ပယင်း

ပယင်း (အင်္ဂလိပ်: Amber) သည် ဇီဝမူလ ကျောက်မျက် အမျိုးအစားဖြစ်သည်။ တိကျသော ဓါတုဖွဲ့စည်းမှုသော်လည်းကောင်း၊ ပုံဆောင်စနစ်သော်လည်းကောင်း မရှိပေ။ ဓါတုဖွဲ့စည်းမှုအားဖြင့် ဟိုက်ဒရို-ကာဘွန်နိတ် ဒြပ်ပေါင်းများပင်ဖြစ်သည်။ သိပ်သည်းဆ ၁.၀၇၊ မာဆင့် ၂.၅ သာရှိသောကြောင့် မီးအပူဒဏ်နှင့် ငရဲမီးဒဏ်တို့ကို မခံနိုင်ပေ။ ထို့ကြောင့် သတိထားထိန်းသိမ်းရန် လိုအပ်သည်။ ပယင်းသည် လူသားတို့၏ အဆင်တန်ဆာအဖြစ် အသုံးပြုခဲ့ကြသော ကျောက်မျက်ရတနာ တန်းဝင်ထဲမှ ရှေးအကျဆုံးရတနာထဲတွင် ပါဝင်သည်။ ပယင်းပတီး ၊ ဆွဲပြား ၊ ဆွဲသီးများကို ဥရောပမြောက်ပိုင်းတွင် ဘီစီ(၈၀၀၀)လောက်ကတည်းက အသုံးပြုခဲ့ကြကြောင်း တွေရှိခဲ့ရသည်။

ရှေးဟောင်း ပယင်း နားတောင်း

ဖြစ်ပေါ်ပုံ

ပယင်းသည် စင်စစ်အားဖြင့် ကျောက်မဟုတ်ပါ။ အဆီထွက်သော အပင်တစ်မျိုး(ထင်းရူးပင်တစ်မျိုးဟု ဆို)၏ အဆီမှ ခဲ၍ ကျောက်သားသဖွယ် ဖြစ်လာသော ကျောက်ဖြစ် ရုပ်ကြွင်းများဖြစ်သည်။ ရံဖန်ရံခါ ပယင်းထဲ၌ အင်းဆက်ပိုးမွှားများကို ပုံစံမပျက် တွေ့ရှိရတတ်သည်။ ယေဘုယျအားဖြင့် နှစ်သန်းပေါင်း အနည်းဆုံး ၂၅ သန်းမှ သန်း ၅၀ အတွင်း ကြာခဲ့ပြီး ကျောက်ဖြစ်လာခဲ့သော သစ်စေးမျိုးဖြစ်သည်။ ရှားပါးအနေဖြင့် နှစ်သန်း ၃၂၀ ရှိသော ပယင်းကိုလည်း မှတ်တမ်းတင်ထားကြသည်။

ပယင်း (အတွင်းတွင် အင်းဆက်အောင်းဝင်ပါရှိသည်။)

သစ်ပင်၏ အစေးမှ ဖြစ်လာသော ပယင်းထဲတွင် ယင်းပယင်းမဖြစ်မှီ သစ်စေး အခြေအနေ၌ မတော်တဆ လာရောက် ကပ်ငြိနေသော သစ်ပင်၏ အစအနများ သစ်ရွက်၊ ပျား၊ လိပ်ပြာ ပုရွက်ဆိတ်၊ ပိတုန်းစသော အကောင်ငယ်များမှာ ရုန်းထွက်မရတော့ပဲ သစ်စေးများနှင့်အတူ ပိတ်မိနေတတ်ကြသည်။ နှစ်သန်းပေါင်းများစွာ ကြာသောအခါ ၎င်းပိုးမွှားများနှင့် အခြားသောပစ္စည်းများသည် ပယင်းထဲတွင် ရုပ်ကြွင်း အဖြစ် ပါဝင်နေတတ်သည်။

ထွက်ရှိရာဒေသများ

မြန်မာ (ဟူးကောင်းချိုင့်ဝှမ်းဒေသ)၊ ပိုလန်ဘော်လ်တစ်ပင်လယ်ရိုမေးနီးယားကနေဒါအမေရိကန်ပြည်ထောင်စု ဘောလ်တစ် ပင်လယ် ကမ်းခြေတစ်လျှောက်မှာ ပေါ့ပါးသော ပယင်းတွေကို ပင်လယ်ရေလှိုင်းများနှင့် ကမ်းခြေကိုရောက်ရှိလာတတ်ကာ ကမ်းစပ်တစ်လျောက်မှာ၎င်း၊ ရေတိမ်ပိုင်းမှာ ရေငုတ်ပြီးသော၎င်း အလွယ်ရှာတွေ့နိုင်သည်။ ကမ်းခြေတစ်လျှောက် ပုံစံအမျိုးစုံ အရောင်မျိုးစုံနှင့် ပယင်းများကို အများအပြားတွေရတတ်ပြီး အပြာရောင် ပယင်းကို အထူးအရောင်းအဝယ်လုပ်ကြသော်လည်း ၎င်းအပြာရောင်မှာ ဘောလ်တစ်ဒေသထွက် မဟုတ်ဘဲ ဒိုမီနီကန်က ထွက်သော ပယင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ကချင်ပြည်နယ် ဟူးကောင်း တောင်ကြား တနိုင်းနယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးနယ်ဘက်တွင် ထွက်ရှိသည်။ မြန်မာအပြင် ပယင်းထွက်ရှိသော အခြားနိုင်ငံများမှာ ပိုလန်၊ ရိုမေးနီးယား၊ ကနေဒါနှင့် အမေရိကန်တို့ ဖြစ်သည်။

မြန်မာပြည်တွင် ထွက်ရှိသော ပယင်းမှာ အရည်အသွေးကောင်းပါက တစ်ကျပ်သားလျှင် တစ်သိန်းအထိ ဈေးရနိုင်ပြီး သစ်ကိုင်းများ အကောင်ပလောင်များ ပါဝင်ပါက ဈေးပိုရကြောင်း သိရသည်။

ဂုဏ်သတ္တိများ

ပယင်းအစစ်သည် အလင်းပေါက်ပြီး ပေါ့ပါးသောကြောင့် ဆားငံရည်မှာ ရေပေါ်ပေါ်နေနိုင်ပါသည်။ အခြားသော ကျောက်မျက်ရတနာတွေဖြစ်သော ကျောက်စိမ်း တာကွိုက်ဇ်ကဲ့သို့ ကျောက်မျက်များသည် အခန်းတွင်း အပူချိန်ထက် အနည်းငယ်အေးသော ဂုဏ်သတ္တိကိုရှိသော်လည်း ပယင်းမှာ လူ့အရေပြားနှင့် ထိတွေ့ပါက အနည်းငယ် ပူနွေးနေပါသည်။ အရက်၏ အရောင်ဖြစ်သော ဝါရွှေရွှေ အကြည်ရောင်ကို ပယင်းရောင်ဟု တင်စားကြသည်ကို ကြားဖူးကြသော်လည်း ပယင်းတွင် နီညိုရောင် ၊ လိမ္မော်ရောင် ၊ အစိမ်း ၊ နှင်းဆီရောင် ၊ အဝါရောင် ၊ ခရမ်းရောင် ၊ အဖြူရောင်အထိ ရှိပြီး ရှားရှားပါးပါး ခရမ်းပြာရောင်အထိ တွေ့ရတတ်သည်။

ပယင်းသည် ကျောက်မျက်ရတနာ ၉ ပါးတွင် အပေါ့ပါးဆုံးဖြစ်ပြီး မာခြင်းအဆင့် (၂.၅)သာရှိကာ သိပ်သည်းဆလည်း ၁.ဝရသာ ရှိသောကြောင့် အပူချိန်ကို ခံနိုင်ရည်မရှိပဲ ကြွေကွဲပျက်ဆီးလွယ်သည်။ မီးရှို့လျှင် အလွယ်တကူ လောင်ကျွမ်းနိုင်ပြီး စူးရှရှအနံ့မျိုး ရသည်။

ရွှေရောင်ပယင်းမှာ ဈေးကွက်အတွင်း လူကြိုက်များပြီး တိုင်းရင်းသား အချို့မှာ ပယင်းကို ဝတ်ဆင်လေ့ရှိကြသည်။ တရုတ်လူမျိုးများသည် သွေးလည်ပတ်မှု ကောင်းစေရန်၎င်း ကံကောင်းစေရန်၎င်း ပယင်းကို အဆောင်ကျောက်အဖြစ် ဝတ်ဆင်ကြသည်။ ပွဲလမ်းသဘင်များတွင် ချမ်းသာကြွယ်ဝသူများက ဂုဏ်သိက္ခာတစ်ရပ်အဖြစ် ပယင်းကို မီးရှိုတတ်ကြသည်။မြန်မာနိုင်ငံ၏ အဓိက ဝယ်လက်မှာ တရုတ် ထိုင်းနှင့် တိဘက် နိုင်ငံတို့ဖြစ်သည်။

အသုံးပြုခြင်း

ရှေးရောမ ကျွန်ခေတ်တွင် ပယင်းလည်ဆွဲ ခပ်သေးသေးကိုပင် ကျန်းမာ သန်စွမ်းသော ကျွန်တစ်ယောက်ထက် ဈေးပိုပေးပြီး အဆောင်အဖြစ် ဝတ်ဆင်အသုံးပြုကြသည်။ ပယင်းကို ရေမွှေးများ ဖော်စပ်ရာတွင်၎င်း ဆေးဖော်စပ်ရာတွင် ၎င်း အသုံးပြုကြသည်။

ပယင်းသည် ကျောက်မျက်ရတနာကဲ့သို့ မဟုတ်ဘဲ ဝတ်ဆင်သူအတွက် အသက်ဓာတ်ကို ပိုင်ဆိုင်စေသည်ဟု ယူဆကြသည်။ ရှေးခေတ် တရုတ်လူမျိုးတို့သည် ကျားများသေဆုံးပြီးနောက် ကျားဝိညာဉ်ကို ပယင်းသို့ ရွှေပြောင်းစေ၍ အသွင်ပြောင်းခဲ့သည်ဟု ယုံကြည်ကြသည်။ ရှေးခေတ်က မိခင်နတ်ဘုရားများကို ပူဇော်ပသရာတွင် ပယင်းကို အသုံးပြုကြသည်။ ပယင်းသည် ကျောက်ဖြစ်ရုပ်ကြွင်းသဖွယ်ဖြစ်ပြီး ခေတ်ကာလတစ်ရပ်နှင့် ဆက်စပ်နေပေရာ အသက်ရှည်ခြင်းကို ပေးဆောင်ကြောင်း မှတ်ယူကြသည်။ အလားတူပင် သက်ရှိသတ္တဝါဖြစ်သော ပိုးမွှားများ၏ ရုပ်ကြွင်းကိန်းအောင်းနေပြီး အာကာသဓာတ်နှင့် ဆက်စပ်နေကြောင်း လက်ခံထားကြသည်။ ယင်းကို ပဉ္စမမြောက် ဓာတ်သဘာဝဟု ခေါ်ပြီး မြေ၊ ရေ၊ လေ၊ မီးဟူသော ဓာတ်ကြီးလေးပါ၏ အပေါင်းအစုအဖြစ် သတ်မှတ်ကြသည်။ အာကာသဓာတ်သည် အသက် ၊ ဘဝ(အပင်၊သတ္တဝါ၊လူ)တို့နှင့် ပတ်သတ်ကြောင်း လက်သင့်ခံထားကြသည်။

အချို့မှော်ပညာရှင်များသည် အထူးသဖြင့် အမျိုးသမီးများတွင် ပယင်းကို လည်ဆွဲ (ဝါ) ပတီးအဖြစ် ဝတ်ဆင်ကာ ရုပ်ဒြပ်သဏ္ဌာန်ကို ပြောင်းလဲအောင် ဖန်တီးပြုပြင်တည်ဆောက် စေခဲ့ကြသည်။ ထိုကြောင့် ပယင်းသည် နတ်ဘုရားနှင့် နတ်ဘုရားမများ၏ ထုတ်လွှတ်မှု ခံယူမှု စွမ်းအင် နှစ်ရပ်လုံးနှင့် ပတ်သတ်ကြောင်း ၎င်းတွင် ဂမ္ဘီရစွမ်အင်၏ ထိရောက်မှုအား မြင့်မားလှကြောင်း ရောမခေတ်က ယုံကြည်ကြသည်။ ပယင်းကို သိုးမွှေးစ(ဝါ) ပိုးစဖြင့် ပွတ်တိုက်ပေးပါက လျှပ်စစ်ဓာတ်ထွက်လာပြီး သေးငယ်သော အရာဝတ္ထုများကိုပင် စွဲငင်အားကြီးကြောင်း သတ်မှတ်ကြသည်။ ရှေးဂရိတို့၏ အီလက်ထရွန်ဟူသော စကားလုံးမှ ခေတ် အီလက်ထရစ်စီးတီး (electricity) ဟူသော ဝေါဟာရမှ ဆင်းသက်ပေါက်ဖွားလာခြင်း ဖြစ်သည်ဟု သတ်မှတ်ကြသည်။ ပယင်းသည် ဆန်းပြား လျှို့ဝှက်သော သဘာဝရှိပြီး ဂမ္ဘီရတန်ဖိုး မြင့်မားသော အရာဝတ္ထုဖြစ်ပြီး ကမ္ဘာပေါ်ရှိ ဂမ္ဘီရတန်းဝင် ပစ္စည်းများ အားလုံးထဲ၌ ကျယ်ပြန့်စွာ အသုံပြုနိုင်သည့် အရာအဖြစ် သုံးကြသည်။

ဂမ္ဘီရ ဓလေ့ထုံးတမ်း(Magical Lore)

ပယင်းကို ကျောက်မျက်ရတနာအချို့နှင့် တွဲ၍ တွေ့ရတတ်ပြီး ဂမ္ဘီရကိစ္စအားလုံးနီးပါးတွင် အသုံးပြုကြသည်။ မရေမတွက်နိုင်သော ဂမ္ဘီရအစီအရင်များတွင် အသုံးပြုနိုင်သည်။ ပယင်းကို ဖန်စ ပလပ်စတစ်စများဖြင့် အတုပြုလုပ်ပြီး ရောင်းချတတ်ခြင်းကြောင့် သတိပြု၍ ရွေးချယ်ရပါသည်။ ပုံမှန် ကျောက်သားတို့ထက်ပေါ့ပါးပြီး အထူးသဖြင့် ဆားငံရည်တွင် ရေပေါ်ပေါ်သည်။ မကောင်းသော လောကီပညာ (အဆိုးပြုမှော်ပညာ) မျိုး၏ တိုက်ခိုက်မှုဒဏ်မှ အကာကွယ်ပေးနိုင်သည်ဟု ဆိုသည်။ အထူးသဖြင့် ကလေးများတွင် ပိုမိုထိရောက်သော ကာကွယ်မှုကို ဖြစ်စေနိုင်သည်။ ပယင်းပုတီး လည်ဆွဲ တစ်မျိုး ဝတ်ဆင်ထားသော ကလေးများ၏ ကျန်းမာရေးကို ကောင်းစွာထိန်းသိမ်းပေးထားနိုင်ပြီး ကလေးများ၏ အိပ်ခန်းတွင်း၌ အကာအကွယ်အဖြစ် ထားပေးနိုင်သည်ဟု ယုံကြည်ကြသည်။

ပယင်းနှင့် ကျန်းမာရေး

ပယင်းကို အလှကျက်သရေတိုးအောင် ဝတ်ဆင်နိုင်ပြီး ယေဘုယျအားဖြင့် ဆွဲဆောင်မှုညှို့ဓာတ်ကို ဖြစ်စေနိုင်သည်။ ပယင်းဝတ်ဆင်သူများမှာ အချစ်ရေးတွင် ဆွဲငင်အားကောင်းခြင်း စိတ်ချမ်းသာ ပျော်ရွှင်မှု ခံစားရခြင်းတို့ကို ပေးစွမ်းသည်။ အမျိုးသမီးများအတွက် ငါး ၊ ဖား ၊ ယုန်ရုပ်များထုလုပ်၍၎င်း ၊ အမျိုးသားများအတွက ခြင်္သေ့ ၊ ခွေး ၊ နဂါးရုပ်များ ထုလုပ်ပြီး ဝတ်ဆင်ခြင်းအားဖြင့် ကာမစွမ်းအား ကောင်းစေပြီး သားသမီးထွန်းကာစေသည်ဟု ယုံကြည်ခဲ့ကြပါသည်။ မြုံသူများအတွက် အသုံးပြုပေးနိုင်သည်။

ပယင်းကို ဝတ်ဆင်ခြင်းအားဖြင့် လူသား၏ ကျန်းမာရေးကို အထောက်အကူဖြစ်စေသည်။ နားထိုင်းခြင်း၊ မြုံခြင်း၊ လည်မျိုနာ၊ နားကိုက်ခြင်း၊ လေးဘက်နာ၊ အစာမကြေခြင်းနှင့် ကိုယ်ခန္ဓာတွင်း၌ ဖြစ်သော ရောဂါများကို သက်သာစေပြီး အကာကွယ်ဖြစ်စေသည်ဟု ယုံကြည်ကြသည်။ ပယင်းလုံးကို လက်ထဲတွင် ဆုတ်ကိုင်ကစား ပေးခြင်းဖြင့် ဖျားနာသူများအား သက်သာပျောက်ကင်းစေသည်ဟု ဆိုကြသည်။ ထိုပြင် ပယင်းသည် ဝတ်ဆင်သူ၏ မျက်စိအမြင်အားကို တိုးတက်ကောင်းမွန် စေနိုင်သည်ဟု ဆိုသည်။

ပယင်းမှုန့်ကို သားဖွားသူ မိခင်လောင်း၏ အနီးတွင် မီးရှို့ပေးခြင်း (သို့) မီးခဲပေါ်တွင် အမှုန့်ဖြူးပေးခြင်းဖြင့် သားဖွားရလွယ်ကူသည်ဟု ရှေးက ယုံကြည်ဆောင်ရွက်ခဲ့ကြသည်။

ပယင်းအတု အစစ် ခွဲခြားနည်း

ပယင်းအစစ်နှင့် အတု နှစ်ခုလုံးကို ရိုးရိုးရေထည့်ထားသော ဖလားခွက်(သို့) ငါးကြင်းခွက်ထဲသို့ နှစ်ချလိုက်ပါက ပယင်းအတုနှင့်အစစ် နှစ်ခုစလုံးသည် ရိုးရိုးရေထဲတွင် နှစ်ဝင်သွားသည်ကို တွေ့ရမည်။ ထို့နောက် ရှိပြီးသား ရိုးရိုးရေထဲသို့ ဆား စတီးဇွန်းတစ်ဇွန်းခန့်ထည့်ကာ ဆားဖျော်ရည်အဖြစ် ပြုလုပ်လိုက်ပြီး ပယင်းအစစ် နှင့် အတု နှစ်ခုလုံးကို ၎င်းဆားဖျော်ရည်အတွင်းသို့ နှစ်ချလိုက်ပါက ပယင်းအတုမှာ ဆားဖျော်ရည်ထဲတွင် နှစ်မြုပ်သွားပြီး အစစ်မှာ ပေါလောပေါ်နေမည်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။ ၎င်းနည်းမှာ ပယင်း အစစ် နှင့် အတုကို လျင်မြန်စွာ ခွဲခြားနိုင်သော နည်းကောင်းဖြစ်သည်။

ကိုးကား

  • ဟိန်း(ဘူမိ)၏ ပယင်းအကြောင်း
  • Cunninghanm’s Encyelopedia of Crystal Gem & Metal Magic
  • ဆိုင်းအောင် ပယင်းရတနာ ဆောင်းပါး မဇ္ဈိမ မှ
  • သုတအဖြာဖြာ website
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.