မနီလာမြို့

မနီလာမြို့သည် ဖိလစ်ပိုင်နိုင်ငံသမ္မတနိုင်ငံ၏ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်၍ တစ်ခါက မြို့တော် ဖြစ်ခဲ့သည်။ မနီလာမက်ထရိုတွင် ပါဝင်သော မြို့ ၁၆ မြို့တွင် တစ်မြို့ အပါအဝင်ဖြစ်သည်။

မနီလာမြို့သည် မနီလာပင်လယ်အော်၏ အရှေ့ဘက် ကမ်းခြေတွင် တည်ရှိပြီး မြောက်ဘက်တွင် နာဗိုတာ့စ်မြို့နှင့် ကာလူးကန်မြို့၊ အရှေ့မြောက်ဘက်တွင် ကွီဇုန်စီးတီး၊ အရှေ့ဘက်တွင် ဆန်ဂျွန် နှင့်မဒါလူယောင်းမြို့၊ အရှေ့တောင်ဘက်တွင် မာကာတီမြို့ နှင့် တောင်ဘက်တွင် ပါဆေးမြို့တို့ ရှိကြသည်။

ဖိလစ်ပိုင်ကျွန်းစု လူဇုန်ကျွန်း၏ အနောက်ဘက်ကမ်း၊ မနီလာပင်လယ်အော်၏ အရှေ့ဘက်အစွန်း ပါဆစ်မြစ်ဝတွင် တည်ရှိသည်။ လခြမ်းသဏ္ဌာန် တောင်စဉ်တစ်ခုသည် မြို့တစ်ဝက်ကို ဝန်းရံထားသည်။ ပါဆစ် မြစ်သည် အရှေ့မှ အနောက်သို့စီးဆင်းလာရာ မနီလာမြို့ကို ဖြတ်သန်းပြီးလျှင် မနီလာပင်လယ်အော်တွင်းသို့စီးဝင်လေသည်။ ဤသို့ပါဆစ်မြစ်က ဖြတ်သန်းသွားသောကြောင့် မြို့သည် မြစ်၏ တစ်ဘက်တစ်ချက်တွင် တည်ရှိ၏။ ပါဆစ်မြစ်ပေါ်တွင် ဆောက်လုပ်ထားသော တံတား ၆ ခုသည် နှစ်ပိုင်း ကွဲနေသောမြို့ကိုဆက်စပ်ပေး၏။ မြို့၏ အကျယ်အဝန်းမှာ ၁၄ စတုရန်းမိုင်ရှိ၏။ မြို့ဟောင်းနေရာသည် မြစ်၏ တောင်ဘက်ကမ်းတွင်ဖြစ်၏။ မြို့ကို ရှေးနှစ်ပေါင်း ၄ဝဝ ခန့်က တည်ခဲ့ရာ ရှေးမြို့ရိုး၏ အစိတ်အပိုင်း အချို့ယခုတိုင် ရှိသေး၏။

မြို့ဟောင်းနေရာကို အင်တရာမျူးရွတ်ဟု ခေါ်လျက် ယင်းအရပ်တွင် ရှေးစပိန်လူမျိုးတို့ ကြီးစိုးစဉ်ခေတ်ကို အမှတ်ရစေသော စပိန် လက်ရာ ဘုန်းကြီးကျောင်း၊ ဘုရားရှိခိုးကျောင်းများကို တွေ့ရပေသည်။ ရှေးကမြို့ရိုးကို ပတ်ရံထားသော ကျုံးကို ယခုအခါ ပန်းခြံနှင့် ဂေါက်သီးက စားကွင်းအဖြစ် ပြုပြင်စီမံထား၏။ စီးပွားကုန်သွယ်ရေး ရပ်ကွက်သည် မြစ်၏ မြောက်ပိုင်းတွင် ဖြစ်သည်။ ကြွယ်ဝသော ကုန်သည်ပွဲစားများ၏ နေအိမ်များသည် ဒျူဝီရိပ်သာ တစ်လျှောက်တွင် လည်းကောင်း၊ ဆင်ခြေဖုံး ရပ်ကွက်ဖြစ်သည့် ကေဆွန်းစီတီတွင် လည်းကောင်း တည်ရှိ၏။ အခြားဆင်ခြေဖုံး ရပ်ကွက်ဖြစ်သည့် တွန်ဒိုတစ်လျှောက်တွင်မူ ဓနိမိုး ဝါးအိမ်များရှိ၍ တိုင်းရင်းသားများ နေထိုင်ကြသည်။ ရှေးအခါက ထင်ရှားသော ဂျက်ဇူးအစ် မျှော်စင်သည် စစ်အတွင်းက ပျက်စီးသွား၏။

စစ်ပြီးခေတ်တွင် ဖိလစ်ပိုင် တက္ကသိုလ်ကို ကေဆွန်းစီတီသို့ပြောင်းရွှေ့သွား၏။ မနီလာမြို့တွင် ထင်ရှားသော လူနီတာ ပန်းခြံသည် အင်တရာမျူးရွတ်၏ အပြင်ဘက်တွင်ရှိ၏။ နွေရာသီစခန်းမြို့ဖြစ်သော ဗားဂျိုမြို့သို့ခေတ်မီလမ်းမကြီးဖြင့် ဆက်သွယ်ထားသည်။ မနီလာမြို့ကို လှပသောကြောင့် လည်းကောင်း၊ အရေးပါသောကြောင့် လည်းကောင်း အရှေ့တိုင်း၏ ပုလဲရတနာ ဟူ၍ ခေါ်ဝေါ်သမုတ်၏။

မနီလာမြို့ရှိ ဆိပ်ကမ်းသည် အထူးတလည် ကောင်းမွန်ပေသည်။ သို့ဖြစ်ရကား ကမ္ဘာအရပ်ရပ်မှ ပင်လယ်ကူးသင်္ဘောကြီးများ ဆိုက်ကပ်ရပ်နားရာ ဆိပ်ကမ်းဖြစ်၏။ ပစိဖိတ်သမုဒ္ဒရာ တစ်ကြော ကုန်သွယ်မှုတွင် အချက်အချာ ဒေသတစ်ခု ဖြစ်၏။ မနီလာမြို့တွင် အဗကခေါ် မနီလာလျှော် အကြီးအကျယ် အရောင်းအဝယ် ပြု၏။


ယင်းလျှော် ထက်ဝက်ကျော်ကျော်ကို ကြိုးကျစ်ရန် အလို့ငှာ အမေရိကန်ပြည်ထောင်စုသို့ပို့ရ၏။ မနီလာလျှော်အပြင် သကြားအုန်းသီးဆံခြောက်အုန်းဆီဆေးပြင်းလိပ်များ ရောင်းဝယ်ရာတွင် အရေးပါသော ဒေသဖြစ်၏။ ဖိနပ်ဆပ်ပြာကြိမ်ပရိဘောဂ၊ ဖျာလျှော်၊ စည်သွတ်အစား အစာ၊ ပန်းထိုးထည်များ ပြုလုပ်စီမံသော အလုပ်ရုံ စက်ရုံများလည်း ရှိသည်။ ရေကြောင်းတွင် သင်္ဘောကြီးငယ် ဆိုက်ကပ်ရပ်နားနိုင်သည့် ဆိပ်ကမ်းရှိရုံမက ကုန်းကြောင်းတွင် မီးရထားလမ်းကားလမ်း အဆက်အသွယ်ရှိ၍ လေကြောင်း ကူးသန်းသွားလာရာတွင်လည်း အရေးပါသော ဗဟိုဌာနတစ်ခု ဖြစ်သည်။

မနီလာမြို့တွင်း နေထိုင်သူတို့မှာ များသောအားဖြင့် စပိန်လူမျိုးဆန်သော ဥရောပတိုက်သားများ၊ တရုတ်၊ ဂျပန်၊ အမေရိကန်နှင့် တိုင်းရင်း ဖိလီပီနိုများဖြစ်၏။ မနီလာမြို့၏ လူဦးရေမှာ ၁၇၉ဝ၈၅၄ ယောက်ခန့်ဖြစ်၏။

မနီလာမြို့ကို ခရစ် ၁၅၇၁ ခုနှစ်က စပိန်လူမျိုး မီဂဲလိုပေ့ သေလေဂတ်စပီ တည်ထောင်ခဲ့သည်။ လက်ဦးပိုင်းတွင် စပိန်လူမျိုးတို့အခြေစိုက် နေထိုင်လျက် စပိန်လက်အောက်ခံဖြစ်ခဲ့၍ ကုန်သွယ်မှု အချက်အချာ ဌာန ဖြစ်ခဲ့လေသည်။ ခရစ် ၁၇၆၂ ခုနှစ် အောက်တိုဘာလမှ ၁၇၆၃ ခုနှစ် ဖေဖော်ဝါရီလအထိ ဗြိတိသျှတို့က တိုက်ခိုက် သိမ်းပိုက်ထားခဲ့၏။ ၁၈၆၃ ခုနှစ် မြေငလျင်လှုပ်စဉ်က မနီလာမြို့သည် အကြီးကျယ် ပျက်စီးခဲ့သည်။ ခရစ် ၁၈၉၈ ခုနှစ်၌ စပိန်နှင့် အမေရိကန် စစ်ဖြစ်ပွားသည်တွင် အမေရိကန်တို့က မနီလာကို သိမ်းပိုက်ပြီးနောက် မြို့ကို တိုးတက်အောင် ပြုပြင်ခဲ့လေသည်။

ဒုတိယ ကမ္ဘာစစ် အတွင်းက ၃ နှစ်ကျော်မျှ ဂျပန်တို့လက်အောက်သို့ရောက်ရှိနေခဲ့၏။ ဂျပန်တို့သည် ၁၉၄၂ ခုနှစ် ဇန်နဝါရီလက မြို့ကိုစီး၍ ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်တို့က ပြန်လည် သိမ်းပိုက်ခဲ့သည်။ မနီလာမြို့ကို ပြန်လည် တိုက်ခိုက် သိမ်းပိုက်ရာတွင် ရက်သတ္တ ၃ ပတ်မျှ ကြာ၏။ ဂျပန်တို့သည် ဆုတ်ခွာသွားသောအခါ တိုက်တာ အဆောက်အအုံကြီးများကို မီးရှို့ဖျက်ဆီးသဖြင့် မနီလာမြို့သည် မရှုမလှ ပျက်စီးလေသည်။ ဖိလစ်ပိုင်အစိုးရသည် မနီလာမြို့ကို အတော်ပြန်လည် ထူထောင်ယူရလေသည်။

မနီလာမြို့သည် ခရစ် ၁၉၄၈ ခုနှစ်တိုင်အောင် ဖိလစ်ပိုင် နိုင်ငံ၏ မြို့တော်ဖြစ်ခဲ့၏။ ၁၉၄၈ ခုနှစ်တွင်မူ ဖိလစ်ပိုင်သည် လွတ်လပ်သော သမ္မတနိုင်ငံ ဖြစ်လာသောအခါ မနီလာ၏ အရှေ့မြောက်ဘက် ဆင်ခြေဖုံးအရပ်တွင် ရှိ၍ ၁ဝ မိုင်ကွာဝေးသော ကေဆွန်းစီတီသို့မြို့တော် ရွှေ့ပြောင်းလိုက်သည်။ ယင်းမြို့တော်သစ်မှာ ဖိလစ်ပိုင် ဓနသဟာယနိုင်ငံ၏ ပထမဆုံးသမ္မတဖြစ်သော လူးဝစ်မန်းနွယ်ကေဆွန်းကို ဂုဏ်ပြုမှည့်ခေါ်ထားသော အမည်ဖြစ်၏။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.