည်မှာ လူးတို့ဒေသခရိုင် တစ်ဆယ့်နှစ် ခရိုင်ကို ဆိုလိုပါသည်။ လူး တစ်ဆယ့်နှစ်ပနား သည် စတုရန်း ကီလိုမီတာ ၂၅၀၀ဝ ကျယ်ပြီး လူဦးရေ ၆၂၀၀၀ဝ ရှိသည့်အနက် ၃၀% မှာ `တိုင်´ လူမျိုးများ ဖြစ်ကြသည်။

ထိုဒေသတွင် နေထိုင်ကြသော `တိုင်´ လူမျိုးတို့သည် မိစ္ဆာကောင်ကို အောင်ပွဲခံသည့် အနေဖြင့် နှစ်စဉ် ရေပက်ကစား ကြသည်။ ပထမနေ့တွင် လှေပြိုင်ပွဲ နှင့် ဒုံးလွှတ်ပွဲကို ကျင်းပကြသည်။ `တိုင်´တို့က လှေပြိုင်ပွဲနှင့် ဒုံးလွှတ်ပွဲကို နံနက်အချိန်တွင် ကျင်းပကြ၏။ တိုင်တို့ ဒုံးလွတ်ပွဲ ကျင်းပရာတွင် အမြင့်ဆုံးနှင့် အဝေးဆုံးပစ်လွှတ်သည့် ဒုံးကို အဓိက ထားလေသည်။ ယခုအချိန်ထိ ဒုံးကို အမြင့်ဆုံး ပစ်လွှတ်နိုင်သူ အနည်းငယ်သာ ရှိသေးသည်ဟု မှတ်သားရပေသည်။ တရုတ်နယ်ခြားအလွန် လင်းဇင်းမြစ်ဝှမ်း တစ်လျှောက်တွင် နေထိုင်ကြသည့် `တိုင်´လူမျိုးတို့သည် ဒုံးလွှတ်ပွဲကို နှစ်စဉ် ကျင်းပကြကြောင်း သိရလေသည်။ ယိုးဒယားနိုင်ငံတွင်လည်း ယိုးဒယားရှမ်းတို့သည် ဒုံးလွှတ်သည့်အလေ့ရှိခဲ့ကြသည်။

ရှမ်းပြည်နယ်တွင် ဒုံးလွှတ်သည့် ဓလေ့ကို မည်သည့်ခုနှစ် သက္ကရာဇ်က စတင်ခဲ့သည်ဟု မှတ်တမ်းများ မတွေ့ရှိရပေ။ ယမ်းစိမ်းကို အသုံးပြုတတ် လာသည့် အချိန်လောက်က စတင်ခဲ့သည်ဟု ခန့်မှန်းရပေသည်။ သက်ကြီးရွယ်အိုများ မှတစ်ဆင့် မှတ်သားရသည်မှာ ဒုံးလွတ်သည့်ဓလေ့ စတင်ခဲ့သော အချိန်သည် နှစ်ပေါင်း (၃၀၀)ခန့် ကြာခဲ့ပြီဟု ဆို၏။ ဒုံးလွှတ်သည့် ဓလေ့ စတင်ခဲ့စဉ်က အဝေးသွားအောင် ပြုလုပ်နိုင်ခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်၏။

ပဒေသရာဇ် အုပ်စိုးစဉ်က မိုင်းကိုင်စော်ဘွားသည် ယမ်းပိဿာချိန် (၆၀)ရှိသည့် ဒုံးကို ပြုလုပ်ပြီး တောင်ကြီးမြို့တွင် လာလွှတ်ရန် ပြင်ဆင်သည်ဟု ဆို၏။ တောင်ကြီးမြို့သို့ ရောက်သောအခါ တောင်ကြီးမြို့တွင် အုပ်ချုပ်နေသည့် အင်္ဂလိပ်မင်းကြီးက “လွှတ်တာတော့ ဟုတ်ပြီ၊ ဘယ်မှာလွှတ်မှာလဲ၊ လွှတ်ဖို့နေရာ ရှိသလား´´ ဟု မေးရာ မိုင်းကိုင်စော်ဘွားက မည်သည့်ဘက်ကို ဦးတည်ရမှန်းမသိ ဖြစ်နေ၏။ အရမ်းလွှတ်လျှင် ရွာရှိရာနေရာကို ကျပါက မီးဘေးကို စိုးရိမ်ရ၍ ယမ်းပိဿာ (၆၀)ရှိသည့် ဒုံးကို မိုင်းကိုင်သို့ ပြန်ယူကာ ပြန်လွှတ်ရသည် ဟူ၏။

`ဒုံး´ ကို ရှမ်းတို့က `လုဖိုင်´ ဟုခေါ်၏။ `လု´မှာ ရှမ်းဘာသာ စကားဖြစ်ပြီး `အလုံး´ဟု အဓိပ္ပါယ်ရသည်။ `ဖိုင်´မှာ `မီး´ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် `လုဖိုင်´မှာ မြန်မာလို (မီးလုံး)ဟု ဆိုနိုင်ပေသည်။ `ပွယ်လုဖိုင်´သည် မီးလုံးပွဲဟု ဆိုနိုင်သည်။ ဒုံးကို ပအို်ဝ်းတို့ကလည်း `လုဖိုင်´ဟုပင် ခေါ်၏။ ရှမ်းပြည်နယ်တွင် နေထိုင်ကြသည့် အခြားလူမျိုး များကမူ ဒုံးကို `မီးရှူး´ဟု လည်းကောင်း၊ `မီးကျည်´ဟု လည်းကောင်း ခေါ်ကြသည်။ ဒုံးလွှတ်ပွဲကိုလည်း `မီးရှူးပွဲ´၊ `မီးပွဲ´ဟု ခေါ်ကြသည်။

ပျံ့နှံ့ပုံ

ဒုံးလွှတ်သည့် ဓလေ့သည် ပင်လောင်းမြို့နယ်တွင် ရေပန်းအစားဆုံး ဖြစ်၏။ ပင်လောင်း မြို့နယ်တွင် ဒုံးအကြီးများကို ပြုလုပ်ကြ၏။ တောင်ကြီးမြို့နယ်တွင် ဒုံးအလတ်စား လောက်ကိုသာ ပြုလုပ်ကြသည်။ ပင်လောင်းမြို့နယ်တွင် နေထိုင်ကြသည့် ပအိုဝ်းတိုင်းရင်းသား တို့သည် လွန်ခဲ့သည့် နှစ်(၅၀)ခန့်က `ပန်တုံ´ခေါ် ဒုံးကို စတင်ခဲ့ ကြသေး၏။ ထိုဒုံးကို ငြမ်းစင်ပေါ်တင်ပြီး လွှတ်ပါက ဦးတည်ထားသည့် နေရာသို့ မသွားဘဲ သွားချင်သည့် နေရာကိုသွား၏။ သွားချင်သည့် နေရာကိုသွားသဖြင့် ထိုဒုံးကို ပအိုဝ်းတိုင်းရင်းသား တို့က ”မေႏပန်တုံ” (ဒုံးပန်တုံ) ဟုခေါ်ကြ၏။ ဤဒုံးကိုရှို့လွှတ်ပါက ယခုခေတ် အာကာသသို့ ပစ်လွှတ်သည့် ဒုံးပျံများနှင့်ဆင်၏။ ယမ်းအားပေါ်တွင် မူတည်၍ သွား၏။ ထို့ကြောင့် ပအိုဝ်း တိုင်းရင်းသားတို့က ”ဒုံးပျံကို လွန်ခဲ့တဲ့နှစ်(၅၀) ကတည်းက လုပ်ခဲ့တာ” ဟုဂုဏ်ယူ၍ ပြောစမှတ်ပြုကြသည်။

ဒုံးလွှတ်သည့် ဓလေ့သည် ရှမ်းပြည်နယ် တောင်ပိုင်းတွင် နေထိုင်ကြသည့် ပအိုဝ်းတိုင်းရင်းသားများ မှတစ်ဆင့် အောက်မြန်မာပြည်တွင် နေထိုင်ကြသည့် ပအိုဝ်းတိုင်းရင်းသား များဆီသို့ ပျုံနှံ့သွားကြောင်းဖြင့် မှတ်သားရသည်။

ရှေးက ဒုံးလွှတ်ပွဲကို ရှင်ပြုပွဲများ ပြီးဆုံးသောအခါ ရှင်ပြုပွဲ ပြီးဆုံးခြင်း၏ အထိမ်း အမှတ်အဖြစ် လည်းကောင်း၊ ရာသီဥတု ကောင်းမွန်သာယာရေး၊ တောင်ယာထွက်သီးနှံများ အောင်မြင်ရေး ၊ပိုးမွှားဖျက်ဆီးမှု ကင်းဝေးစေရေး၊ စီးပွားရေးဖွံ့ဖြိုးရေး၊ နှစ်သစ်ကူးပွဲတွင် မိမိတို့ဒါန အောင်မြင်မှု အထိမ်းအမှတ်အဖြစ်ဖြင့် မြတ်စွာဘုရားကို ပူဇော်ဆုတောင်းသည့် ပွဲအဖြစ် ကျင်းပခဲ့ကြသည်။ ယနေ့တိုင်ပင် ကျင်းပဆဲဖြစ်၏။ ဒုံးလွှတ်ပွဲသည် စည်ကားပြီး အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသဖြင့် ဤပွဲတွင် တစ်နယ်တစ်ရွာစီ ကွာဝေးသော ဆွေမျိုး မိတ်သင်္ဂဟများကိုလည်း ပြန်လည်ဆုံတွေ့ ကြရလေသည်။

ဒုံးလွှတ်ပွဲကို နှစ်စဉ်ကျင်းပ ပြုလုပ်ကြ၏။ ရှမ်းပြည်နယ် ပအိုဝ်းတိုင်းရင်းသား တို့သည် ဒုံးလွှတ်ပွဲကို နေရာအနှံ့အပြားတွင် ကျင်းပကြ၏။ ဒုံးလွှတ်ပွဲကို နှစ်စဉ် နှစ်သစ်ကူးချိန် ကဆုန်၊ နယုန်လများတွင် ကျင်းပကြသည်။ ဝါဆိုလပြည့်ကျော်လှျင် ဒုံးလွှတ်ပွဲများ ကုန်လေသည်။ သို့သော် ယခုအခါတွင် တော်သလင်းလ အထိ ကျင်းပနေကြသည်ကို တွေ့ကြရသည်။ တောင်ခရိုင် ဇရပ်ကြီးမြို့တွင် နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားတို့သည် သင်္ကြန်အခါတွင် ကျင်းပလေ့ရှိကြသည်။ ဒုံးလွှတ်ပွဲကို စေတီပုထိုးအနီးတွင် ကျင်းပကြပြီး ရဟန်းသံဃာ များကိုလည်း ပင့်ဖိတ်ကာ ဆွမ်းကပ်ကြသည်။ လှူဖွယ်ဝတ္ထုများ လှူဒါန်းပြီး တရားတော်ကို နာယူကြသည်။ လူထုပရိတ်သတ်ကိုမူ ထမင်းထုပ်ကမ်းခြင်း၊ယာဂုထုပ် ကမ်းခြင်းဖြင့် ‘ဧည့်ခံ´ကြလေသည်။

ရှေးက ပအိုဝ်းတိုင်းရင်းသားတို့သည် ဒုံးကို ဝါးကျည်ထောက်များဖြင့်ပြုလုပ်ကြ၏။ နောင်တွင် သွပ်ပြားဖြင့် ပြုလုပ်လာကြ၏။ ယခုအခါမော်တော်ကား”ဂွိုင်း” သံပိုက်များဖြင့် ပြုလုပ်ကြသည်၊ ဒုံးလွှတ်ပြီးပါက သံပိုက်ကိုပြန်သိမ်းထားကြသည်။ အချို့ကလည်းဒုံးပြုလုပ် သည့်ဒုံးဆရာ၏ အိမ်တွင် ထားကြ၏။

ဒုံး၏ ယမ်းရောစပ်ပုံ အဆင့်ဆင့်ကို တင်ပြသွားပါမည် .. ။

ဒုံးကို မည့်သည့်ယမ်းမျိုးဖြင့်မဆို ပြုလုပ်နိုင်၏။ ဒုံးပြုလုပ်ရန်အတွက် ယမ်းကို ဖါစောင်း (လွိုင်ကော်)၊ ရွာငံမှာအများဆုံး ဝယ်ယူရရှိလေသည်။ ဒုံးပြုလုပ်ရန်အတွက် ယမ်းစိမ်းကို မီးသွေးဖြင့် ရောထောင်းရသည်။ မီးသွေးမှာ သရက်ပင်၊ ရေမဲပင်၊ ဇီးပင်၊ သစ်နီတို့ကို မီးရှို့၍ရသော မီးသွေးတို့ဖြင့်သာ ရော၍ရသည်။ သရက်သားမီးသွေးဖြင့် ယမ်းကို ထောင်းပြီးမီးရှို့ပါက အခိုးမဲ၏။ ယမ်းစိမ်းနှစ်ဆ၊ မီးသွေးတစ်စရောပါက ယမ်းနှစ်လေးဟု လည်းကောင်း၊ ယမ်းစိမ်းလေးစကိုမီးသွေးမှုန့် တစ်စရောပါက၊ ယမ်းလေးလေးဟု လည်းကောင်း ခေါ်ကြသည်။ ယမ်းစိမ်းကိုးဆကို မီးသွေးမှုန့်တစ်စအထိ ရောစပ်ကြသည်။ ယမ်းစပ်သည်ကို ယမ်းဖြတ်သည်ဟု ခေါ်သည်။ ယမ်းဖြတ်(ယမ်းစပ်) မတတ်ပါက ဒုံးအကြီးသည် ဒုံးအသေးလောက်ပင် မသွားချေ။ ယမ်းစပ်ပုံ တူသော်လည်း လုပ်နည်းလုပ်ဟန် ကွာပါက ဒုံးအကြီးသည် ဒုံးအသေးလောက် မသွားချေ။

ဒုံးလုပ်ပုံအဆင့်ဆင့်ကို အောက်ပါ အချက်များကို ဖတ်ရှုခြင်းဖြင့် သိရှိနိုင်မှာဖြစ်ပါတယ်။

ဒုံးပြုလုပ်မည့် သံပြောင်းငယ်၏ ထိပ်ကို ပိတ်ထားရ၏။ ထိုထိပ်ပိတ်ကို ပအိုဝ်းတိုင်းရင်းသား တို့က ”ကတူ”ဟုခေါ်ကြ၏။ ထိပ်တွင် ရွှံ့ကောင်းကောင်းကိုနယ်ပြီး ထည့်လေ့ရှိ၏။ ဤသို့ပြုလုပ်ပြီးပါက မီးသွေးမှုန့် ရောစပ်ထားသော ယမ်းကို ဒုံးပြုလုပ်မည့် သံပြောင်းထဲသို့ ရိုက်သွင်းနိုင်ပြီဖြစ်သည်။ ယမ်းကို ရိုက်သွင်းရာတွင် ယမ်းကို ရေအနည်းငယ်ရော၍ ရိုက်သွင်းရ၏။ ရေမထည့်ပါက မီးလောင်တတ်လေသည်။

[1]

ကိုးကား

  1. မော်ကွန်းတင်ပြီးမိတ္တူ 8 February 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 December 2010 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.