ပရုတ်ပင်
Camphor (ပရုတ်ပင်)
- Botany Term : Cinnamomum camphora Nees
- Species/Family : Lauraceae
ပုံသဏ္ဌာန် : အပင်-- အပင်လတ် မျိုးဖြစ် သည်။ အမြင့်ပေ ၃၀-၄၀ အထိ မြင့်၏။ အကိုင်း များ များစွာ ဖြာထွက် လေ့ ရှိသည်။ပင်စည် ဖြောင့်မတ် သည်။
အရွက်-- ရွက်လွှဲ ထွက်သည်။ ဘဲဥပုံ ရှိသည်။ ရွက်ရင်း သွယ်ပြီး ရွက်ထိပ် ချွန်သည်။ရွက်ပြား မထူ မပါး ဖြစ်သည်။အရွက်နု များ ပန်းရောင် သန်းသည်။ ရွက်ကြော များ ထင်ရှားသည်။ ရွက်နား လှိုင်းတွန့် ရှိသည်။
အပွင့်-- ကြားထွက် ပန်းခိုင်မှ အနီရောင် သေးငယ် သည့် ပန်းပွင့် ကလေးများ စုပြုံပွင့် သည်။
အသီး-- လုံးဝိုင်း သည်။ ပုဏ္ဍရိက် သီးအရွယ် ရှိသည်။မှည့်လာပါက အမည်းရောင် ပြောင်းသွားသည်။ အသီးတွင် အရည်များ စွန်းထင်း နေတတ်သည်။
အသုံးပြုနိုင်သည့်
အစိတ်အပိုင်းများ : အဆီ
မြန်မာနိုင်ငံတွင်
တွေ့နိုင်သောနေရာများ : ပေါက်ရောက်သည့်ဒေသ-- မြန်မာ နိုင်ငံ နေရာ အနှံ့ အပြားတွင် စိုက်ပျိုးပေါက် ရောက်သည် ကို တွေ့ရသည်။သမပိုင်း ဖြစ်သည့် မြန်မာပြည် မြောက်ပိုင်းတွင် သဘာ၀ အလျောက် ပေါက်ရောက်သည်။
ပေါက်ရောက်ပုံ-- သဘာ၀ အလျောက် ပေါက်ရောက် သည်။
စိုက်ပျိုးပုံ--
မြေပြုပြင်ခြင်း-- မြေမျိုး မရွေး ဖြစ်ထွန်း နိုင်သည်။ ကျင်း ၂၄’’ x ၂၄’’ သို့မဟုတ် ၃၀’’ x ၃၀’’ စနစ် အရ ပြုပြင် ပေးရ၍ တစ်တန်း နှင့် တစ်တန်း ၂၄ ပေ အထိ ခွာပြီး တစ်ပင် နှင့် တစ်ပင် ၄-၆ ပေ အထိ ခွာထား သင့်သည်။
(ခ)မျိုးစေ့ပျိုးထောင်ခြင်း-- မျိုးစေ့ ပျိုးရာ၌ ပလတ်စတစ် အိတ်သော် လည်းကောင်း၊ ဝါးဆစ် သော် လည်းကောင်း၊ ခြင်းတောင်း သော် လည်းကောင်း အသုံးပြု၍ ပျိုးထောင် ရမည်။ အပင် ပေါက်ရန် ၃-၄ လ အထိ ကြာတတ် သည်။အပင် ပေါက်နှုန်း ညံ့သည့် အတွက် ခြင်းတောင်း တစ်ခြင်း တွင် မျိုးစေ့ ၃-၄ စေ့ သာ ချ သင့်သည်။
(ဂ)မြေချစိုက်ပျိုးခြင်း-- စိုက်ကျင်းများ ၂’ x ၂’ တွင်းတူး၍ သဘာ၀ မြေဩဇာ ၃၀% အပေါ်ယံမြေ ၃၀% နှင့် အောက်ခံ မြေများ ရောစပ်၍ ထည့်ပေးပြီး စိုက်ပျိုးရမည်။ တူး၍ အသင့် ပြင်ဆင် ထားသည့် စိုက်ခင်း၌ မိုးဦးကျ အချိန် တွင် တစ်နှစ်သားခန့် ပျိုးပင်များ ကို မြေချ စိုက်သင့်သည်။
(ဃ)ပြုစုဂရုစိုက်ခြင်း-- ပေါင်းရှင်း မြေဆွခြင်း ၊ ရေလောင်းခြင်း လုပ်ငန်း များကို လိုအပ်သလို ဆောင်ရွက်ရမည်။
(င)အဆီထုတ်ယူရန်အတွက် အရွက်ခူးခြင်း-- အပင် ၃-၄ နှစ်သား အရွယ်မှ စ၍ အရွက်ရင့် များကို ကိုက်ညှပ် ယူရသည်။အပင် အမြင့် ၆ ပေ မှ ၈ ပေ ထက် ပို၍ မြင့်မသွား စေရန် မှန်မှန် အကိုင်းနှင့် အရွက် များကို ဖြတ်ယူ သင့်သည်။အရွက် ဖြတ်ခြင်း လုပ်ငန်းအား တစ်နှစ်လျှင် ၃ ကြိမ် အထိ ဖြတ်ယူ နိုင်သည်။ထိုသို့ ကိုက်ညှပ်၍ ရသည့် အရွက်များမှ ပရုတ်အဆီ ထုတ်ယူ ရရှိ နိုင်သည်။အထွက် အနေနှင့် တစ်ပင်လျှင် ပျမ်းမျှ အရွက်ပေါင်း ၂၀ ပေါင်ခန့် ဖြတ်ယူ ရရှိ နိုင်သည်။ ပရုတ်ဆီမှ ပရုတ်ခဲကို ဓာတုဗေဒ နည်းအရ ပြုပြင် ထုတ်လုပ် နိုင်သည်။
အသုံးဝင်ပုံ : အာနိသင်-- မြန်မာ ဆေးကျမ်းများ အလို အရ ပရုတ်သည် ခါး၏။ အေး၏။ ကြေကျက်က စပ်၏။ကြေလွယ်၏။ အဆုတ်ကို အားရှိစေ၏။ မျက်စိကို အကျိုးပြု၏။ လေ၊ သည်းခြေကို နိုင်၏။ ရေငတ်ခြင်း၊ ခံတွင်းခြောက်၊ နှုတ်မမြိန်ခြင်း၊ အနံ့ မကောင်းခြင်း တို့ကို ပျောက်စေ၏။
အသုံးပြုပုံ-
အဆီ--၁။ ပရုတ်နှင့် ရှိန်းခိုကို ရောလုံး၍ ပန်းနာ ထချိန်တွင် တိုက်ကျွေးသော် ပန်းနာထခြင်း ရပ်သွား၏။
၂။သွားတွင် ပရုတ် ထည့်ပေးခဲ့သော် သွားနာကျင် ကိုက်ခဲခြင်း နှင့် သွားမကောင်းခြင်း ပျောက်ကင်း၏။
၃။ ပရုတ်ရည်ကို တိုက်ပေး ခြင်းဖြင့် ကာလ ဝမ်းရောဂါ ဖြစ်၍ လက်ခြေများ အေးလာခြင်း ပျောက်၏။
၄။ကင်းမြီးကောက် ကိုက်ခံရသော နေရာ၌ ပရုတ်ကို ရေနှင့် ကြိတ်၍ လိမ်းပေးက ပျောက်ကင်း၏။
၅။ပရုတ်ကို နှင်းဆီရည် နှင့် စိမ်၍ တိုက်က စိန် အဆိပ်သင့် ခြင်း ပျောက်၏။
၆။ပရုတ်ဆီ ကို မူးမော်ခြင်း၊ ကိုယ်လက် အင်္ဂါ ကိုက်ခဲခြင်း၊ ဒူလာ မီးယပ် ရောဂါ အမျိုးမျိုး တို့အတွက် ဆေးဖော်စပ်ရာ တွင် ထည့်သွင်း အသုံးပြုသည်။[1]
ကိုးကား
- မော်ကွန်းတင်ပြီးမိတ္တူ။ 14 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 December 2011 တွင် ပြန်စစ်ပြီး။