ဘန်ဒါဆရီဘဂါဝမ်မြို့
ဘန်ဒါဆရီ ဘဂါဝမ်မြို့သည် ဘရူနိုင်းနိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ ၂၀၁၀ ခုနှစ် ခန့်မှန်းခြေ အရ လူဦးရေ ၁၄၀,၀၀၀ ခန့်မျှ ရှိသည်။ မြို့ပြဧရိယာ အတွင်း နေထိုင်သူ လူဦးရေ ၂၉၆,၅၀၀ ဦးခန့် ရှိသည်။
အမည်ရင်းမြစ်
ဘန်ဒါဆရီဘဂါဝမ်ဟူသောနာမည်သည် မလေးဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်ပြီး တိုက်ရိုက်ဘာသာပြန်ပါက ဆရီဘဂါဝမ်မြို့ ဖြစ်သည်။ အဓိပ္ပါယ်မှာ ဘုရားသခင်၏ ပတ်ဝန်းကျင်ဖြစ်သည်။ ထိုအမည်ကို ဘရူးနိုင်းဘုရင် အိုမာ အလီ ဆိုင်ဖူဒီရမ်း မှ ပေးခဲ့ခြင်းဖြစ်သည်။
ဘရူးနိုင်ငံသားများအနေဖြင့် ဘန်ဒါဟုသာ အတိုကောက်ခေါ်ဆိုကြသည်။
သမိုင်းကြောင်း
ဘရူနိုင်းနိုင်ငံတွင် လူသားများစတင် အခြေချနေထိုင်လာခဲ့သည်ကို ပြန်လည်ဆန်းစစ်ကြည့်လျှင် ၆ရာစု ၇ရာစုခန့် မလေးတို့၏ ကုန်သွယ်ရေးနှင့် ငါးဖမ်းဆိပ်ကမ်းအဖြစ် တည်ရှိနေထိုင်ခဲ့သည်ဟု မှတ်ယူကြသည်။[1] ယခု မြို့လယ်နေရာဖြစ်သော ဘရူနိုင်းမြစ်ကမ်းတစ်လျှောက်တွင်မူ ၈ရာစုခုန့်မှ စတင်အခြေချနေထိုင်ခဲ့သည်ကို တွေ့ရှိကြသည်။[2]
၁၅ရာစုနှင့် ၁၇ရာစုအတွင်းတွင် ဘရူနိုင်းအင်ပါယာသည် ဘော်နီယိုကျွန်းတစ်ခုလုံးနီးပါးနှင့် မနီလာမြို့ပါဝင်သော ဖိလစ်ပိုင်ကျွန်းစုတောင်ပိုင်းတို့ပါ ပါဝင်ခဲ့သည်။ ၁၈ရာစုတွင်မူ ဥရောပမှ ဗြိတိသျှနှင့် စပိန်တို့နယ်ချဲ့မှုကြောင့် ဘရူနိုင်းဘုရင်၏ အာဏာကျဆင်းခဲ့ရသည်။ ၁၈၈၈ခုနှစ်မှ ၁၉၈၄ခုနှစ် လွတ်လပ်ရေးမရခင်ကာလအထိ ဗြိတိသျှတို့ အုပ်ချုပ်ခဲ့သည်။
၁၉၀၆ခုနှစ်တွင် ဘန်ဒါဆရီဘဂါဝမ် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို ဗြိတိသျှအစိုးရက စတင်လုပ်ဆောင်ခဲ့ပြီး ပြည်သူများကို အနောက်ဘက်ကမ်းရိုးတမ်းရှိ ဖို့မြေများပေါ်တွင် နေရာချထားခဲ့သည်။ ၁၈၉၉ခုနှစ်တွင် ဘန်ဒါဆရီဘဂါဝန်မြို့အနီး၊ အေရာ ဘီခွန်ချီတွင် ပထမဆုံးရေနံစတင်တူးရန်ကြိုးစားခဲ့သည်။ သို့သော် ၂၅၉မီတာ (ပေ ၈၅၀)အထိ တူးခဲ့သောလည်း ရေနံမထွက်ရှိခဲ့ပေ။ ၁၉၂၄ ခုနှစ်တွင် ရေနံတူးဖော်ရေးကို ဆရီးယားနဲ့ ဘဲလ်အိတ်ပ်ခရိုင်များသို့ ပြောင်းရွေ့ခဲ့သည်။ ၁၉၀၉ ခုနှစ် ဘုရင် မိုဟာမက် ဂျက်မဲလ် အဲလဲန် ၂ လက်ထပ်တွင် ဗြိတိသျှတို့၏ ထောက်ခံမှုဖြင့် အနောက်ဘက်ကမ်းတွင် နန်းတော်အသစ် တည်ဆောက်ခဲ့သည်။ ၁၉၂၀ ပြည့်နှစ်တွင် အစိုးရအဆောက်အအုံများ၊ ဗလီများကို အနောက်ဘက်ကမ်းတွင် ထပ်မံဆောက်လုပ်ခဲ့သည်။ ထို့နှစ်တွင်ပင် ဘဒါဆရီဘဂါဝမ်မြို့ကို မြို့တော်အသစ်အဖြစ် ကြော်ငြာခဲ့သည်။