နိုင်ငံရေးပါတီများ(အခြေခံဥပဒေ)
အောက်ဖော်ပြပါ မှတ်စုဆောင်းပါးပါ အချက်အလက်များသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈) စာအုပ် စာမျက်နှာ (၁၆၃-၁၆၄)၊ အခန်း(၁၀)၊ နိုင်ငံရေးပါတီများ အခန်းပါ ဥပဒေ ပြဋ္ဌာန်းချက်များမှ အကြောင်းအရာပါအတိုင်း ထပ်ဆင့် ကူးယူတင်ပြထားခြင်း ဖြစ်ပါသည်။ ကွဲလွဲချက်ရှိလာပါက မူရင်း အခြေခံဥပဒေစာအုပ်နှင့် ညှိနှိုင်း တိုက်ဆိုင်ရန် ဖြစ်ပါသည်။
နိုင်ငံရေးပါတီများ



နိုင်ငံရေးပါတီများဖွဲ့စည်းခြင်း
- ၄၀၄။ နိုင်ငံရေးပါတီတစ်ရပ်သည် –
- (က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ဦးတည်ချက်ထားရှိရမည်၊
- (ခ) နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေရမည်။
- ၄၀၅။ နိုင်ငံရေးပါတီတစ်ရပ်သည် –
- (က) စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးရမည်၊
- ( ခ ) ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်၊
- ( ဂ ) နိုင်ငံရေးပါတီအဖြစ် ဥပဒေနှင့်အညီ ဖွဲ့စည်းမှတ်ပုံတင်ထားရမည်။
- ၄၀၆။ နိုင်ငံရေးပါတီတစ်ရပ်သည် နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ -
- (က) လွတ်လပ်စွာစည်းရုံးခွင့်ရှိသည်၊
- ( ခ ) ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။
နိုင်ငံရေးပါတီများ ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိခြင်း
- ၄၀၇။ နိုင်ငံရေးပါတီတစ်ရပ်ရပ်သည် အောက်ပါအကြောင်းတစ်ခုခုနှင့် ငြိစွန်းလျှင် ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိစေရ -
- (က) တည်ဆဲဥပဒေအရ မတရားအသင်းအဖြစ် ကြေညာခံရခြင်း၊
- ( ခ ) နိုင်ငံတော်အား လက်နက်စွဲကိုင်၍ တော်လှန်ပုန်ကန်နေသော သောင်းကျန်းသူ အဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းနှင့် တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း၊
- ( ဂ ) နိုင်ငံခြားတိုင်းပြည်တစ်ခုခုမှ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ရယူသုံးစွဲခြင်း၊
- (ဃ) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုခြင်း။
- ၄၀၈။ နိုင်ငံရေးပါတီတစ်ရပ်ရပ်သည် ပုဒ်မ ၄၀၇ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်း မှတ်ပုံတင်ခွင့်ပေးနိုင်သော အဖွဲ့အစည်းကတွေ့ရှိလျှင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကိုပယ်ဖျက်ရမည်။
- ၄၀၉။ ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံရေးပါတီများနှင့်စပ်လျဉ်းသည့် လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရမည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ
အထက်ပါ အခြေခံဥပဒေအရ ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ထွက်ရှိလာခဲ့သည်။ သို့သော် ယင်းဥပဒေပါ ပြဋ္ဌာန်းချက်များထဲမှ အချို့ကို ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း တက်လာသည့် ပြည်ထောင်စုလွှတ်တော်မှ ပြန်လည်ပြင်ဆင်ခဲ့သည်။ ယင်းဥပဒေနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ တွင် အသေးစိတ်လေ့လာကြည့်ရှုနိုင်ပါသည်။
ကိုးကား
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂၀၀၈)၊ စာမျက်နှာ (၁၆၃-၁၆၄)။