ဘီလူး

ဘီလူး သည် အဆင်းသဏ္ဌာန် ဆိုးဝါး၍ ရက်စက်ကြမ်းကြုတ်တတ်သော နတ်၊ ဘုတ်၊ မြေဘုတ်၊ ပြိတ္တာ၊ တစ္ဆေ တစ်မျိုးဖြစ်သည်။ သတ္တဝါတို့ကို ညှဉ်းဆဲသတ်ဖြတ်ကာ အသားအသွေးကို စားသောက်တတ်သည့် သဘောရှိသည်။

မြန်မာနိုင်ငံ၊ မယ်လမုဘုရားတွင် တွေ့ရသော ဘီလူးရုပ်တူ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဝက်ဖရာ ကောင် ဘုရားရှိ ယက္ခ

အမည်ဝေါဟာရ

'ဘီလူး' အမည်သည် ပါဠိဘာသာ 'ဘိရု'မှ ဆင်းသက်လာ၏။ ဖြစ်ပေါ်လာပုံမှာ 'ဘိ' စကားလုံးသည် 'ဤ' ဖြစ်လာသည်။ 'ရု' စကားလုံး၌ပါရှိသော 'ရ' ကို 'လ'အဖြစ်ပြောင်းလည်း၍ 'ဥ' ကို 'ဦ' ပြောင်းကာ ဝစ္စနှစ်လုံးထည့်သောကြောင့် 'ဘီလူး' ဖြစ်လာ၏ဟု ပေါရာဏကထာန္ထီကာ တွင်ဆိုသည်။

ဘီလူးကို ပါဠိဘာသာဖြင့် ယက္ခရဆသကုမ္ဘဏ္ဍဒေဝဘူတဒါနဝပေတပိသာစအမနုဿ စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြသည်။ မြန်မာဘာသာစကားဖြင့် ဘီးလူး၊ ရက္ခိုသ်၊ ကုမ္ဘဏ်၊ နတ်၊၊ ဘုတ်၊ မြေဘုတ်၊ ဒေါနော၊ ပြိတ္တာ၊ တစ္ဆေ၊ ဥပါ စသည့် အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်သုံးစွဲလေ့ရှိသည်။

ဖော်ပြချက်

အမျိုးအစားများ

အမျိုးအစားများကို ရှုထောင့်အမျိုးအမျိုးမှ ခွဲခြားကြသည်။ ပထမ ခွဲခြားနည်း တစ်မျိုးမှာ :

  1. ကုန်းဘီလူး
  2. ရေဘီလူး တို့ဖြစ်ကြ၏။

ကုန်းဘီလူး ဆိုသည်မှာ တော၊ တောင်၊ သစ်ပင်၊ အဆောက်အုံ၊ မြေကွင်းပြင်၌ နေထိုင်ကျတ်စားသောဘီလူးမျိုးဖြစ်သည်။ တစ်ဖန် သမုဒ္ဒရာ၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ရေကန်စသည်၌ ကျင်လည်ကျတ်စားသော ဘီလူးသည် ရေဘီလူးအမျိုးစားဖြစ်သည်။

ဒုတိယ ခွဲခြားသော စနစ်မှာ နေထိုင်သော နေရာဌာနပေါ်လိုက်၍ ခွဲခြားခြင်းဖြစ်သည်။ ၎င်းတို့မှာ :

  1. နတ်ပြည်၌ ဖြစ်သောဘီလူးများ
  2. လု့ပြည်၌ ဖြစ်သော ဘီလူးများ

နတ်ပြည်၌ ဖြစ်သောဘီလူးများမှာ ဝိရူဠက နတ်မင်းကြီး၏အခြံအရံ အလုပ်အကျွေး ကုမ္ဘဏ်များ၊ ကုဝေရ နတ်မင်းကြီး၏ အခြံအရံ အလုပ်အကျွေး ဣန္ဒာသောမ စသော ဘီလူးစစ်သည်များ ၊ တလောလော ၊ တတ္ထ လောလော စသော အစောင့်အရှောက် ကိုယ်ရံတော်ဘီလူးများနှင့် သာမာန်ဘီလူးများဖြစ်ကြသည်။

လု့ပြည်၌ဖြစ်သော ဘီလူးများမှာ ရက္ခိုသ် ၊ တစ္ဆေ ၊ ပြိတ္တာ ၊ ဖုတ် ၊ ဒါနော စသည်တို့ဖြစ်၏။

လက္ခဏာ

လူယောင် ဆောင်ထားလျှင် -

  1. မျက်စိနီခြင်း
  2. မျက်တောင်မခတ်ခြင်း
  3. အရိပ်မထွက်ခြင်း
  4. အကြောက်အရွံ့ မရှိခြင်း
  5. ရက်စက်ကြမ်းကြုတ်ခြင်း စသည့် လက္ခဏာများ ရှိသည်ဟု စာပေများက ဖော်ပြကြသည်။

အခွင့်အရေးနှင့် စွမ်းအားများ

အချို့ ဘီလူးများက နတ်မင်း ၊ ဘုရင်တို့ထံမှ နေရာဒေသ ပိုင်းခြားပြီး အပိုင်စားရကာ ၎င်း၏ပိုင်နက်အတွင်း၌ မှီတင်းနေထိုင်သော သို့မဟုတ် ဖြတ်သန်းသွားလာသော သတ္တဝါတို့၏ အပြုအမူအားဖြင့်သော်၎င်း၊ အချိန်အခါကို ပိုင်းခြားသတ်မှတ်၍သော်လည်းကောင်း တစ်စုံတစ်ရာ ပြစ်မှားကျူးလွန်မိသည်များရှိသော် ၎င်းတို့ကိုသတ်စားခွင့်ရှိကြသည်။

သို့သော် အချို့ဘီလူးတို့သည် အပိုင်စားမရကြ၍ သင့်သလို ရှာဖွေစားသောက်ကြသည်။ အချို့မှာ တမူထူးခြားလျှက် နတ်သုဒ္ဓါ (သို့) လူများက ပူဇော်ပသထားသော အစားအစာများကို စားခွင့်ရကြသည်။

တန်ခိုးအာနုဘော် ကြီးမားကြသော ဘီလူးများရှိသကဲ့သို့ ထိုသို့အစွမ်းနည်းပါးသော ဘီးလူးများလည်းရှိကြသည်။ အချို့ဘီလူးများသည် လက်နက်အမျိုးမျိုးကို ကိုင်ဆောင်ကြသော်လည်း အချို့ဘီလူးတို့မှာ လက်နက်ကိုင်ဆောင်ခြင်း မရှိကြပေ။ နတ်ဘီလူးတို့သည် မိမိတို့ကိုယ်ကို လူတို့မမြင်အောင် ကွယ်ဖျောက်နိုင်ကြ၍ မြင်အောင်လည်း ပြနိုင်သည့် အစွမ်းများလည်း ပိုင်ဆိုင်ထားသည်။ သတ္တဝါအမျိုးမျိုး၊ ရုပ်အဆင်းသဏ္ဌာန် အမျိုးမျိုး ဖြစ်လာအောင် ဖန်ဆင်းပြောင်းလဲနိုင်ကြသည်။

စာပေရင်းမြစ်များ

မြန်မာ ရာဇဝင်ပုံပြင် ဇာတ်လမ်းများ

မဟာရာဇဝင်ကြီး ၊ ပထမတွဲတွင် ယာခင်းစောင့်သော အခိုင်းအစေ အမျိုးသမီးတစ်ဦးနှင့် ဘုမ္မစိုး ဘီလူး ပေါင်းသင်း၍ သားတစ်ယောက်မွေးကာ ထိုသားသည် ပုဂံမင်းဆက်မှ (၂၆)ဆက်မြောက် မြင်းကျွေးမင်း ဖြစ်သည်ဟူ၍ ဖော်ပြထားသည်။

ပုဂံခေတ်နှင့်ပတ်သက်သော ဒဏ္ဍာရီဇာတ်လမ်းတစ်ခုတွင် ပန်းတော်ဆက် ဗျတ္တ နှင့် ပုပ္ပားအရပ်က ဘီလူးမ ပေါင်းစပ်ပြီး ရွှေဖျဉ်းကြီး ၊ ရွှေဖျဉ်းငယ် ဟူသော သူနှစ်ဦးမွေးဖွား၍ ထိုသူနှစ်ဦးကို ယခုခေတ် နတ်ကိုးကွယ်သော အယူရှိသည့် လူမှုအသိုင်းအဝိုင်းကြားတွင် တောင်ပြုန်းမင်းနှစ်ပါးအဖြစ် သိရှိကြသည်။

ထင်ရှားလူသိများသော ဒဏ္ဍာရီဆန်သည့် ဇာတ်လမ်းပုံပြင်တစ်ခုကို မဟာရာဇဝင်တော်ကြီး ပထမတွဲတွင် ဖော်ပြထားသည်။ ပုဂံပြည့်ရှင် အနော်ရထာမင်းစောသည် လယ်တွင်း ကိုးခရိုင်မှ ပြန်လာ၍ ပုဂံမြို့သရပါ တံခါးသို့ရောက်သောအခါ မုဆိုးတစ်ယောက်သည် အောင်သာမြစ်ခြေအရပ်၌ စက္ခုပါလ ကျွဲရိုင်းသည် လူတို့ကို ရန်ပြု၍ နေပါသည် လျှောက်ထားရာ မင်းကြီးသည် မြို့တော်သို့မဝင်သေးဘဲ ဆင်နှင့် တိုက်သတ်မည်ဟု မိန့်ဆိုကာ ဆင်တော်သန်မြင်စွာကို စီးလျက် စစ်သည်ဗိုလ်ပါနှင့်တကွ လိုက်တော်မူသည်။ ထိုအခါ ကျွဲရိုင်းသည် ဆင်ထက်တွင် စီးနေသော မင်းကြီးကို ခတ်လိုက်ရာ မင်းကြီးနတ်ရွာစံတော်မူသည်။ ထိုကျွဲရိုင်းကား ကျွဲစစ်မဟုတ်၊ ရန်သူ ဖြစ်ဘူးသော လိန်ပင်စောင့်နတ် ကျွဲယောင်ဆောင်၍ ခတ်ခြင်းဖြစ်သည်။ အထူးသဖြင့်ဘုရင်မင်းမြတ်များ နတ်ရွာစံခါနီးနှင့် နန်းကျခါနီး၌ ဘီလူးရယ်သည်ဟုလည်း ဆိုကြသည်။ ဘီလူး ကိုယ်ထင်ပြသည်ဟု အဆိုရှိသည်။ ထိုသို့ဖြစ်ခြင်းကို နိမိတ်ဟု ယူဆကြသည်။

မွန်ရာဇဝင်ကျမ်းများနှင့် ဓမ္မစေတီမင်း၏ ကျောက်စာများတွင် ဘီလူးကျွန်းရဲ့ သမိုင်း၊ မွန်ခမာ-နီဂရစ်တို စစ်များ အပြီး နယ်မြေ သိမ်းပိုက်ခြင်းများအကြောင်း၊ ရေဘီလူးများ သောဏထေရ်တို့ ရောက်လာပြီး နောက်ပိုင်း နယ်မြေပြောင်းရွှေ့ကြပုံများအကြောင်းကို ရေးသားဖော်ပြထားသည်။ ဘီလူးကျွန်းသည် သထုံဒေသကို အုပ်စိုးခဲ့ကြသော ဘီလူးများ (နီဂရစ်တို ဟူသော မျိုးနွယ်စုများ) စတင်နေထိုင်ခဲ့ကြကြောင်း တိကျသော သမိုင်း အထောက်အထားများအရ သိရှိရပါတယ်။ နောက်ပိုင်း ဘီလူးများ အကျွတ်တရားရပြီး ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်လာခြင်း ၊ ဗုဒ္ဓဘာသာဆိုင်ရာ သာသနိက အဆောက်အဦးများကို စောင့်ရှောက်ခြင်း များရှိခဲ့သောကြောင့် ဘုရားစေတီ၊ သိမ်ကျောင်း၊ တန်ဆောင်း ၊ ရေကန်များတွင် ဘီလူးရုပ်ထုများ ထုလုပ်ထားတတ်ကြောင်း မွန်ရာဇဝင်များမှတစ်ဆင့် သိရှိနိုင်ပါသည်။ ဘီလင်းမြို့နယ် ၊ ဇုတ်သုတ်ရွာ ၊ ထီးဆောင်းဘုရားသည် ဘီလူများတည်သည်ဟု အဆိုရှိသည်။

အာဠာဝက ဘီလူး

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အာဠာဝကဘီလူး

မြတ်စွာဘုရား လက်ထက်တော်အခါ ထင်ရှားသော အာဠာဝက ဘီလူးသည် မဇ္ဈိမဒေသ အာဠဝီပြည်အနီး တောကြီးအတွင်းဝယ် ကြီးကျယ်ခမ်းနားသော ဗိမာန်၌ မောင်းမမိဿံ ခြွေရံများနှင့်တကွနေ၏။ ဗိမာန်ကြီး၏ အနီး ညောင်ပင်ကြီးကို အပိုင်စားရ၏။ ယင်းညောင်ပင်အောက်သို့ဝင်လာသော သတ္တဝါတို့ကို စားစေဟု စတုမဟာရာဇ် နတ် မင်းတို့ထံမှ အခွင့်ရသဖြင့် ထိုညောင်ပင်ကြီးအောက်သို့ဝင်လာသော သတ္တဝါတို့ကို သတ်ဖြတ်ကာ စားသောက်၍နေ၏။ တစ်နေ့သောအခါ မြတ်စွာဘုရားကြွလာတော်မူ၍ တရားဟောရာ ကျွတ်တမ်းဝင်လျက် သောတာပန်အရိယာအဖြစ်သို့ရောက်လေသည်။

ကာကဝလိယဇာတ်

ကာကဝလိယဇာတ်တွင် ဒီဃတာလ ဘီလူးသည် ရာဇဂြိုဟ်ပြည် မြို့တံခါးမှာ စောင့်နေ၍ နေဝင်မှ အာရုံတက်အထိ နောက်ကျပြီး ရောက်လာသူ ၊ ဝင်သူတွေကို စားခွင့်ကို ဘုရင်ဆီက ရထားသည်။

ရတနသုတ်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ရတနသုတ်

ခုဒ္ဒကပါဌ အဋ္ဌကထာ ရတနသုတ်အဖွင့် ဝေသာလီ ဝတ္ထုတွင် ဝေသာလီပြည်၌ (၁) အစာငတ်မွတ်ခြင်း ဘေး (၂) ဘီလူးဘေး (၃) အနာရောဂါဘေး၊ ဤဘေးကြီး ၃ ပါးဆိုက်ရောက်၍ လူအများ သေကြေပျက်စီးသော အခါ မြတ်စွာဘုရားကိုသွား၍ ပင့်ဖိတ်သဖြင့် ရဟန်းငါးရာနှင့် ကြွလာတော်မူပြီးလျှင် ရတနသုတ်ပရိတ်တော်ကို ဟောတော်မူရာ ဘေးကြီး ၃ ပါး အေးငြိမ်း၍ လူအများ အသက်ဘေးမှ ချမ်းသာလေသည်။

ပဒကုသလ မာဏဝ ဇာတ်

ပဒကုသလ မာဏဝ ဇာတ်မှာ ဘီလူးမက လိုဏ်ဂူမှာနေပြီး သူအပိုင်စားရတဲ့ တောထဲရောက်လာသူတွေကို ဖမ်းစားတယ်။ တစ်နေ့တော့ ချောမောတဲ့ ပုဏ္ဏားကိုဖမ်းမိပြီး မစားဘဲ ပေါင်းသင်းနေလိုက်တယ်။ ကောင်းစွာရှာဖွေကျွေးမွေးတယ်။ နောက်တော့ သားလေးမွေးလာတယ်။ သားအဖနှစ်ယောက်ထွက်ပြေးကြတော့ ဘီလူးမကြီး ရင်ကွဲနာကျသေရရှာတယ်။ လူ့ပြည်မှာ သားအဆင်ပြေဖို့ ဂါထာတစ်ခု သင်ပေးလိုက်တယ်။ ထိုဂါထာမှာ စိန္တာမဏိဂါထာတော် ဖြစ်သည်။ ပစ္စည်းပျောက်ရှာရာတွင် အလွန်အစွမ်းထက်၏။

ပါရာဇိကဏ် အဋ္ဌကထာ

ပါရာဇိကဏ် အဋ္ဌကထာမှာလဲ သုဝဏ္ဏဘုမ္မိ ၊သထုံပြည် မှာ ရေဘီလူးတွေက သီရိမာသောကမင်း ရဲ့ မွေးဖွါးခါစ ကလေးတိုင်းကို လာစားလို့ တတိယသံဂါယနာ တင်အပြီးရောက်လာတဲ့ သောဏထေရ် နဲ့ ၊ ဥတ္တရထေရ်တို့က မနုဿီုံဟရုပ်တွေ ဖန်ဆင်းပြီး ဘီလူးတွေကို လိုက်ကြတယ်။ လူတွေကို ကာကွယ်ပေးတယ် ဆိုပါတယ်။ ပြီးမှ ကျန်တဲ့ ဘီလူးတွေကို ဗြဟ္မဇာလသုတ်တော် ဟောပြီး အကျွတ်တရားရစေတယ်။ အဲဒီနေ့က မွေးတဲ့ ကလေးကိုလဲ သောနုတ္တရ မင်းသားလို့ ခေါ်တယ်။

သုစိလောမနှင့် ခရလောမ

သုစိလောမ ဘီလူးနှင့် ခရလောမ ဘီလူးတို့သည်လည်း မဟာဗောဓိပင်အနီး ဂယာရွာကြီး၏ တံခါး တံမြက်ချေးစွန့်ရာ အရပ်ဝယ်နေကြ၏။ တစ်နေ့သောအခါ မြတ်စွာ ဘုရားကြွလာတော်မူ၍ တရားဟောရာ၊ ကျွတ်တမ်းဝင် သောတာပန် အရိယာ အဖြစ်သို့ရောက်လျက်၊ ဘုမ္မစိုး နတ်တို့စည်းစိမ်ချမ်းသာကို ခံစားကြရလေသည်။

သာတာဂိရိ နှင့် ဟေမဝတ

သာတာဂိရိတောင်၌ နေသော သာတာဂိရိ နတ်ဘီလူးစစ်သူကြီးနှင့် ဟေမဝတတောင်၌နေသော ဟေမဝတနတ်ဘီလူး စစ်သူကြီး နှစ်ယောက်တို့လည်း တစ်ထောင်သော နတ်ဘီလူး အပေါင်း ခြံရံလျက် မိဂဒါဝုန်တော မြတ်စွာဘုရားထံသို့သွား၍ သရားနာကြရာ ကျွတ်တမ်းဝင်ကာ သောတာပန် အရိယာအဖြစ်သို့ရောက်ကြသည်။ အခြံအရံ နတ်ဘီလူးတို့သည် သရဏဂုံ၊ ပဉ္စသီ၌ တည်ကြသည်။

အပဏ္ဏကဇာတ်

ငါးရာငါးဆယ် နိပါတ်တော် အပဏ္ဏကဇာတ်တွင် ရေမရှိသော ကန္တာရခရီး၌နေသော ဘီလူးတို့သည် ခရီးသည်တို့ကို လှည့်ပတ်ကာ စားကြသည်။

မဟာသီလဝဇာတ်

မဟာသီလဝဇာတ်တွင် သုသာန်၌ လူသေကောင်ကို လုနေသော ဘီလူးနှစ်ယောက်အား မဟာသီလဝမင်းကြီးက ခွဲဝေပေးရသည်။

ပဉ္စာဝုဓဇာတ်

ပဉ္စာဝုဓဇာတ်တွင် တောအလယ်၌နေသော ကပ်စေးနှဲ ဘီလူးသည် တောတွင်းသို့လာသော သူတို့ကိုဖမ်း၍ စားသည်။

ဝလာဟကဇာတ်

ဝလာဟကဇာတ်တွင် သီဟိုဠ်ကျွန်း သိရိသဝတ္ထုမြို့၌နေသော ဘီလူးတို့သည် ကျွန်းသို့လာသော သူတို့ကို ဖမ်း၍စားကြသည်။

တေလပတ္တဇာတ်

တေလပတ္တဇာတ်တွင် ဗာရာဏသီပြည်နှင့် တက္ကသိုလ်ပြည်အကြား တောအုပ်ကြီး၌နေသော ဘီလူးတို့သည် တောအုပ်ကြီးသို့လာသော သူတို့ကို ဖမ်း၍ စားကြသည်။

ဘဂ္ဂဝဇာတ်

ဘဂ္ဂဝဇာတ်တွင် ဗာရာဏသီမြို့တော် တံခါးပြင်ဘက်ရှိ ဇရပ်၌နေသော ဘီလူးသည် ဇရပ်တွင်းသို့ဝင်သော သူတို့အနက် ချေဆတ်သောအခါအသက်ရှည်စေသော် ဆိုသောသူနှင့် တစ်ဖန်တုံ့ပြန်ကာ အသက်ရှည်စေသော သူတို့မှ တစ်ပါးသောသူတို့ကို စားစေဟု နတ်မင်းကြီးတို့ထံမှ အပိုင်စားရသဖြင့် ထိုဇရပ်တွင်း သို့ဝင်သောသူတို့ကို စိစစ်၍ စားသည်။

ဂုမ္ဗိဇာတ်

ဂုမ္ဗိဇာတ်တွင် ဂုမ္ဗိယဘီလူးသည် ဗာရာဏသီပြည် တောအုပ်တစ်ခုဝယ် လမ်းခရီး၌ အဆိပ်ထည့်ထားသော ပျားလဘို့တို့ကို ကုသိုလ်ပြုသည် ထင်မှတ်အောင် လှည့်ပတ်ကာထား၍ စားမိသဖြင့် သေသောသူတို့ကိုစားသည်။

သုတနုဇာတ်

သုတနုဇာတ်တွင် ဗာရာဏသီပြည် တစ်ခုသော ညောင်ပင်၌ နေသေလာမဒေဝ ဘီလူးသည် ညောင်ပင်အောက်သို့ဝင်သော သူတို့ကို စားသည်။

ကာကဝလိယ သူဌေးဝတ္ထု

ကာကဝလိယ သူဌေးဝတ္ထုတွင် ရာဇဂြိုဟ်မြို့တံခါး ထန်းပင်နှစ်ပင်၌နေသော ဒီတာလဘီလူးသည် နေဝင်သည်မှ အရုဏ်တက်သည်အထိ မြို့တံခါးမှဝင်သော သူ ထွက်သောသူတို့ကို စားစေဟု ဘုရင်မင်းမြတ်ထံမှ အပိုင်စားရသဖြင့် မြို့တံခါးမှ ဝင်သောသူ ထွက်သောသူတို့ကို စားသည်။

နကပါနဇာတ်

နကပါနဇာတ်တွင် ဟိမဝန္တာတောအတွင်းရှိ ရေအိုင်တစ်ခု၌နေသာ ရက္ခိုသ် ဘီလူးသည် ရေအိုင်အတွင်းသို့ဆင်းသက်သော သတ္တဝါတို့ကို ဖမ်း၍စားသည်။

ဒေဝဓမ္မဇာတ်

ဒေဝဓမ္မဇာတ်တွင် ဟိမဝန္တာတော အတွင်းရှိ ရေအိုင်တစ်ခု၌ နေသော ရက္ခိုသ်ဘီလူးသည် ရေအိုင်အတွင်းသို့ဆင်းသက်သော သူတို့တွင် ဒေဝဓမ္မတရားနှစ်ပါးကို မသိသောသူ တို့ကို စားစေဟု နတ်မင်းကြီးတို့ထံမှ အပိုင်စားရသဖြင့် ဆင်းသက်သော သူတို့ကို မေးမြန်းစိစစ်၍စားသည်။

အယကူန္ထဇာတ်

အယကူန္ထဇာတ်တွင် ဗာရာဏသီမင်းကြီးသည် သတ္တဝါတို့အသက်ကို မသတ်ရဟု စည်လည်စေသဖြင့် ဘီလူးတို့သည် သတ္တဝါတို့အသားအသွေးဖြင့် ပူဇော်သက္ကာရကို မရသောကြောင့် အမျက်ထွက်ကာ ကုမ္ဘဏ်ရက္ခိုသ် ဘီလူး တစ်ဦးကို စေလွှတ်ရာ၊ ထိုဘီလူးသည် သံတူကြီးကိုကိုင်လျက် ညဉ့်အခါ မင်းကြီး၏ကျက်သရေတိုက်ခန်းသို့ဝင် ၍ မင်းအားသတ်မည်ပြုသောအခါ၊ သိကြားမင်းလာ၍ စောင့်ရှောက်သဖြင့်၊ မသတ်ဝံ့ဘဲ ပြေးရသည်။

သမုဂ္ဂဇာတ်

သမုဂ္ဂဇာတ်တွင် ဗာရာဏသီပြည် တောအုပ်တစ်ခု၌ နေသော ရက္ခိုသ်ဘီလူးသည် တောအုပ်အတွင်းသို့ရောက်လာသော သူတို့ကို ဖမ်း၍စားသည်။

သမ္ဗူလဇာတ်

သမ္ဗူလဇာတ်တွင် ဒါနောရက္ခိုသ် ဘီလူးသည် နူနာစွဲကပ်သဖြင့် တော၌နေသော သောသေနမင်းသား၏ မိဖုရားသမ္ဗူလကို သစ်သီးရှာသွားခိုက် ဖမ်း၍ စားမည်ပြုသောအခါ သိကြားမင်းလာ၍ ဒဏ်ခတ်သဖြင့် မစားဝံ့ဘဲ ပြေးရသည်။

ပဒကုသလမာဏဇာတ်

ပဒကုသလမာဏဇာတ်တွင် တောင်ခြေရင်းရှိ လိုဏ်ဂူတစ်ခု၌နေသော အဿမုခီဘီလူးမသည် တောအုပ် အတွင်းသို့လာသော သူတို့ကို ဖမ်း၍စားသည်။ တစ်နေ့သောအခါ ပုဏ္ဏား လုလင်တစ်ယောက်ကို ဖမ်း၍မိရာ၊ မစားဘဲ ခင်ပွန်းလင်ပြု၍ထားသဖြင့်၊ ပဒကုသလ လုလင်ကို မွေးဖွားသည်။ ထိုပဒကုသလ လုလင်ကား လူယောကျာ်းနှင့် ဘီလူးမိန်းမစပ်သောကြောင့် လူစပ်ဘီလူးဖြစ်သည်။

မဟာဝင်ဝတ္ထု

မဟာဝင်ဝတ္ထုတွင် သီဟိုဠ်ကျွန်း၌ ရှေးဦးစွာ နန်းတက်သော ဝိဇယမင်းကြီးသည် ကုဝဏ္ဏာမည်သော ဘီလူးမကို မိဖုရား‌‌မြှောက်သဖြင့် ဇီဝဟ·သားတော်နှင့် ဒီပေသမီးတော် မွေးဖွားသည်။ ထိုသားတော် သမီးတော်တို့ကား လူယောကျာ်းနှင့် ဘီလူးမိန်းမ စပ်သောကြောင့် လူစပ်ဘီလူးများ ဖြစ်ကြသည်။

ဇယဒိသဇာတ်

ဇယဒိသဇာတ်တွင် သုဿာန်၌နေသော ရန်သူ ဘီလူးမ တစ်ယောက်သည် ပဉ္စာလမင်းကြီး၏ မိဖုရားကြီးမှ မွေးဖွားသော ပထမသားတော်နှင့် ဒုတိယသားတော်တို့ကို စားပြီးလျှင်၊ တတိယသားတော်ကိုကား မစားတော့ ဘဲ၊ သားအမှတ် မွေးစားထားသည်။ ထိုပဉ္စာလမင်းကြီး၏ တတိယားတော်သည် ဘီလူးမထံတွင် လူသားဖြင့် ကြီးပြင်းလာရကား မိမိကိုယ်ကို ဘီလူးစစ် မှတ်ထင်ကာ၊ လူတို့ကိုဖမ်း၍ စားလျက်သာနေသည်။ စင်စစ်အားဖြင့် ဘီလူးမဟုတ်၊ လူဘီလူးသာဖြစ်သည်။

မဟာသုတသောမဇာတ်

မဟာသုတသောမဇာတ်တွင် ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းသည် လူသားကို စားသဖြင့်၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းခံရသောကြောင့်၊ တောသို့ဝင်ကာ၊ လူတို့ကို ဖမ်း၍စားနေသဖြင့်၊ လူသား ပေါရိသာဒဟု ခေါ်ဝေါ်ကြသည်။ ထိုမင်းလည်းလူဘီလူးပင်ဖြစ်သည်။ နောက်မဟာသုတသောမမင်း တရားဟောသဖြင့် လူသားကို စွန့်လွှတ်သည်။

အယောရဇာတ်

အယောရဇာတ်တွင် ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း၏ မိဖုရားကြီးမှ မွေးဖွားသော ပထမသားတော်နှင့် ဒုတိယသားတော်တို့ကို ရန်သူဘီလူးမသည် အတင်းလုယူ၍ စားသည်။ တတိယားတော်ကို ကိုယ်ဝန်တည်သော အခါ၊ မင်းကြီး၏ မေးမြန်းချက်အရ၊ ဘီလူးတို့မည်သည် သံကိုကြောက်ကုန်၏ဟု အမတ်တစ်ယောက် လျှောက် ထားသဖြင့်၊ သံအိမ်ကြီးကို ဆောက်လုပ်စေပြီးလျှင်၊ ထိုသံအိမ်ကြီးအတွင်း၌ မိဖုရားကြီးကို ဖွားမြင်စေရာ၊ ဘီလူးမ မစားနိုင်သဖြင့်၊ အသက်ဘေးမှ ချမ်းသာရာရသည်။

ကာဠီယက္ခိနီ ဘီလူးမဝတ္ထု

ဓမ္မပဒအဋ္ဌကထာ ကာဠီယက္ခိနီ ဘီလူးမဝတ္ထုတွင် သာဝတ္ထိပြည် အမျိုးသမီး တစ်ယောက်မှ မွေးဖွားသော ပထမသားနှင့် ဒုတိယသားတို့ကို ရန်သူဖြစ်သော ကာဠီယက္ခိနီ ဘီလူးမသည် အတင်းလုယူ၍ စားလေသည်။ တတိယသားကိုကား ဘီလူးမဘေးမှ လွတ်မြောက်ရန် အမျိုးသမီးသည် ခင်ပွန်းလင်နှင့်တကွ သွား၍ ဆွေမျိုးအိမ်၌ မွေးဖွားပြီး သားငယ်ကို ယူလာရာ လမ်းခရီးတွင် ဘီလူးမ အတင်းလိုက်လာသည်ကို မြင်လျှင် မြတ်စွာဘုရား တရားဟောရာကျောင်းတော်သို့သွား၍ မြတ်စွာဘုရားရှေ့တော် တွင်ချကာ သားငယ်ကို လှူဒါန်းပါ၏။ အသက်ကို ကယ်တော်မူပါဘုရားဟု လျှောက်ထားလေ၏။ ဘီလူးမ လိုက်လာသောအခါ မြတ်စွာဘုရား တရားတော်ကို ကြားနာရသဖြင့် ကျွတ်တမ်းဝင်ကာ သောတာပန် အရိယာ အဖြစ်သို့ရောက်လေသည်။

ပါရာဇိကဏ် အဋ္ဌကထာ ဗာဟိရနိဒါန်း

ပါရာဇိကဏ် အဋ္ဌကထာ ဗာဟိရနိဒါန်းတွင် သမုဒ္ဒရာအနီးရှိ သုဝဏ္ဏဘူမိ သထုံပြည် သီရိမာသောကမင်း ၏ နန်းတော်၌ မွေးဖွားတိုင်းသော သားတို့ကို သမုဒ္ဒရာ၌နေသော ရက္ခိုသ်ဘီလူးမသည် လာ၍စားလေ့ရှိ၏။ တတိသင်္ဂါယနာတင်ပြီးနောက် သောဏထေရ်နှင့် ဥတ္တရထေရ်တို့ ရောက်လာသောနေ့၌လည်း နန်းတော်၌ သားဖွားခိုက်ကြုံသဖြင့် ရက္ခိုလ်ဘီလူးမသည် အရံငါးရာနှင့်တကွ စားမည်ဟုလာပြန်ရာ ဘီလူးတို့ရန်ကို နှိမ်နင်း ရန် လက်နက် ကိုယ်စီကိုင်၍ လာကြသော လူတို့လျှောက်ထားသဖြင့် မထေရ်တို့သည် ထိုရက္ခိုသ် ဘီလူးတို့ထက် နှစ်ဆကြီးသော ကိုယ်ရှိသော မနုဿီဟ သဏ္ဌာန်ဖန်ဆင်း၍ လိုက်သောကြောင့် ဘီလူးတို့ပြေးကြသည်။ မထေရ်တို့က ဗြဟ္မဇာလသုတ်ကို ဟောသဖြင့် အကျွတ်တရား ရကြသည်။ နန်းတော်၌ မွေးဖွားသော သားကိုလည်း မထေရ်တို့တန်ခိုးကြောင့် အသက်ချမ်းသာရာရသည့်အတွက် မထေရ်တို့အမည်ကိုယူ၍ သောနုတ္တရသတို့သားဟု အမည်မှည့်ကြသည်။

သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထု

ဗမ္မပဒအဋ္ဌကထာ သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထုတွင် သုပ္ပဗုဒ္ဓသူနူသည် တစ်နေ့သောအခါ မြတ်စွာ ဘုရား တရားတော်ကို နာရ၍ ကျွတ်တမ်းဝင်ကာ သောတာပန် အရိယာအဖြစ်သို့ရောက်ပြီးလျှင် မြတ်စွာဘုရားထံတော်မှ ပြန်လာရာ၊ ရန်သူဖြစ်ဘူးသော ဘီလူးမသည် သားသည်အမိ နွားမယောင်ဆောင်၍ ဝှေ့သဖြင့် အနိစ္စရောက်ရ သည်။ ထိုပြင် ထိုဘီလူးမသည်ပင်လျှင် နွားမယောင်ဆောင်၍ ဝှေ့သဖြင့် ပက္ကုသာတိအမျိုးသား၊ ဗာဟိယ ဒါရုစိရိယ၊ တမ္ဗဒါဌိက ခိုးသူသတ်တို့လည်း အနိစ္စရောက်ကြရသည်။ ( ဤဘီလူးမကို နွားယောင် ဆောင်သော ကြောင့် နွားဘီလူးမဟု ဆိုထိုက်သည်။ )

ဇောတိက သူဌေးကြီး ဝတ္ထု

ဇောတိက သူဌေးကြီး ဝတ္ထုတွင် ဇောတိက သူဌေးကြီး၏ အိမ်၌ တံတိုင်းခုနစ်ထပ်တို့၏လေးမျက်နှာ တို့တွင် ပထမတံခါးမုခ်ဝ၌ ဥပ္ပလနတ်ဘီလူးသည် အရံနှစ်ထောင်နှင့် စောင့်၏။ တတိယတံခါး မုခ်ဝ၌ ဝဒိရ နတ်ဘီလူးသည် အရံသုံးထောင်နှင့် စောင့်၏။ စတုတ္ထတံခါး မုခ်ဝ၌ ဝဇိရဗာဟု နတ်ဘီလူးသည် အရံ လေးထောင် နှင့်စောင့်၏။ ပဉ္စမ တံခါးဝမုခ်ဝ၌ သံကနနတ်ဘီလူးသည် အရံငါးထောင်နှင့် စောင့်၏။ ဆဋ္ဌမတံခါးမုခ်ဝ၌ ကန္ထ နတ်ဘီလူးသည် အရံခြောက်ထောင်နှင့် စောင့်၏။ သတ္တမ တံခါးမုခ်ဝ၌ ဒိသာပါမောက္ခ နတ်ဘီလူးသည် အရံခုနစ်ထောင်နှင့် စောင့်၏။ ( ဤစကားကို ထောက်ထားသဖြင့် အခြားနေရာဌာနတို့၌ လည်း ထိုက်သည် အားလျော်စွာ နတ်ဘီလူးများ စောင့်သည်ဟု ယူဆသင့်လေသည်။ )

နိုင်ငံတကာ ဒဏ္ဍာရီဇာတ်လမ်းများမှ ဘီလူးများ

အထက်ဖော်ပြပါ ဗုဒ္ဓအယူဝါဒီတို့ကြားဘူးနားဝရှိနေကြသော ဘီလူးများအပြင်၊ ဥရောပတိုက်၊ အာရှ တိုက်တို့မှ နိုင်ငံအသီးသီး၊ လူမျိုးအထွေထွေ၏ ထုံးဟောင်းပုံပြင်များတွင်လည်း လူမျိုးအလိုက်၊ ဒေသအလိုက် ဒဏ္ဍာရီဘီလူး အမျိုးမျိုး ရှိကြလေသည်။ အာရိယန် အဆက်အနွယ် လူမျိုးများ၏ ထုံးဟောင်းပုံပြင်များတွင် လူ့အသွင်အပြင် ရှိသော်လည်း၊ လူထက်များစွာ သန်မာ ထွားကျိုင်းသော ဘီလူးများအကြောင်း အမျိုးမျိုး အဖုံဖုံပါရှိသည်။

ဂရိလူမျိုးများ၏ ထုံးဟောင်းပုံပြင်များ၌မူ၊ ဘီလူးတို့သည် အလွန်တရာ ကြီးမားထွားကျိုင်း၍ ကြောက်မက်ဖွယ်ရာ မျက်နှာပုံပန်း ရှိပြီးလျှင်၊ နဂါးအမြီးပါရှိကြောင်း ဖော်ပြကြသည်။ ထို့ပြင် ထိုဘီလူးများသည် ယူရေးနပ်စ် (သို့) အောရန်းနို့စ် တိုက်တန်နတ်ဘုရား (ကောင်းကင်) ၏ သွေးသည် ဂိုင်ယာ တိုက်တန်နတ်ဘုရားမ ( မြေကြီး ) ၏ ပေါင်ပေါ်သို့ကျရာမှ ဖြစ်ပေါ်လာသည်ဟုဆို၍ ထိုဘီလူးများကို တိုင်တန်ဟုခေါ်သည်။ စိတ်ကူးဉာဏ် အလွန်ဆန်းကြယ် ကွန့်မြူးသော ဂရိ သူဟောင်းတို့အလိုအရ၊ လူသတ္တဝါ၊ ရေမြေတောတောင်တို့၏ ဖြစ်ပေါ်မှုကို ဖျက်ဆီးသောရေ၊ မြေ၊ လေ၊ မီးတို့၏ ဖောက်ပြန်မှုတို့ကို ဘီလူးများဟု ယူဆကြသည်။ ထိုဘီလူးတို့သည် ကောင်းကင်ဘုံသို့ပင် တက်ရောက် တိုက်ခိုက် ကြရာ၊ ကောင်းကင်ဘုံနတ်များပင်၊ ယင်းတို့အား မတွန်းလှန်နိုင်သဖြင့်၊ စွမ်းအား ကြီးမားလှသော ဟားကျူးလီး အား အကူအညီ ခေါ်ရသောဟူ၏။

နတ်များသည် ဟားကျူးလီး၏ အကူအညီဖြင့် ဘီလူးများကို နှိမ်နင်းပြီးနောက်၊ အက်တနာစသော မီးတောင်များအောက်တွင် ဘီလူးများကို ချုပ်နှောင်အကျဉ်းချထားရသည်။ မီးတောင် ပေါက်ကွဲမှုစသည်တို့သည် ဘီလူးများ၏ ရုန်းကန်လှုပ်ရှားမှုဟု ဆိုကြလေသည်။

ဥရောပမြောက်ပိုင်း နိုင်ငံများ၏ ထုံးဟောင်းပုံပြင်များမှ ဘီလူးများသည်မူ ဂရိဘီလူးများထက်ပင် အဆင့်အတန်းမြင့်သေးသည်။ စကန်ဒီနေးဗီးယန်း ထုံးဟောင်းပုံပြင်တွင် ကမ္ဘာ၌ဦးစွာ ပထမစတင်ပေါ်ပေါက်သော သတ္တဝါသည် အီမီးယာအမည်ရှိ ဘီလူးကြီးဖြစ်၍ ဘီလူး (လူထွား)မျိုးနွယ်ကို စတင်ခဲ့သူဟု ဆိုလေသည်။

နေပူခြင်း၊ မိုးရွာခြင်း၊ လေပြင်းကျခြင်းစသော ကမ္ဘာ့နိယာမ တရားတို့ကိုလည်းကောင်း၊ ယဉ်ကျေးမှု တိုးတက်ရေးကို အနှောင့်အယှက်ပြုသော အရိုင်းအစိုင်းဝါဒများကို လည်းကောင်း၊ ခရစ်ယာန်ဝါဒနှင့် ပန္ထိပက္ခဖြစ် သော မိစ္ဆာဒိဋ္ဌိ အယူဝါဒတို့ကိုလည်းကောင်း ရှေးသူဟောင်းတို့သည် ဘီလူးများနှင့် ဥပစာတင်စား၍ ပုံပြင်ဒဏ္ဏာရီ ပြုထားခြင်းများလည်း ရှိလေသည်။

ဝေလနယ်တွင် ခေတ်စားသော ဘီလူးသတ် လူစွမ်းကောင်းဂျက်၏ ပုံပြင်သည် ခရစ်ယာန် ဝေလနယ်သားများနှင့် မိစ္ဆာ အန်ဂလို-ဆက်ခ်ဆန်များ၏ ပန္ထိပက္ခကို ဥပစာ တင်စားထားခြင်းဖြစ်လေသည်။

သုံးသပ်ခြင်း

သိပ္ပံပညာရပ် ထွန်းကားလာသော ခေတ်တွင် သိပ္ပံပညာရှင်များက ထုံးဟောင်းပုံပြင်ပါ ဘီလူးများကို အယုံအကြည်မရှိကြချေ။ သို့သော် အချို့လူများသည် လူသာမန်တို့ထက် အဆမတန် ကိုယ်လုံးကိုယ်ထည် ကြီးမားလှ၍၊ ယင်းတို့ကို ဘီလူးဟုခေါ်ကြသည်။ သို့သော် ဒဏ္ဏာရီပုံပြင်ပါ ဘီလူးများကဲ့သို့တန်ခိုးစွမ်းအား ရှိသည်ဟုကား မယူဆချေ။ သာမန်လူတို့ထက် အဆမတန် ထွားကျိုင်းခြင်းကို သိပ္ပံပညာဖြင့် စူးစမ်း စစ်ဆေးသည့်အခါ ဦးနှောက်အောက် အတက် ( ပီတျူတရီဂလင်း ) ၏ ဖောက်ပြန်မှုကြောင့် ဖြစ်ကြောင်းသိရသည်။

ထိုအတက်မှ ကြီးထွားမှုကို ဖြစ်စေသော ဟော်မုန်းများကို အဆမတန် အများအပြား ထုတ်လုပ်ပေးသောကြောင့် ဖြစ်သည်။ အရွယ်ရောက်ပြီး လူကြီးတစ်ယောက်တွင် ထိုအတက် ဖောက်ပြန်သောအခါ၊ ကိုယ်ခန္ဓာ၏ တစ်စိတ်တစ်ဒေသ၌သာ အဆမတန် ကြီးထွားခြင်း ဖြစ်တတ်သည်။ ယင်းသည့်အခါမျိုးတွင်၊ မျက်နှာ၊ အထူးသဖြင့် မေးစေ့၊ ခြေနှင့် လက်တို့သည် အလွန်အမင်း ကြီးမားထွားကျိုင်းခြင်း ဖြစ်တတ်လေသည်။

ပီတျူတရီဂလင်း ဖောက်ပြန်လာ၍ အချိုးမကျဘဲ ကိုယ်ခန္ဓာ ကြီးထွားလာခြင်းကို ဖြစ်စအချိန်၌ ဆရာကောင်း သမားကောင်းများဖြင့် ကြပ်မတ် ကုသက ပျောက်ကင်းနိုင်လေသည်။

အနုပညာလက်ရာများ

အင်ဒိုနီးရှားနိုင်ငံ ကလက်တန်ဒေသရှိ ပလာအိုဆန် ဘုရားတွင် အစောင့်အရှောက် ယက္ခဘီလူးရုပ်တု (Plaosan Temple)

သူ့ရဲ့ လုပ်ငန်းသဘောသဘာဝမှာ အစောင့်အရှောက် အလုပ်ကို များစွာ တာဝန် ပေးခံရတဲ့ အတွက် နတ်မင်းကြီးများရဲ့ အခြံအရံ အလုပ်အကျွေးတွေ ဖြစ်ကြတဲ့ ဘီလူးစစ်သည်များကို ရည်စူးပြီး ဘုရားစေတီ၊သိမ်ကျောင်း၊တန်ဆောင်း ၊ရေကန်တွေမှာ ဘီလူးရုပ်ထုလုပ်ထားတတ်ကြောင်း အစဉ်အလာ တစ်ခုအဖြစ်သိရပါတယ်။

ဘုရင်မင်းမြတ်တို့နန်းတော်၌လည်းကောင်း၊ မြို့တော်၌ လည်းကောင်း၊ ကျောင်းကန်ဘုရား တန်ဆောင်းစသော အဆောက်အအုံများ၌ လည်းကောင်း၊ အပြောက်အမွမ်းသဘောဖြင့် လည်းကောင်း၊ အစောင့်အရှောက် သဘောဖြင့် လည်းကောင်း၊ ဘီလူးရုပ်လုံးများ ထုလုပ်ထားသည်ကို တွေ့မြင်ရသည်။ ထုလုပ်ပုံမှာ အများအားဖြင့် နတ်ဝတ်တန်ဆာနှင့် လက်ယာဒူးထောင်၊ လက်ဝဲဒူးချ၊ လက်ယာလက်သန်လျက်စွဲ၊ လက်ဝဲလက်ထောက်၊ ဗောင်း သရဖူဆောင်းလျက် ဖြစ်သည်။

ကိုးကား

    • မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.