နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန

အမျိုးသားစီးပွားရည်မှန်းချက်များနှင့်အညီ ပြည်ပနိုင်ငံ အဖွဲ့အစည်းများနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ရန် ရည်ရွယ်၍ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန လက်အောက်တွင် ဖွဲ့စည်းထားရှိသည်။သမ္မတ ဦးထင်​ကျော်လက်ထက်တွင် စီမံကိန်းနှင့် ဘဏ္ဍာ​ရေး ဝန်ကြီးဌာန လက်​အောက်တွင် ဖွဲ့စည်းခဲ့သည်။၂၀၁၈ခုနှစ် နိုဝင်ဘာလ ၁၉ရက်​နေ့ သမ္မတ ဦးဝင်းမြင့် လက်ထက်တွင် ဤဦးစီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာနတို့ကို ခွဲထုတ်ကာ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အဖြစ် ဖွဲ့စည်းခဲ့သည်။

ရည်ရွယ်ချက်များ

  • ပြည်ပစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်၊
  • မဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ညှိနှိုင်းရန်နှင့် အတူတကွပူးပေါင်းဆောင်ရွက်ရန်၊
  • ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှု စီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရန်၊
  • မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌဖြစ်မည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ စီးပွားရေးဝန်ကြီး၏ အတွင်းရေးမှူးရုံးတာဝန်များ ဆောင်ရွက်ရန်၊
  • ၂၀၁၅ ခုနှစ်တွင် အာဆီယံစီးပွားရေးအသိုက်အဝန်း အောင်မြင်ရန်။

[1]

လုပ်ငန်းတာဝန်များ

နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရမှ ချမှတ်ထားသော မူဝါဒများနှင့် လမ်းညွှန်ချက်များနှင့်အညီ ဖွံ့ဖြိုးမှုလုပ်ငန်းစီမံကိန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သောချေးငွေ၊ အကူအညီနှင့် ပညာတော်သင် သင်တန်းများ စေလွှတ်ခြင်း အပါအဝင်၊ ကျွမ်းကျင်မှုအကူအညီများ ရရှိရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံ အချင်းချင်း ပူးပေါင်း ဆောင်ရွက်သည့် အဖွဲ့အစည်းများ၊ နိုင်ငံအများနှင့် ပူးပေါင်း ဆောင်ရွက်သည့် အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆက်သွယ်ရာ ဗဟိုဌာန (Focal point) အဖြစ် ဆောင်ရွက်သည်။

ဖွဲ့စည်းပုံ

နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဦးစီးဌာနတွင် လက်ရှိ ဝန်ထမ်းအင်အား(၇၁)ယောက် ရှိပြီး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး(၂)ဦး၊ ဒုတိယ ညွှန်ကြား ရေးမှူး(၃)ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး (၁၁)ဦး၊ ဦးစီးအရာရှိ (၂၀)ဦး နှင့် အမှုထမ်း ဝန်ထမ်း (၃၃)ဦး တာဝန်ထမ်းဆောင်လျက်ရှိသည်။

နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာနတွင် စီးပွားရေးနှင့် ကျွမ်းကျင်မှု နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ လုပ်ငန်းတာဝန်များကို စီမံခန့်ခွဲနိုင်ရေးအတွက် အောက်ဖော်ပြပါ ဌာနခွဲ(၅)ခုမှ တာဝန်ယူ ဆောင်ရွက်သည်။[2]

  • နိုင်ငံအချင်းချင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဌာနခွဲ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်သည့် နိုင်ငံများ၊ အဖွဲ့အစည်းများအကြား စီးပွားရေးနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များနှင့် စပ်လျဉ်း၍ တာဝန်ယူ ဆောင်ရွက်ခြင်း၊

  • အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံနှင့် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ၊ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် နှင့် အိုပက် ရန်ပုံငွေအဖွဲ့ ကဲ့သို့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများအကြား စီးပွားရေးနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်များကို ညှိနှိုင်းဆောင်ရွက်ရာတွင် တာဝန်ယူ ဆောင်ရွက်‌ပေးခြင်း၊

  • ကုလသမဂ္ဂဌာနခွဲ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများအကြား စီးပွားရေးနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်များကို ညှိနှိုင်းဆောင်ရွက်ရာတွင် တာဝန်ယူ ဆောင်ရွက်‌ပေးခြင်း၊

  • ဥပဒေရေးရာဌာနခွဲ

ပြည်ပနိုင်ငံ၊ အဖွဲ့အစည်းနှင့် ချုပ်ဆိုမည့် သဘောတူစာချုပ်များအပေါ် ဥပဒေဆိုင်ရာ အကြံဉာဏ် သဘောထားများကို နိုင်ငံတော်မှ ချမှတ်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စိစစ်ပေးခြင်း၊

  • အာဆီယံဌာနခွဲ

အာဆီယံ စီးပွားရေးအသိုက်အဝန်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးနှင့် လွယ်ကူချောမွေ့စေရေး လုပ်ငန်းစဉ်တွင် အာဆီယံစီးပွားရေးဝန်ကြီးအတွက် ရုံးလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်၊

အကိုးအကား

  1. ရည်ရွယ်ချက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန။ ၂၀၁၄-၁၀-၃၀ တွင် ပြန်စစ်ပြီး။
  2. ဌာနဖွဲ့စည်းမှု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၃၀ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.