နိုဘယ်ဆု
နိုဘယ်ဆု (တမ်းပလိတ်:IPA-sv, Swedish definite form, singular: Nobelpriset; Norwegian: Nobelprisen) သည် အပြည်ပြည်ဆိုင်ရာ ဆုတံဆိပ်တစ်ခုဖြစ်ပြီး၊ ဆုအမျိုးအစားပေါင်း များစွာရှိသော်လည်း အဓိကဆုများမှာ ယဉ်ကျေးမှုဆိုင်ရာ (သို့) သိပ္ပံပညာရပ် တိုးတက်ကျယ်ပြန့်မှုများအတွက် အပ်နှင်းလေ့ရှိသည်။ လူမျိုး ဂရုဏာသက်ရောက်စေရန် တီထွင်ခဲ့သူ ဆွီဒင်လူမျိုးဖြစ်သည့် အဲလ်ဖရက် နိုဘယ်၏ သေတမ်းအမှာစာတွင်ရေးသားထားသည့်အတိုင်း ၁၈၉၅ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်သည်။ ရူပဗေဒဆိုင်ရာ နိုဘယ်ဆု၊ ဓာတုဗေဒ၊ ကိုယ်ခန္ဓာတန်ဆာလုပ်ဆောင်မှု ပညာ (သို့) ဆေးပညာ၊ စာပေ နှင့် ငြိမ်းချမ်းရေး ဆုများကို ၁၉၀၁ခုနှစ်မှ စတင်ပေးအပ်ခဲ့သည်။[1]
နိုဘယ်ဆု The Nobel Prize | |
---|---|
![]() | |
ဆုပေးအပ်ခြင်းအကြောင်း | ရူပဗေဒ၊ ဓာတုဗေဒ၊ ရသစာပေ၊ ငြိမ်းချမ်းရေးနှင့် ဇီဝကမ္မဗေဒ (သို့) ဆေးပညာ တို့ဖြင့် လူ့လောကကို ထူးထူးချွန်ချွန် အကျိုးပြုနိုင်ကြသောသူများ အတွက် နိုဘယ်ဆုနှင့် စီးပွားရေးသိပ္ပံ အတွက် နိုဘယ်ဆု |
ဆုတံဆိပ်ပေးအပ်သူ | ဆွီဒစ်ပညာ့တံခွန်အသင်း နိုဘယ်ဆုကော်မတီ (ဆွီဒင်တော်ဝင်သိပ္ပံ အကယ်ဒမီ) နိုဘယ်ကော်မတီ (ကာရိုလင်စကာ သိပ္ပံ) နော်ဝေနိုဘယ်ကော်မတီ |
နိုင်ငံ | ![]() ![]() |
ပထမဆုံးဆုတံဆိပ် | ၁၉၀၁ ၁၉၆၉ (စီးပွားရေးသိပ္ပံ) |
ဝက်ဘ်ဆိုဒ် | nobelprize.org |
အဲလ်ဖရက် နိုဘယ်
နိုဘယ်ဆုသည် ဆွီဒင် နိုင်ငံသား အဲလ်ဖရက် နိုဘယ်(Alfred Nobel) အား အကြောင်းပြု၍ ပေါ်ပေါက်လာခဲ့သည်။ နိုဘယ်သည် ၁၈၃၃ တွင် ဖွားမြင်၍ ၁၈၉၆ တွင် ကွယ်လွန်သည်။ သူ့အဖသည် သိပ္ပံသုတေသနပညာရှင်ဖြစ်၍ သူ့အမိသည် စာပေဝါသနာပါသူ ဖြစ်သည်။ နိုဘယ်သည် ကျန်းမာရေးကောင်းလှသူ မဟုတ်ချေ။ ငယ်စဉ်အခါကပင် ကျန်းမာရေးချို့တဲ့သူ ဖြစ်သည်။ နာဖျားမကျန်း ဖြစ်သည့်အခါ အမိပြောပြသော ဆွီဒင်ရှေးဟောင်းပုံပြင်တို့ကို နားထောင်၍ သက်သာရာ သက်သာကြောင်းကို ရှာတတ်သည်။ ကြီးပြင်းသောအခါ အဖကဲ့သို့ သိပ္ပံပညာ၌ စိတ်ဝင်စားသည်။ အထူးသဖြင့် ဓာတုဗေဒ၊ ရူပဗေဒ၊ စက်မှုအင်ဂျင်နီယာတို့၌ စိတ်ဝင်စားသည်။ အတွေးအခေါ်၌ ဝါသနာပါသော၊ အာဝဇ္ဇန်း ရွှင်သော၊ ပုံပြောကောင်းသောသူ ဖြစ်သည်ဟုလည်း သိရသည်။ အမေရိကန်ပြည်ထောင်စုသို့ သွား၍ နာမည်ကျော် အင်ဂျင်နီယာ ဆရာကြီးတစ်ဦးထံ၌ စက်မှုအင်ဂျင်နီယာကို ပူးပူးကပ်ကပ် သင်ယူသည်။ ဆွီဒင်နိုင်ငံသို့ ပြန်ရောက်သောအခါ လူသုံးပစ္စည်း အမျိုးမျိုးကို တီထွင်သည်။ သူ အထူးတီထွင်သော အရာသည် ဒိုင်းနမိုက်ခေါ် ယမ်းဘီလူး ဖြစ်သည်။ တီထွင်ခါစတွင် တူးမြောင်းများ တူးဖော်ရေးအတွက်လည်းကောင်း၊ ကျောက်တောင်များ၌ မီးရထားသွား လိုဏ်ခေါင်းဖောက်ရေးအတွက်လည်းကောင်း မြေကြီးနှင့် ကျောက်တောင်တို့ကို ဖောက်ခွဲရန် ယမ်းဘီလူးကို အသုံးများကြသည်။ သူ၏ တီထွင်မှုအမျိုးမျိုးကို အကြောင်းပြုလျက် နိုဘယ်သည် ကမ္ဘာပေါ်၌ အချမ်းသာဆုံး သူဌေးများတွင် တစ်ဦးအပါအဝင် ဖြစ်လာသည်။
နောင်အခါ ယမ်းဘီလူးကို စစ်ခင်းနိုင်ငံများသည် စစ်ပွဲများ၌ အသုံးပြုလာကြသောကြောင့် သူ့ယမ်းဘီလူးသည် လူ့လောက ပျက်စီးရာ ပျက်စီးကြောင်းလည်း ဖြစ်ရသည်ကို တွေ့လာသောအခါ နိုဘယ်သည် ပြင်းစွာ တုန်လှုပ်၍ စိတ်မချမ်းမသာ ဖြစ်ရှာသည်။ ထို့ကြောင့် လူ့လောက ငြိမ်းချမ်း တိုးတက်မှု ရှိလာစေသော ဆန္ဒဖြင့်လည်းကောင်း၊ မေတ္တာစိတ်၊ ကရုဏာစိတ် ပျံ့နှံ့မှု ရှိလာစေသော ဆန္ဒဖြင့် လည်းကောင်း သူ့စည်းစိမ်တစ်ခုလုံးကို လှူဒါန်းခဲ့သည်။
နိုဘယ်သည် သူမကွယ်လွန်မီ ၁နှစ်အလိုဖြစ်သော ၁၈၉၅ ခုတွင် တစ်ကမ္ဘာလုံးက အံ့အားသင့်ရသော သေတမ်းစာကို ရေးခဲ့သည်။ ထိုသေတမ်းစာအရ သိရသည်မှာ ရင်းနှီးမတည်ငွေ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းစေ၍ ထိုအဖွဲ့အစည်းသို့ သူ့စည်းစိမ်တစ်ခုလုံးကို အပ်နှင်းကြောင်း၊ သူ့စည်းစိမ်ကို အရင်းအနှီးပြုလျက် ထိုအရင်းအနှီးမှ နှစ်စဉ်ရသော အကျိုးအမြတ်ငွေများကို ငါးစု အညီအမျှခွဲလျက် (၁) ရူပဗေဒဖြင့်လည်းကောင်း၊ (၂) ဓာတုဗေဒဖြင့်လည်းကောင်း၊ (၃) ဆေးပညာဖြင့်လည်းကောင်း၊ (၄) ရသစာပေဖြင့်လည်းကောင်း၊ (၅) ငြိမ်းချမ်းရေး ဆောင်ရွက်ချက်ဖြင့်လည်းကောင်း လူ့လောကကို ထူးထူးချွန်ချွန် အကျိုးပြုနိုင်ကြသော ပုဂ္ဂိုလ်ငါးဦးကို အဆိုပါ အဖွဲ့အစည်းက နှစ်စဉ်နှစ်တိုင်း ရွေးချယ်၍ ဆုချီးမြှင့်စေလိုကြောင်း သိရပါသည်။ နှစ်စဉ်ရရှိသော အကျိုးအမြတ်ငွေ အင်အားအလိုက် ဆုတစ်ဆုလျှင် ယခုအခါ၌ ဒေါ်လာတစ်သိန်းကျော် တန်နေပြီဟု သိရသည်။
ကိုးကား
- "Which country has the best brains?"၊ BBC News၊ 8 October 2010။ 6 December 2011 တွင် ပြန်စစ်ပြီး။