ဗန်းစကား

ဘန်းစကားဟူသည် ပြောဆိုရေးသားသို အဓိပ္ပာယ်တိုက်ရိုက်မထွက်ဘဲ သီးခြား အဓိပ္ပာယ်ထွက်လာသည့်စာ၊ စကားတစ်မျိုးဖြစ်သည်။ သို့သော် ထိုစကားကို ကြားသူတို့အဖို့ အဓိပ္ပာယ်သည် ငုပ်နေတတ်သည်။ ဘာကိုဆိုလိုသည်ကို ရုတ်တရက်မသိနိုင်ဖြစ်ရသည်။ အရပ်သုံးစကားဟုလည်း ဆိုနိုင်သည်။ ဘန်းစကားများသည် အကြောင်းရပ် တစ်ခုကို လှလှပပ၊ ပေါ်ပေါ်လွင်လွင် ဖြစ်လာအောင်ဖန်တီးပေးနိုင်သည့် စွမ်းပကား ရှိသဖြင့် ယင်းတို့ကို နေရာတကျ သုံးနိုင်လေလေ ထိုစာ၊ ထိုစကားသည် ဖတ်၍မဝ၊ နာ၍မငြီးဘဲ ဆွဲဆောင်မှု ရှိလေလေဖြစ်သည်။ အင်္ဂလိပ်လို ဘန်းစကားကို အီဒီယမ် ဟုခေါ်နိုင်သည်။ ဘာသာစကားတိုင်းတွင် ဘန်းစကားများရှိကြသည်။ ယင်းတို့သည် အဘိဓာန်၊ ကျမ်းကြီးကျမ်းခိုင်များမှ ထွက်လာကြသည် မဟုတ်သလို၊ ပညာရှိကြီးတို့ တမင်တကာဖန်တီးပေးထားသော အရာများလည်း မဟုတ်ချေ။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း တစ်ရပ်အတွင်းမှ နေထိုင်သွားလာ ဆက်ဆံထိတွေ့ရင်း ပေါ်လာသည့် အမြုတေရတနာများသာ ဖြစ်ကြသည်။


မြန်မာဘန်းစကားများသည် ပုံစံအမျိုးမျိုးရှိသည်။ နာမ်ကြိယာနာမဝိသေသနကြိယာဝိသေသနများအဖြစ် အမျိုးမျိုးသုံးနိုင်သည်။ ဥပမာအားဖြင့် - ကာလနဂါး၊ ကော်တရာ၊ ခွေးဝင်စား၊ ခေါင်းပုံဖြတ်၊ ခြစား၊ ချွတ်ခြုံကျ၊ ခြောက်ပြစ်ကင်း၊ ချော (လှပ)၊ ကဖျက်ယဖျက်၊ တကူးတကန့်၊ မမှိတ်မသုန်၊ မျက်စိကျ စသည်တို့ဖြစ်သည်။ [1]

ဗန်းစကားကို ခေတ်ကာလအလျှောက် ဝှက်၍ဖြစ်စေ၊ တင်စား၍ဖြစ်စေ၊ အကြောင်းစွဲ၍ဖြစ်စေ၊ အသစ်ထည့်သွင်း တီထွင်ပြောဆို သုံးနှုန်းသော စကားလုံးဟူ၍ ဖွင့်ဆိုသည်။ [2] ဗန်းစကားကို နေ့စဉ်သုံးနေကြသည်။ ကိုယ်မသုံးလည်း ကြားနေရသည်။ ရှောင်ပြေး၍မရ။ အဓိပ္ပာယ် သိနားလည်ရန် လိုအပ်လာသည်။ ဤသို့ဖြင့် ဗန်းစကားကို လေ့လာရတော့သည်။ "ပိန်းတယ် ဆိုတာ ဘာကိုပြောလဲ၊ စလုံး ဆိုတာ ဘာလဲ …" စသဖြင့် စူးစမ်း မေးမြန်းကြရသည်။ အင်တာနက်သုံးသူများကမူ ခေတ်၏နောက်တွင် ကျန်ရစ်မနေရေးအတွက် ခေတ်လူငယ်တို့၏ ဘလော့ဂ်စာမျက်နှာများပေါ်မှ ဗန်းစကားဖွင့်ဆိုချက်မျိုးစုံကို ဖတ်ရှုမှတ်သားကြသည်။ "ဗန်းစကား သိပ်မပြောပါနဲ့၊ ကိုယ်ရည်ကိုယ်သွေး ကျတတ်တယ်။" ဟု မိန့်ကြားသူမှာ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း တဟုန်ထိုး ကျော်ကြားလာသည့် ဆရာတော်ဦးဇောတိကဖြစ်သည်။ ဗန်းစကားကို အလွန်အကျွံ အသုံးမပြုဖို့ သတိပေးလိုဟန်ရှိသည်။

"ဗန်းစကားများသည် အချည်းအနှီးမဟုတ်ပေ။ လူမျိုး၏ ယဉ်ကျေးမှုနောက်ခံကားနှင့် စရိုက်သွင်ပြင်ကိုလည်းကောင်း၊ စကားပြေအတတ်ကိုလည်းကောင်း၊ ဥပမာ၊ ဥပစာ သုံးစွဲပုံကိုလည်းကောင်း ဖော်ပြလျက်ရှိနေပေသည် …" ဟူ၏။(လှသမိန် ၏ "မြန်မာဗန်းစကား အဓိပ္ပာယ်နှင့် သုံးနည်း" စာအုပ်မှ) ဗန်းစကားကို ပစ်ထားလို့လည်းမဖြစ်၊ အလွန်အကျွံသုံးလို့လည်းမဖြစ်သည့်သဘော။

ဗန်းစကားသည် များသောအားဖြင့် သဘင်သည်တို့ပြောဆိုသုံးစွဲသော စကားတစ်မျိုးဖြစ်သည်။ သဘင်သည်တို့သာ ပြောဆိုသုံးစွဲသောကြောင့်လည်း ဗန်းစကားဟု တွင်နေဟန်တူသည်။ ယခုအခါတွင် သဘင်သည်လောကနှင့် ကားသမားလောကတွင် များအားဖြင့် အသုံးပြုပြောဆိုလျက်ရှိသည်။ စာပေသုံးမဟုတ်သော အရပ်စကားကို လူအများနားလည်နိုင်မည် ဖြစ်သော်လည်း ဗန်းစကားကိုမူကား လူတိုင်းနားလည်နိုင်ရန် ခဲယဉ်သည်။ သို့တစေ ဗန်းစကားသည် ရပ်စကားမှ ပေါက်ဖွားကြီးထွားလာရသည်ဟု ဆိုရမည်ဖြစ်သည်။ အကယ်၍ ဗန်းစကားတစ်လုံးသည် အသုံးတွင်ကျယ်လာကာ စာပေသုံး ဝေါဟာရ ဖြစ်သွားလျှင်မူကား ဗန်းစကားဟု မခေါ်နိုင်တော့ချေ။ ဗန်းစကားသည် မည်သည့်ဘာသာ စကားရပ်၌မဆို ရှိကြစမြဲဖြစ်သည်။

ယခုခေတ်လူများပြောဆိုနေကြသည့် အသုံးမကျ အရာမဝင်သူ ဟု အဓိပ္ပာယ်ရသော ဖွဲ ကိုလည်းကောင်း၊ လွန်ချောသည် ဟု အဓိပ္ပာယ်ရသော ရက်စက်သည် ကိုလည်းကောင်း၊ ကားသမား လော ကတွင် ပြောဆိုနေကြသည့် ပိုက်ဆံမရသည့်သူ၊ တန်ဖိုးမရှိသည့်သူ ဟု အဓိပ္ပာယ်ရသော ခဲပဲစေ့ ကို လည်းကောင်း လူတိုင်းနားလည်ကြမည် မဟုတ်ချေ။ ထိုနည်းတူစွာ မန္တလေးဘက်တွင် ပြောဆိုနေသော ကာတစ် ( မိန်းမတင်ပါးဆုံ )နှင့် ဝါဟစ် ( မိန်းမရင်သား ) စသည်တို့ကို အောက်ပြည်အောက်ရွာတွင် နေထိုင်ကြ သူများ နားလည်သူနည်းသည်။

လက်ဖက်ရည်ဆိုင်တွင် နောင်ဂျိန် ဟု ပြောလျှင် ရေနွေးကြမ်း၊ လက်ဖက် ရည်ကြမ်း ဟု နားလည်သည်။ ဘောလုံးပွဲတွင် ပင်မှည့် ဟုပြောလျှင် သူနပြုသမားဟု နားလည်သည်။ ယင်းသို့အားဖြင့် ဗန်းစကားကို သူ့အသိုက်ဝန်းနှင့် သူသာ နားလည်သည်။ အသိုက်အဝန်း ပြင်ပမှ ပုဂ္ဂိုလ်များ မသိစေလိုသော စကားလုံးများကို ဗန်းစကားဖြင့် ပြောလေ့ရှိသည်။ ထိုအခါ ဗန်းစကားသည် လျှို့ဝှက် စကားသဘောသို့သက်ရောက်သွားသည်။

ဗန်းစကားကို များသောအားဖြင့် စာသင်ကျောင်းများ၊ ရုံးများ စသည်တို့က စတင်ထွင်တတ်ကြောင်း သိရသည်။ တောင်ပန်နီ ( ဓားပြဂိုဏ်းကြီး )၊ မြွေပွေး ( သတ္တိရှိသောဓားပြ )၊ ဇိတ် ( သွေးကြောင်သူ )၊ အာကာ (အောက်စောင့်)၊ ဗျောက်၊ အတို ( ခြောက်လုံးပူးသေနတ် )၊ နာနတ်သီး ( လက်ပစ်ဗုံး ) စသည်တို့သည် ရဲအဖွဲ့ကြီးက ထွင်သော ဗန်းစကားအချို့ဖြစ်သည်။ ထိုနည်းတူစွာ ပြည်တွင်းရေကြောင်းသယ်ယူ ပို့ဆောင်ရေးဌာန၊ မီးရထားဌာန စသောလုပ်ငန်းဌာနကြီးများကလည်း ဗဘန်းစကားများကို ထွင်ကြမည်သာ ဖြစ်၏။ ယင်းကဲ့သို့ထွင်ကြရာ၌ အကြောင်းယုတ္တိတန်သည် မတန်သည်၊ ဆီလျော်သည် မဆီလျော်သည်မှာ ပဓာနမဟုတ်။ သက်ဆိုင်ရာ အသိုက်အဝန်းတွင်းရှိ လူအများက နားလည် လက်ခံသုံးစွဲခြင်းသည်သာလျှင် ပဓာနဖြစ်သည်။

ဗန်းစကားတွင် ပြောင်လှောင် သရော်လိုဟန် အရိပ်အယောင်များ တွေ့ရတတ်သည်။ ထွင်ထားသော စကားလုံး၏ အသံထွက်သည်ပင်လျှင် တစ်ခါတစ်ရံ ရယ်ဖွယ်ဖြစ်နေသည်။ ပုံစံများမှာ ရှူးတေ့-ဆီးသွားသည်။ ဟားငနဲ-လူပြက်။ ဆိတ်လစိ-ဖြောင့်ချက်ပေးသူ ဟူသော စကားမျိုးများ ဖြစ်သည်။ စိတ်ဆိုး စိတ်ကောက်သည် ကိုပင် အဘိဓမ္မာဆံဆံ စေတသိက်ယိုင်သည် ဟု သုံးစွဲနေကြသည်။ ဆော့သည် ကို ဈာန်ပျံသည် ဟု မအပ်မရာ ချဲ့ကားထားသည်ကို တွေ့ရသည်။

ဗန်းစကားတွင် ပါဝင်သော စကားလုံးတို့သည် နာမ်သာများ၍ ကြိယာ အလွန်နည်းသည်။ ထိုပြင် ဗန်းစကားဖြင့် ဝါကျ တစ်ပုဒ်ဖြစ်အောင် မဖွဲ့နိုင်။ သာမန်မစကားတွင် ည|ပ်၍ ပြောမှ ဝါကျတစ်ပုဒ်ဖြစ်သည်။ ဗန်းစကားတွင် မွန်စကားလုံး နည်းငယ် တွေ့ရသည်။ ( မွန်၊ က-ငါး။ မွန်၊ ဇဗလု-ကွမ်းသီး။ ပုင်- ထမင်း။ ) သို့သော် ဗန်းစကား အားလုံးသည် မွန်ဘာသာ စကားမှ ဆင်းသက်လာသည်ဟု မဆိုနိုင်ပေ။[3]

ဖြစ်ပေါ်လာပုံ

ဗန်းစကားဖြစ်ပေါ်လာပုံကို ဘာသာဗေဒပညာရှင် ဦးတင်လှက အောက်ပါအတိုင်း တင်ပြသည်။ `ဗန်းစကားသည် မူလက လူတစ်စု နောက်ပြောင်ပြောဆိုရင်း ထွင်လိုက်သော စကားဖြစ်သည်။ ထို့နောက် ယင်းလူစု၊ အသိုင်းအဝိုင်းအတွင်း ခေတ်စားသွားကာ အချို့က အတုခိုးပြောဆို လာကြသည်။ ကာလအတန်ကြာသွားသောအခါ ယင်းစကားလုံးကို အများက လက်ခံသုံးစွဲလာကြသည်။ အများက လက်ခံသုံးစွဲခြင်း မပြုဘဲ ပျောက်ပျက်သွားရသည် လည်း ရှိသည်။

စာပေသုံး ဝေါဟာရ

ဤဗန်းစကားကို အများက လက်ခံသုံးစွဲလာပြီး အသုံးတွင်ကျယ်လာကာ စာပေသုံး ဝေါဟာရ ဖြစ်သွားလျှင် ဗန်းစကားဟု မခေါ်ဆိုနိုင်တော့ကြောင်း မြန်မာစွယ်စုံကျမ်းတွင် တွေ့ရသည်။

သိပ္ပံမောင်ဝသည် ၁၉၂၇-ခုနှစ်က `ပေါ်ပေါက်ခါစ မြန်မာစကားကလေး´ဟူသော ဆောင်းပါးဖြင့် ကြမ်းပိုး ဟူသောစကားကို အဓိပ္ပါယ်ခန့်မှန်း ကြည့်ထားသည်ကို တွေ့ရရာ ထိုခေတ်လောက်က ထိုစကားပေါ်ပေါက်မည်ဟု ခန့်မှန်းရသည်။ ထိုစကားသည် တက္ကသိုလ် မြန်မာအဘိဓာန်တွင် `အကျင့်ရှုပ်ပွေသောသူ၊ ညာ လှိုင်း ခိုမှီနေတတ်သူ´ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ ထိုစကားသည် အဘိဓာန်ထဲ ထည့်သွင်းနိုင်သည့် အဆင့် ရောက်လာ၍ ဗန်းစကား မဟုတ်တော့ကြောင်း မောင်ခင်မင်(ဓနူဖြူ)က မှတ်ချက်ပြုပါသည်။ သို့သော် ထိုစကားကို မြန်မာစာအဖွဲ့မှ ထုတ်ဝေသည့် မြန်မာအဘိဓာန် အကျဉ်းချုပ်တွင် မူလကြမ်းပိုးသတ္တဝါ အကြောင်းသာ အဓိပ္ပါယ်ဖွင့်ဆိုပြထားပြီး တင်စားဆင့်ပွား ကြမ်းပိုးဝေါဟာရအတွက် အဓိပ္ပါယ်ဖွင့်ဆို မပြသောကြောင့် စာပေသုံး ဝေါဟာရအဖြစ်သို့ ရောက်မရောက် အတိအကျ မပြောနိုင်ချေ။

ဗန်းစကားကို စာပေတွင် ထည့်သွင်းသုံးစ အချိန်၌ ပြဿနာများ တက်တတ်သည်။ မကျေနပ်သံ၊ ဝေဖန်သံများ ကြားရတတ်သည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ကြာဋီကာ ရေးစဉ်ကဆိုလျှင်

  • ပြေပြစ်သိမ်မွေ့စွာသော အဓိပ္ပါယ်နှင့် ပညာရှိသုခမိန်တို့ ရေးထားသော `ရွှေကြာနေဝယ်´၊ `ရေမြင့်ကြာတင့်´၊ `စိန်ကြာနွယ်´ အစရှိသော စကားများတွင် ပါရှိသည့် `ကြာ´ ဟူသောစကားကို လောကီအာရုံ၊ ကာမဂုဏ် အမိုက်တရားတို့ကို လိုက်စားကာ မထိန်းနိုင်ကြသော မိန်းမလိုက်စားသည့် ကြာစကား အဓိပ္ပါယ်ဖြစ်အောင် ရေးသားခြင်းသည် မစ္စတာမောင်မှိုင်းဆိုသူ တစ်ယောက်ကိုသာ ကြားဖူးပါသည်။ အကြားအမြင်နည်းသည်ဟု ဆိုလျှင် ခံရပါတော့မည်။ ဤ မစ္စတာမောင်မှိုင်း ကောက်ယူပုံကို ထောက်လျှင် မြန်မာဘာသာစကား ကောင်းများကို ပျက်ပြားတိမ်မြှုပ်၊ မဟုတ်မဟတ်အောင် ရေးသားသည်ဟု တွေးထင်ရန်ရှိသည်။

ဟု `တင်တင်´ ဆိုသူက ဝေဖန်ကြောင်း တွေ့ရသည်။ ယနေ့ခေတ်တွင် `ကြာ´၊` ကြာခို´သော စကားတို့ကို မြန်မာအဘိဓာန်တွင် အဓိပ္ပါယ် ဖွင့်ထားပါသည်။ ထို့ကြောင့် ခိုင်မြဲနေသော စကားတစ်လုံးအဖြစ် တွေ့ရသည်။ [4]

ခေတ်စကား

ခေတ်ပေါ်စကားများသည်လည်း ဗန်းစကားတွင် အကျုံးဝင်သည်။ ဗန်းစကား၊ ခေတ်စကားများကို ခေတ်လူငယ်တို့က ပိုမိုအသုံးပြုကြသည်။ မြန်မာနိုင်ငံတွင် ဟိုမိုဗန်းစကား (အခြောက်စကား) ဆိုသည်လည်းရှိသေး၏။

ကြွက်တွင်း

အင်္ဂလိပ်ဗန်းစကားတစ်ခုဖြစ်သည့် rat hole (ကြွက်တွင်း) ကို အရက် အလွန်အကျွံသောက်လေ့ရှိသူ အရက်သမားဟု ဖွင့်ဆိုနိုင်သည်။ မြန်မာပြည်တွင်လည်း ထိုသို့သော သောက်သုံးသူများကို ကြွက်တွင်းဘွဲ့ ပေးကြသည်။ ကြွက်တွင်းထဲသို့ ရေမည်မျှထည့်ထည့် ပြည့်လျှံသွားသည်ဟူ၍မရှိ၊ သို့မဟုတ် ကြွက်တွင်းပြည့်ဖို့ ရေများစွာ လောင်းထည့်ရမည်။ သင့်လျော်သည့် တင်စားချက်ဖြစ်သည်။

ကြွက်များကို ကမ္ဘာအနှံ့တွေ့နိုင်သဖြင့် ထိုစကားလုံး၊ ထိုဗန်းစကားကို နိုင်ငံအတော်များများတွင် သုံးကြမည်ဟု ယူဆရသည်။ သို့သော်လည်း ကျနော့်မိတ်ဆွေအမေရိကန်အချို့က သူတို ထိုစကားလုံးကို မသုံးတော့ဟု ဆိုသည်။ ငါးလိုပဲသောက်တယ် drink like a fish ဟု သုံးသည်။ သို့သော် သူတို့အမေရိကန်အသုံးက ကြွက်တွင်းလောက် မပီပြင်။ မပီပြင်သော်လည်း ကြွက်တွင်းကို သုံးရမှာ ဝန်လေးပုံရသည်။ ကြွက်တွင်း rat hole ဆိုသည်ကလည်း သူတို့ ပြစ်ပြစ်နှစ်နှစ် ဆဲရေးသည့်အခါ သုံးသည့် ‘888 hole’ နှင့် ဆင်တူရောင်ကွဲဖြစ်နေသည်။

သီးသန့်သုံး ဗန်းစကားများ

စက်ရုံတွေထဲမှာ အလုပ်သမား တွေသာ သိတဲ့ ဗန်းစကားတွေ ရှိသလို သဘင်သမား၊ ရုပ်ရှင်သမား တွေသာ သိတဲ့ ဗန်းစကား တွေလည်း ရှိပါတယ်။ အလားတူပဲ ဆရာဝန်နဲ့ သူနာပြု ဆရာမတွေသာ သိတဲ့ ဆေးရုံးသုံး ဗန်းစကား တွေလည်း ရှိပါတယ်။ စာနယ်ဇင်း လောကမှာလည်း သူတို့သာသိတဲ့ ဗန်းစကား တွေလည်း ရှိပါတယ်။ ဒီလို သီးသန့် နယ်ပယ်သုံး ဗန်းစကားမျိုး တွေကို Jargon ‘ဂျားဂန်း’လို့ ခေါ်ပါတယ်။ နိုင်ငံရေး လောကမှာလည်း အဲဒီလို ဗန်းစကားမျိုးတွေ အများကြီး ရှိနေပါတယ်။ ဒီလိုစကားလုံး ဝေါဟာရတွေက အဘိဓာန် ဖွင့်ကြည့်ရုံနဲ့ သိနိုင်တာ မဟုတ်ဘူး။ စာဖတ်ရည် တော်တော်ကို ၀နေမှ သိနိုင်တာမျိုးတွေ ဖြစ်ပါတယ်။ လာမေးကြတဲ့ လူငယ်လေးတွေက အသက်နှစ်ဆယ် သာသာလောက်သာ ရှိကြသေးတာ ဆိုတော့ စာနယ်ဇင်း လုပ်သက် နုသေးသလို စာဖတ်သက်လည်း တော်တော် နုကြသေးပုံ ရပါတယ်။ ‘နိုင်ငံတော် အတွင်းရေးမှူး’ ဆိုတဲ့ အသုံး တွေ့လိုက်ရတော့ ကိုယ်တိုင်တောင် အူကြောင်ကြောင် ဖြစ်သွားခဲ့ဖူးပါတယ်။ သတင်းဆုံးအောင် သေသေချာချာ ဆက်ဖတ် လိုက်မှ အမေရိကန်များ သုံးသည့် ‘Secretary of state’ ဆိုတာကို ဘာသာပြန် ထားတာမှန်း သိလိုက်ရသည်။ ထိုစာလုံးကို ‘နိုင်ငံခြားရေးဝန်ကြီး’ လို့ ဘာသာပြန်ရမယ် ဆိုတာကို ဘာသာပြန်သူက သိပုံမရပါဘူး။ [5]

ဗန်းစကား နှင့် အလင်္ကာ

အင်္ဂလိပ်စာ လေ့လာသည့်အခါ idiom ဆိုသည်ကို အများအပြားတွေ့ရသည်။ ဗန်းစကား(slang) သည် ထို idiomခေါင်းစဉ်ကြီးအောက်မှ ခေါင်းစဉ်အသေးလေးတစ်ခု ဖြစ်နေသည်။ အင်္ဂလိပ်စာ လေ့လာသူအချို့က ထို idiom များကို လေ့လာသင်ယူရခက်ခဲသဖြင့် ကြောက်ကြ၊ မုန်းကြသည်။"အင်္ဂလိပ်စာက ခက်လိုက်တာ၊ မြန်မာစကားမှာတော့ idiom မရှိဘူး ကောင်းတယ်" ဟု ဆိုသည်။ မြန်မာစာကို ကျောင်းစာအုပ်ထဲ ထားခဲ့ကြသောကြောင့် သတိလစ်သွားကြခြင်းဖြစ်မည်။ ကမာရွတ်မြို့နယ်မှ အင်္ဂလိပ်စကားပြောသင်တန်းဆရာ ဦးဝင်းနိုင်က idiom ကို အလင်္ကာဟု ဘာသာပြန်လိုသည်ဟု ပြောဖူးသည်။

"သူ မသိတာထက် လူမိတာခက်တယ်၊ ... ပတ်ဝန်းကျင်က အလွမ်းသမား သောကသည် လို့၊ ဗန်းစကားနဲ့ ပြောရတယ်ကွယ် …" ဟူသော လွှမ်းမိုးသီဆိုခဲ့သည့် သီချင်းတစ်ပုဒ်မှ စကားလုံးများကို ကြည့်ပါ၊ "အလွမ်းသမား သောကသည်" ဟူသော ဖွဲ့ဆိုချက်ကို တွေ့နိုင်သည်။ ထိုဖွဲ့ဆိုချက်မှာ အလင်္ကာမြောက်သော်လည်း သီချင်းရေးသူက ဗန်းစကားဟုသာ ဆိုထားသည်။ "အလွမ်းသမား"နှင့် ကာရန်ကိုက်ညီစေလို၍ "ဗန်းစကား" ဟူသည့် စကားလုံးကို ရွေးထားခြင်းဖြစ်မည်။ သို့သော်လည်း အဓိပ္ပာယ်ပြောင်းလဲခြင်းလည်းမရှိ၊ သဘောသဘာ၀လည်း တူညီသဖြင့် ထိုသို့ရွေးထားခြင်းလည်း ဖြစ်မည်။ ဤသို့ဖြင့် ကျနော်တို့သုံးနေသော "ဗန်းစကား" များနှင့် "အလင်္ကာ" များ အပြန်အလှန် ဆက်စပ်နေသည်။ ။ https://my.wiktionary.org/wiki/%E1%80%97%E1%80%94%E1%80%BA%E1%80%B8%E1%80%85%E1%80%80%E1%80%AC%E1%80%B8

မြန်မာ့ဗန်းစကား စာအုပ်များ

  1. မြန်မာ ဗန်းစကား (လှသမိန်)ရေး
  2. မြန်မာ ဗန်းစကား အဓိပ္ပါယ်နှင့် သုံးနည်း (လှသမိန်)ရေး
  3. လမ်းပေါ်က ဝေါဟာရများ (မင်းမင်းလတ်)ရေး
  4. မြန်မာစကားနှင့် မှားတတ်သောသတ်ပုံ (ဦးရဲဝေ -မြန်မာစာ)ရေး

ကိုးကား

  1. မြန်မာဘန်းစကား အဓိပ္ပာယ်နှင့် အသုံးအနှုန်း - လှသမိန်
  2. မြန်မာအဘိဓာန် အကျဉ်းချုပ်
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
  4. ဦးအေးချို(မဟာဝိဇ္ဇာ)၏ မြန်မာ့စကား
  5. လူထုစိန်ဝင်း (ဇူလိုင်လ ၂၈ရက်နေ့ထုတ် သစ္စာဂျာနယ်)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.