အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်
အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (The Asian Development Bank, ADB) သည် အာရှနိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေရန် ရည်မှန်းချက်ဖြင့် ၁၉၆၆ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့တွင် ထူထောင်ခဲ့သည့် ဒေသတွင်း ဖွံ့ဖြိုးရေးဘဏ်ဖြစ်သည်။ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်သည် ယခင်အီးကဖီးခေါ် အာရှနှင့် အရှေ့ဖျားဒေသဆိုင်ရာ စီးပွားရေးကော်မရှင် (ယခု အက်စကက် ခေါ် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးကော်မရှင်) ၏စီမံကိန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ၁၉၆၅ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပသော အာရှနှင့် အရှေ့ဖျားဒေသဆိုင်ရာ စီးပွားရေးကော်မရှင် အစည်းအဝေးက အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် ဖွင့်လှစ်ရန်ဆုံးဖြတ်ခဲ့သဖြင့် ယင်းနေ့မှာပင် ဘဏ်ဖွဲ့စည်းရေးစာချုပ်ကို ၂၁ နိုင်ငံက လက်မှတ်ရေးထိုးခဲ့ကြသည်။ ၁၉၆၆ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့တွင် သတ်မှတ်ထားသော နိုင်ငံအရေအတွက် ပြည့်စုံသဖြင့် ဘဏ်လုပ်ငန်း ကို စတင် အကောင်အထည်ဖော်ခဲ့ကြသည်။
ADB logo | |
ဆောင်ပုဒ် | အာရှ ပိစိဖိတ်ဒေသတွင်း ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး |
---|---|
ဖွဲ့စည်းခြင်း | ၂၂ ဩဂုတ် ၁၉၆၆ |
အမျိုးအစား | ဒေသဆိုင်ရာ အဖွဲ့အစည်း |
ဦးတည်ချက် | Crediting |
ဌာနချုပ် | မနီလာမြို့၊ ဖိလစ်ပိုင်နိုင်ငံ |
ဝန်ဆောင်မှုဒေသ | အာရှ-ပစိဖိတ် |
အဖွဲ့ဝင်များ | ၆၇ နိုင်ငံ |
ဥက္ကဋ္ဌ | တကီဟီရို နာကာအို |
အဓိကအဖွဲ့အစည်း | Board of Directors[1] |
ဝန်ထမ်း | ၃,၀၅၁+[2] |
ဝက်ဘ်ဆိုဒ် | adb.org |
အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် တည်ထောင်ခြင်း၏ ရည်ရွယ်ချက်မှာအာရှနှင့် အရှေ့ဖျားဒေသရှိ နိုင်ငံများ၏ စီးပွားရေး တိုးတက်ဖွံ့ဖြိုးရန်နှင့် ပူးပေါင်း ဆောင်ရွက်ရန်အတွက် ရင်းနှီးမြှပ်နှံခြင်း၊ ငွေကြေးအကူအညီပေးခြင်း၊ ငွေချေးငှားငြင်း၊ ကျွမ်းကျင်မှုအကူအညီပေးခြင်းနှင့် အခြားအကူအညီပေးခြင်း အမျိုးမျိုးတို့ကို ဆောင်ရွက်ရန် ဖြစ်သည်။ စီးပွားတိုးတက်ဖွံ့ဖြိုးရေး အစီအစဉ်များကို အထိရောက်ဆုံး ဆောင်ရွက်ရေးသည် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ အဓိကဦးစားပေး လုပ်ငန်းဖြစ်သည်။
အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ အဓိက စည်းကမ်းချက်များမှာ အီးကဖီး (အက်စက်) အဖွဲ့ဝင်နိုင်ငံအားလုံး နှင့် ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်သော အာရှနှင့် ပစိဖိတ်ဒေသရှိ အခြားနိုင်ငံများလည်း အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ခွင့်ရှိသည်။ ငွေချေးငှား လိုသော အစိုးရအဖွဲ့အစည်းသို့မဟုတ် ပုပ္ပလိကလုပ်ငန်းများသည် ဘဏ်မှချေးငွေများကို တိုက်ရိုက်ဖြစ်စေ၊ အာမခံစာချုပ်များဖြင့် အရင်းအနှီးများ ထည့်ဝင်၍ဖြစ်စေ၊ စီးပွားရေး ဖွံ့ဖြိုးရေးအတွက် အခြားစာချုပ်များဖြင့် ဖြစ်စေ အကူအညီရရှိနိုင်သည်။ ဘဏ်ချေးငွေများ၏ အတိုးနှုန်းမှာ ကော်မရှင်ငွေ အပါအဝင် တစ်နှစ်လျှင် ငါးရာခိုင်နှုန်းမှ ခြောက်ရာခိုင်နှုန်း အထိဖြစ်သည်။ နှစ်ရှည်ချေးငွေ၊ အထူးချေးငွေနှင့် အတိုးနှုန်းနည်းသော ချေးငွေများဟူ၍ ကန့်သတ်ထားသည်။ ငွေချေးငှားသော နိုင်ငံများသည် ဘဏ်မှ ချေးငွေဖြင့် အဖွဲ့ဝင်နိုင်ငံများထံမှသာ ကုန်ပစ္စည်းများ ဝယ်ယူရမည် စသည်တို့ ဖြစ်သည်။
ဘဏ်အုပ်ချုပ်ရေး လုပ်ငန်းများအတွက် အဖွဲ့ဝင်နိုင်ငံတိုင်းမှ ကိုယ်စားလှယ်တစ်ဦး ပါဝင်သည့်အုပ် ချုပ်ရေးမှူး ဘုတ်အဖွဲ့ကို ဖွဲ့စည်းထားသည်။ အုပ်ချုပ်ရေးမှူးဘုတ်အဖွဲ့က ဥက္ကဋ္ဌတစ်ဦးနှင့် အဖွဲ့ဝင် ၁ဝ ဦး ပါဝင်သော ညွှန်ကြားရေးမှူးများအဖွဲ့ကို ရွေးချယ်ရသည်။ ဥက္ကဋ္ဌ၏ သက်တမ်းသည် ငါးနှစ်ဖြစ်သည်။ အဖွဲ့ဝင် ညွှန်ကြားရေးမှူး ၁ဝ ဦးကို အာရှနှင့်ပစိဖိတ်ဒေသအတွင်းရှိ အဖွဲ့ဝင်နိုင်ငံ ခုနှစ် နိုင်ငံနှင့် ပြင်ပဒေသရှိ အဖွဲ့ဝင်နိုင်ငံသုံးနိုင်ငံတို့မှ တစ်ဦးကျစီ ရွေးချယ်ခြင်း ဖြစ်သည်။ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ လုပ်ငန်းတည်နေရာသည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ဖြစ်သည်။[3]
အဖွဲ့ဝင်နိုင်ငံများ
အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်တွင် အာရှနှင့် ပစိဖိတ်ဒေသနိုင်ငံများနှင့် အာရှနှင့်ပစိဖိတ်ဒေသပြင်ပမှ နိုင်ငံများပါဝင်ကြပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၆၇ နိုင်ငံ ရှိသည်။ အာရှနှင့် ပစိဖိတ်ဒေသ အဖွဲ့ဝင်နိုင်ငံ ၄၈ နိုင်ငံ နှင့် ပြင်ပနိုင်ငံ ၁၉ နိုင်ငံ တို့ ဖြစ်သည်။
ကိုးကား
- http://www.adb.org/About/management.asp
- December 2012 Management and Staff Representation
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)