ပန်ထွာဘုရင်မ

မြန်မာ ရာဇဝင်ပုံပြင်များတွင် ပန်ထွာဘုရင်မ သည် ဗိဿနိုးပြည်ကို အုပ်ချုပ်သော ဘုရင်မဖြစ်၍ အလွန်ချောမောလှပသည်ဟု သတင်းကြီးပြီး လင်ယောက်ျားမရှိပဲ တစ်ဦးတည်း တိုင်းပြည်ကို အုပ်ချုပ်သည်ဟု ဆိုကြသည်။

ဘဝဖြစ်စဉ်

မဟာသမ္ဘဝနှင့် စူဠာသမ္ဘဝ မင်းသားနှစ်ပါးတို့ကို စက္ခုအလင်းရအောင် ကုစားပေးသော စန္ဒမုခိဘီလူးမတွင် လက်ကိုကိုင်တွယ်ခြင်း အစွန်းအညိကြောင့် ပဋိသန္ဓေတည်ရှိခဲ့ရာ တောင်တွင်းကြီးမြို့ အနောက်ဖက် ၅ တိုင်ကွာသော တောအရပ်တွင် သားမိန်းမတစ်ယောက် ဖွားမြင်သည်ဟု ဆိုသည်။ ထိုသမီးငယ်ကို ရသေ့တစ်ပါးက မွေးစားထား၍ ကြီးပြင်းလာသောအခါတွင် ထိုတောအရပ်၌ နေ့သည့် ဗိဿနိုးနတ်မင်းက ရှေးဘဝ၌ မောင်နှမတော်သဖြင့် ပန်ထွာပြည် ဗိဿနိုးမြို့ကို ဖန်ဆင်း၍ အမျိုးသမီးအား အပ်နှင်းလေသည်။[1]

ဗိဿနိုးမှစည်တော်ကြီး

ဗိဿနိုးမြို့တွင် အလွန်ထူးခြားသော စည်တော်ကြီးတစ်လုံးရှိသည်။ အကယ်၍ ဗိဿနိုးအား ရန်သူများ လာရောက်တိုက်ခိုက်သောအခါ ပန်ထွာဘုရင်မသည် ထိုစည်တော်ကြီးကို တီးခတ်လိုက်ပါက ဗိဿနိုးမြို့ကိုဝန်းရံထားသော ရန်ပယ်ချောင်းရှိ ရေတံခါးကိုစောင့်ကြပ်သူများက ရေတံခါးကို ဖွင့်ချလိုက်သည်။ ထိုအခါ ရန်ပယ်ချောင်းအတွင်း ရေကြီးလာပြီး ရန်သူများ ဆုတ်ခွာသွားရလေ့ရှိသည်။ ဒွတ္တဘောင်မင်းကြီးသည် ဗိဿနိုးအား သူ၏ တပ်ကို စေလွှတ်၍ တိုက်ခိုက်ရန်ကြိုးစားသော်လည်း ထိုစည်တော်ကြီး၏ အစွမ်းကြောင့် အောင်မြင်နိုင်ခြင်းမရှိပေ။ သရေခေတ္တရာကို အုပ်ချုပ်သော ဒွတ္တဘောင်မင်းကြီးသည် ပန်ထွာဘုရင်မကို လက်ဆက်ရန် ကြိုးစားသော်လည်း မအောင်မြင်ပေ။

ဒွတ္တဘောင်မင်းမှ သူလျှိုစေလွှတ်ခြင်း

ဒွတ္တဘောင်မင်းသည် ထိုစည်တော်ကို ဖျက်ဆီးရန်အတွက် သူလျှိုတစ်ယောက်ကို တန်ခိုးရှင် ရသေ့ယောင်ဆောင်စေပြီး ဗိဿနိုးသို့စေလွှတ်သည်။ ထိုသူ၏ လှည့်စားမှုများကို ပန်ထွာဘုရင်မက ယုံကြည်သဖြင့် တန်ခိုးရှင်ဟု ထင်မှတ်ပြီး နန်းတော်တွင် ကိုးကွယ်ထားသည်။ ထိုအခါ ထိုရသေ့က ဘုရင်မကို အယုံသွင်း၍ သူ၏ အစွမ်းဖြင့် ထိုစည်တော်ကြီးကို ပို၍အစွမ်းရှိအောင် ပြုပြင်ပေးမည်ဟု လှည့်ဖျားသည်။ နောက်တစ်ခါရန်သူများ လာတိုက်ချိန်တွင် ထိုစည်တော်ကြီးကို တီးခတ်ပါက နတ်ဒေဝါတို့လာရောက်၍ ကူညီတိုက်ခိုက်ပေးရန် စီရင်ပေးမည်ဟု ဆိုသည်။ မိဖုရားက ယုံကြည်၍ ပြင်ဆင်ရန် အပ်နှံသောအခါတွင် ထိုရသေ့က စည်တော်ကြီးကို ဖျက်ဆီး၍ ထွက်ပြေးတိမ်းရှောင်သွားလေသည်။

ဒွတ္တဘောင်မင်းမှသိမ်းပိုက်ခြင်း

စည်တော်ကြီး ပျက်စီးသွားကြောင်း သိရှိသောအချိန်တွင် ဒွတ္တဘောင်မင်းမှ သူ၏တပ်ကိုစေလွှတ်၍ တိုက်ခိုက်စေသည်။ ပန်ထွာဘုရင်မသည် ထိုအချိန်မှ စည်တော်ကြီး ပျက်စီးသွားကြောင်းသိသဖြင့် မည်သို့မျှမတတ်နိုင်တော့ပေ။ နောက်ဆုံးတွင် ဒွတ္တဘောင်မင်းသည် ဗိဿနိုးကို သိမ်းပိုက်၍ ပန်ထွာဘုရင်မနှင့် လက်ဆက်ခဲ့သည်။

ဒွတ္တဘောင်မင်းကြီးအား လုပ်ကြံခြင်း

ဒွတ္တဘောင်မင်းကြီးသည် သိကြားမင်းပေးသော လှံစင်္ကြာနှင့် စဉ်ကြီးများကို ရရှိသော ဘုန်းကံရှင်မင်းတစ်ပါးဖြစ်၏။ နိုင်ငံတော် အရပ်ရပ်၌ တစ်နှစ်တစ်ကြိမ် အခွန်တော် ကောက်ခံတော်မူ၏။ အခွန်တော် မဆက်သသော လက်အောက်ခံမင်းများအား လှံစင်္ကြာတွင် စာဆွဲ၍ စေလွှတ်တောင်းခံ၏။ မင်းကြီး၏ ဘုန်းတန်ခိုးတော် ကြီးမားလှသောကြောင့် နဂါးပြည်မှပင် လာရောက်၍ အခွန်တော်ဆက်ရ၏။ ထိုသို့ဘုန်းတန်ခိုး ထက်တော်မူသော မင်းကြီးသည် ပန်ထွာဘုရင်မအား သိမ်းပိုက်လက်ဆက်ခဲ့သော်လည်း ပန်ထွာဘုရင်မသည်ကား အညှိုးအတေးထားတော်မူလေ၏။ တစ်နေ့တွင် ပန်ထွာမင်းသမီး ဆက်သလိုက်သော မျက်နှာသုတ်ပုဝါကို သုတ်မိကတည်းက မှဲ့ရှင်ကွယ်၍ ဘုန်းတန်ခိုးနိမ့်ခဲ့ရသည်။ ထိုသို့ ဘုန်းတန်ခိုးနိမ့်ခဲ့သောကြောင့် မိမိပိုင် နိုင်ငံတော်အရပ်ရပ်၌ ဖောင်တော်စီး၍ အခွန်တော် လှည့်လည်ကောက်ခံရာ ပုသိမ်မြစ်ဝအလွန် နေဂရေအငူစွန်းသို့ရောက်လျှင် ဖောင်တော်နစ်မြုပ်၍ နတ်ရွာစံလွန်တော်မူခဲ့သည်။

ထူးဆန်းဖွယ်ရာအချို့

ဗိဿနိုးမြို့ဟောင်းတွင် ပေပင်များသည် နှစ်ထောင်ချီသက်တမ်းရှိသော်လည်း မကြီးထွားလျက် အသီးလည်းမသီးဖြစ်နေသည်။ ပန်ထွာဘုရင်မကြီး၏ ‘ငါလာမှကြီး ငါလာမှသီး’ ဆိုသော ဆုတောင်းကြောင့် ထိုဘုရင်မ လူပြန်မဖြစ်မချင်း ပေပင်များ အသီးမသီးနိုင်၊ လူ့အရပ်အတိုင်းအထွာထက် မကြီးထွားနိုင် ဖြစ်နေသည်ဟု ဆိုသည်။

ဗိဿနိုးမြို့ဟောင်းရှိ ဥယျာဉ်တွင် မူလက အင်ကြင်းပင်မရှိသော်လည်း ဗိဿနိုးနတ်မင်းကြီး၏အမိန့်ဖြင့် အင်ကြင်းပွင့်များသည် ဥယျာဉ်တော်အတွင်း အလိုလျောက်ရောက်လာသောကြောင့် အင်ကြင်းဥယျာဉ်ဟု ခေါ်ဆိုကြသည်။ ယခုတိုင် မည်သည့်နေရာမှ ရောက်ရှိလာသည်ကိုမသိသော အင်ကြင်းပွင့်များ မကြာခဏတွေ့ရှိလေ့ရှိသည်ဟု ဆိုကြသည်။ ပန်ထွာဘုရင်မတည်ခဲ့သော ရွှေရောင်တော်စေတီတွင် အင်ကြင်းပန်းများကို ဘုရားပန်းအဖြစ် လှူထားကြသည်ကို တွေ့မြင်နိုင်သည့်အပြင် ဘုရားရင်ပြင်တဝိုက်တွင်လည်း အင်ကြင်းပန်းများပြန့်ကြဲနေသည်ကို မြင်တွေ့နိုင်ပါသည်။ ထိုဒေသတွင် အသားစားခြင်းနှင့် ဖရုသဝါစာ (မကြားဝံ့ မနာသာ ကြမ်းတမ်းသောစကားများ)၊ ပိသုဏဝါစာ (ကုန်းတိုက်စကားများ) ပြောဆိုခြင်းမှ ရှောင်ကြဉ်သင့်သည်ဟု ဒေသခံပြည်သူများက ပြောဆိုလေ့ရှိသည်။[2]

ပုံပြခန်း

ကိုးကား

  1. ဒေါက်တာ သန်းထွန်း (၂၀၀၄ ခု၊ ဇူလိုင်လ)။ မြန်မာ့ သမိုင်းပုံ' Myanmar History Told in Picture (ပထမအကြိမ် ed.)။ မုံရွေး စာအုပ်တိုက်။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  2. ကမ္ဘာ့အမွေအနှစ် "ဗိဿနိုးဘုရင်မ ( ခ ) ပန်ထွာဧကရီ" ရဲ့ ပျူမြို့ဟောင်း (သို့မဟုတ်) အငြိုးများ၊ အမုန်းတရားများ၊ မာနများနှင့်ပြည့်နေသော ဗိဿနိုးမြို့ဟောင်း (10 July 2019)။
  • မဟူရာမေတ္တာ - နိုင်ဝင်းဆွေ
  • မြန်မာ့သမိုင်းပုံပြင်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.