နှမ်းဖတ်ကျောက်
နှမ်းဖတ်ကျောက်ဆိုသည်မှာ အင်္ဂလိပ်လို ဂရင်းနိုက်ကျောက်ကို ဆိုလိုသည်။ ဂရင်းနိုက် ဟူသော စကားမှာ ကောက်သီးဟု အဓိပ္ပါယ်ရသည်။ ဤကျောက်ကို ဂရင်းနိုက်ဟု မှည့်ခေါ်ရခြင်းမှာ ကောက်သီးကဲ့သို့ တည်ဖွဲ့ သောကြောင့် ဖြစ်သည်။ မြန်မာတို့ကမူ နှမ်းဖတ်ကျောက်ဟု ခေါ်သည်။ နှမ်းဖတ်ကျောက်သည် မီးသင့်ကျောက်မျိုးဖြစ်၍ အတွင်း၌ ခရစ္စတယ်ပုံဖွဲ့စည်း ပါရှိသည်။ ကြေအောင် ချေ၍ စစ်ဆေးကြည့်လျှင် ကျောက်သလင်း၊ လချေးနှင့် ဖဲလစပါးတို့ အဓိက ပါရှိသည်ကို တွေ့ရသည်။ တစ်ခါတစ်ရံ လချေးကို မတွေ့ရဘဲ ဟွန်းဗလင်း ခေါ် ဆီလီကိတ်တစ်မျိုးကို တွေ့ရသည်။ ဤသို့ ဖြစ်ရခြင်းမှာ မူလ နှမ်းဖတ်ကျောက်တွင် လချေးမပါ၍ မဟုတ်ချေ။ ဟွန်းဗလင်းသည် လချေးကို ဖယ်ရှား၍၊ ကျောက်နှင့် ပေါင်းစပ်သွားသောကြောင့်ဖြစ်သည်။ ဇာကွန်နှင့် အက်ပါတိုက်တို့ကိုလည်း နှမ်းဖတ်ကျောက်တွင် အမြဲတမ်း လိုပင် တွေ့ကြရသည်။
နှမ်းဖတ်ကျောက်သည် အများအားဖြင့် မွဲပြာရောင် အဆင်းရှိ၏။ အကယ်၍ ကျောက်အတွင်း၌ မည်းစေသော ပစ္စည်းနည်းလျှင် အရောင်မှနု၍၊ များလျှင် အချိုးအစားအတိုင်း အရောင်ရင့်လာသည်။ ကျောက်တွင် ပါရှိသည့် ဖဲလစပါး အမျိုးမျိုးတို့ကြောင့် အစိမ်းရောင်၊ ပန်းရောင်နှင့် အနီရောင်ရှိသော ကျောက်များကို မကြာခဏတွေ့ရတတ်သည်။ အရောင် တွင် ကွာခြားမှု ရှိသည်နှင့်အမျှ ကျောက်အတွင်း၌ ပေါင်းစပ် ပါရှိသည့် ပစ္စည်းတို့၏ အချိုးအစားမှာလည်း ကွာခြားကြလေသည်။
နှမ်းဖတ်ကျောက်ကို အထူးသဖြင့် တောင်တန်းတို့၏ အလယ်နားတွင် အတွေ့ရများလေသည်။ ဤကျောက်ကို ကမ္ဘာ ပေါ်တွင် အနှံ့အပြားတွေ့ကြရသော်လည်း အများအပြား တွေ့ရှိ ရသော အရပ်ဒေသများမှာ ကနေဒါ၊ နယူးအင်္ဂလန်၊ နယူးယော့၊ အက်ပလက်ချီယန်၊ မင်နီဆိုတာ၊ ဒကိုးတား တောင်ပိုင်း၊ မိဇူးရီ၊ အိုကလဟိုးမား၊ ရော့ကီးတောင်တန်းနှင့် အမေရိကန်ပြည်ထောင်စုပစိဖိတ်ကမ်းခြေရှိ ပြည်နယ်များ ဖြစ်သည်။ နှမ်းဖတ်ကျောက်သည် ခေတ်တစ်ခေတ်တည်း၌ ဖြစ်ပေါ်လာသော ကျောက်မျိုးမဟုတ်ချေ။ ယခုအချိန်၌ပင်လျှင် ကမ္ဘာမြေကြီး၏ အတွင်းပိုင်း အလွန်နက်ရှိုင်းသော အရပ် ဒေသ၌ ချော်ရည်သည် ခဲလာပြီးသော် နှမ်းဖတ်ကျောက် အဖြစ်သို့ ပြောင်းလဲရာ၌ အပူကို အလွန် နှေးကွေးစွာ စွန့်ထုတ်ပစ်ကြသဖြင့် ခရစ္စတယ်များ ဖြစ်လာကြသည်။ ဤကျောက်ကို အဆောက်အအုံ ဆောက်လုပ်ရာ၌ အမြောက်အမြား အသုံးပြုကြသည်။ သို့သော် အလွန်မာကျောသောကြောင့် ညီညီညာညာ ရရှိအောင် ခက်ခဲစွာ ထုယူ လေရာ အလွန်စရိတ်ကြီးလေသည်။ လမ်းခင်းရာ၌ နှမ်းဖတ် ကျောက်ကို အမြောက်အမြားအသုံးပြုသည်။[1]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၆)