ဖုန်းမော်

ဖုန်းမော် (၁၉၆၅-၁၉၈၈) သည် မြန်မာလူမျိုး စက်မှုကျောင်းသား ဖြစ်သည်။ ၈၈၈၈ အရေးအခင်း တွင် သေဆုံးခဲ့သူများအနက် ထင်ရှားသည်။

ဖုန်းမော်
မွေးဖွားဖုန်းမော်
(1965-01-22)ဇန်နဝါရီ ၂၂၊ ၁၉၆၅
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်
ကွယ်လွန်မတ် ၁၃၊ ၁၉၈၈(1988-03-13) (အသက် ၂၃)
ရန်ကုန် စက်မှုတက္ကသိုလ်
ပညာရေးဓာတုအင်ဂျင်နီယာ (ရန်ကုန် စက်မှုတက္ကသိုလ်) (တက်ရောက်ဆဲ)
မိဘ(များ)
  • ဦးဩဘာ (ဖခင်)
  • ဒေါ်အမာ (မိခင်)
ဆွေမျိုးသားချင်း
  • ကျော်ဝင်း (အစ်ကို)
  • မာမာဝင်း (အစ်မ)
  • မာမာအိ (အစ်မ)
  • နီနီအောင် (ညီမ)

ငယ်ဘဝ

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်တွင် ဦးဩဘာ၊ ဒေါ်အမာတို့မှ ၁၉၆၅ ခု၊ ဇန်နဝါရီလ ၂၂ ရက်တွင် မွေးသည်။ မွေးချင်း ၅ ယောက်အနက် စတုတ္ထမြောက် ဖြစ်သည်။

မိဘများကွယ်လွန်သွားရာ အကြီးများဖြစ်သော ကိုကျော်ဝင်း၊ မမာမာဝင်းနှင့် မမာမာအိတို့က မင်္ဂလာဈေးတွင် ဆိုင်ထွက်ကာ အငယ်ဖြစ်သော ဖုန်းမော်နှင့် နီနီအောင် တို့၏ ပညာရေးအား တာဝန်ယူရသည်။

၅ တန်းမှ ၁၀ တန်းအထိ လသာ ၁ တွင် ပညာသင်ကြားသည်။ ၁၉၈၁ ခုတွင် ဆယ်တန်းအောင်သည်။ ၁၉၈၂ ခုတွင် ဒေသကောလိပ် (၂) ရန်ကုန် (ယခု ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ) တွင် သင်္ချာအထူးပြုဖြင့် တက်သည်။ ၁၉၈၃ တွင် ဒေသကောလိပ်မှ ရန်ကုန် စက်မှုတက္ကသိုလ်သို့ ဓာတုအင်ဂျင်နီယာနှင့် တက်ခွင့်ရသည်။ ၁၉၈၈ ခုတွင် ပဉ္စမနှစ်ကျောင်းသား ဖြစ်နေပြီ ဖြစ်သည်။

လူမှုရေး လှုပ်ရှားမှု

၉ တန်းတွင် လသာမြို့နယ် လမ်းစဉ်လူငယ်အဖြစ် လူငယ် လေကြောင်းသင်တန်း တက်ခဲ့သည်။

ဒေသကောလိပ်၌ ကြက်ခြေနီအဖွဲ့တွင် ဝင်ရောက်လှုပ်ရှားခဲ့သည်။ စက်မှုတက္ကသိုလ် ရောက်သည်အထိ ထိုအဖွဲ့တွင် ပါဝင်ဆဲ ဖြစ်သည်။ အရံပါတီဝင် တယောက်ဖြစ်ပြီး၊ ကြက်ခြေနီအဖွဲ့၊ တက္ကသိုလ်အရံတပ်ရင်း၊ ဗုဒ္ဓဘာသာအသင်းများ၏ အောင်လက်မှတ်များ၊ မှတ်တမ်းများ၊ ဂုဏ်ပြုလက်မှတ်များ ရရှိထားသည်။

၁၉၈၂ (အောက်တိုဘာ) ရန်ကုန်-မန္တလေး ကားလမ်း လှည်းကူး လုပ်အားပေးစခန်း၊ ၁၉၈၃ (အောက်တိုဘာ) စပါး(၁) ရွှေလောင်းကျွန်း လုပ်အားပေး (ဝါးခယ်မ) တွင် ပါဝင်လုပ်အားပေးခဲ့သည်။

ပြည်ထောင်စုနေ့တွင် ကြက်ခြေနီ တပ်ဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်တက်ရောက်ခဲ့သည်။ ငါးကြိမ်မြောက် သွေးလှူရှင်ဖြစ်ပြီး၊ ဓာတုအင်ဂျင်နီယာ ဘာသာရပ်အသင်း အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

ဘဝနိဂုံး

၁၉၈၈ ခု၊ မတ်လ ၁၃ ရက်တွင် အာဏာပိုင်များက စက်မှုတက္ကသိုလ်ဝင်း အတွင်းသို့ဝင်ကာ အဓိကရုဏ်းနှိမ်နင်းခြင်း ပြုသည်။ အဆောင်ပေါ်ရှိ ဖုန်းမော်က အောက်ဆင်းကာ ဆရာ ဦးစိုးမြင့်အား အခြေအနေမေးသည်။ ဆရာက အဆောင်ပေါ်၌သာ ပြန်နေရန်ပြော၍ ပြန်လာရာ ပင်မဆောင်ရေပန်းအနီး စကျင်ကျောက်တိုင်ရှေ့လမ်းတွင် ကျည် (၃) ချက်မှန်ကာ ပင်မဆောင်ဆင်ဝင်အောက်တွင် ကွယ်လွန်သည်။

ကိုးကား

    ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသည့် စက်မှုအားမာန် စာစောင်၊ အမှတ်စဉ် (၄)၊ ၁၇.၉.၈၈ မှ ကူးယူဖော်ပြပါသည်။

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.