ဘေဘီလုံအင်ပါယာ

အမ်မိုရိုက်မျိုးနွယ်တို့၏ အကြီးအကဲဖြစ်သည့် ဟမ်မူရာဘီ ဘုရင်သည် နှစ်ပေါင်း၃၀မျှ အယ်လ်မိုက်တို့နှင့် စစ်ပြုပြီးနောက်တွင် ယူဖရေးတီး-တိုက်ဂရစ် မြစ်နှစ်သွယ် ဒေသကို ဗဟိုပြုလျက် ဘေဘီလုံအင်ပါယာခေတ်ကို တည်ထောင်သည်။ မြို့တော်မှာ ယူဖရေးတီး မြစ်ကမ်းပေါ်ရှိ ဘေဘီလုံမြို့ဖြစ်သည်။ ၎င်းကိုအစွဲပြု၍ ထိုမြစ်ဝှမ်းလွင်ပြင်ကို ယခင်အမည်ဟောင်း ဖြစ်သည့် ရှိုင်းနားလွင်ပြင်မှ အမည်သစ်အဖြစ် ဘေဘီလိုးနီးယားလွင်ပြင်ဟု ပြောင်းလဲခေါ်ဆိုကြသည်။

ဘီစီ ၁၃ရာစု ဘေဘီလုံ အင်ပါယာ နယ်မြေ

စစ်ပွဲကာလလွန်မြောက်ပြီးနောက်တွင် ဟမ်မူရာဘီသည် ၁၂နှစ်ကျော်မျှ ထီးနန်းစိုးစံကာ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခြင်းအားဖြင့် သူသည် လက်ရုံးရည်သာမက၊ နှလုံးရည်ဖြင့်ပါ ပြည့်စုံကြောင်းကို သက်သေထူပြခဲ့သည်။ တစ်ဖက်မှလည်း မြို့တော် ဘေဘီလုံအား ယဉ်ကျေးမှုဆိုင်ရာ အမြင့်ဆုံးမြို့တော် အဖြစ်သို့ရောက်ရှိလာရန် စွမ်းဆောင်ခဲ့သည်။ ထိုယဉ်ကျေးမှုအား ဘေဘီလုံယဉ်ကျေးမှု ဟုခေါ်ဆိုသည်။

ဘေဘီလုံသည် မက်ဆိုပိုတေးမီးယား(Mesopotamia) ဒေသတွင် တည်ရှိသော ရှေးဟောင်း မြို့ပြနိုင်ငံတော်ကြီး ဖြစ်ပြီး ယခု အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒတ်(Baghdad) ၏တောင်ဘက် ၅၅ မိုင် အကွာ ဘာဘေးလ်ပြည်နယ် အဲဟေးလာမြို့ (Al Hillah) အနီးတွင် ဤမြို့ဟောင်းကို တွေ့နိုင်သည်။ ရှေးယခင်က အလွန်ကျော်ကြားခဲ့သော ဘေဘီလုံ၏ အုတ်မြို့ရိုးဟောင်း၊ အဆောက်အအုံများ နှင့် ရွှံခွက်စာများကို ယူဖိုးရီးယား- တီဂရစ်မြစ်နှစ်သွယ်ကြား ( Euphrates and Tigris river system) မက်ဆိုပိုတေးမီးယားလွင်ပြင်တွင် တူးဖေါ်ရရှိခဲ့သည်။

ခေတ်ကာလများ

ဘေဘီလုံခေတ်ဦး ဆူမီရို-အကာဒီယန်းခေတ်

မက်ဆိုပိုတေးမီးယားဒေသသည် ယူဖရေးတီးနှင့် တိုက်ဂရစ်မြစ် နှစ်သွယ်တို့သည် နှစ်စဉ် ရေလွှမ်းမိုးလေ့ရှိသောကြောင့် နုံးမြေများ ကမ်းခြေပေါ်တင်၍ ကျန်ခဲ့ရာ မြေဩဇာထက် သန်ကောင်းမွန်၍ မြစ် ၂ သွယ်မှ ရေကိုလည်း လုံလောက်စွာ ရနိုင်သဖြင့် ထိုဒေသ တစ်ဝိုက်သည် စိုက်ပျိုးဖြစ်ထွန်းသည်။ အာရှအလယ်ပိုင်းမှ မြေသစ် နေရာသစ် ရှာဖွေ သူများသည် မြစ် နှစ်မြွှာဒေသတွင် အခြေစိုက် နေထိုင်ကြ ခြင်းဖြစ်သည်။ မိုးပါးသော်လည်း မြစ် နှစ်သွယ်မှ ရေသွယ် တူးမြောင်းများ ဖြင့် စိုက်ပျိုးလုပ်ကိုင် နိုင်သဖြင့် ထိုဒေသတွင် လာရောက်နေထိုင်သူများ တစ်စတစ်စ များပြားလာလေသည်။ မြစ်နှစ်မြွှာဒေသတွင် လူတို့စတင် ဝင်ရောက်နေထိုင် သည့်ခေတ်မှာ ဘီစီ ၅ဝဝဝ ခန့်က ဖြစ်သည်။ ထိုဒေသ တွင် စတင်လာရောက်နေထိုင်သူများသည် ဆီးမိုက်နှင့် ဆီးမိုက် မဟုတ်သော လူမျိုးများ ဖြစ်ကြသည်။

ဆီးမိုက်မဟုတ်သော လူမျိုးအုပ်စုထဲတွင် ဆူမားရီးယန်းလူမျိုးတို့ကာ ယဉ်ကျေးမှုအရာတွင် ခေါင်းဆောင်များ ဖြစ်ကြသည်။ ဘီစီ ၃ဝဝဝ ကျော်ခန့်တွင် မြစ်နှစ်မြွှာဒေသ တစ်လျှောက်၌ ဆူမားရီးယန်တို့သည် ဘေဘီလုံ အပါအဝင် မြို့ရိုးဖြင့် ဝန်းရံထားသော သီးခြားလွတ်လပ်သည့် မြို့ကလေး ပေါင်း မြောက်မြားစွာ တည်ထောင်နေထိုင်ကြသည်မှာ ဘီစီ ၂၅ဝဝ ခန့်တိုင်အောင် ဖြစ်သည်။ ဘေဘီလုံမြို့ ထိုစဉ်က ထိုဒေသတစ်လျှောက်ကို ဆူမားဟု ခေါ်ဝေါ်ကြ လေသည်။ ဘီစီ ၂၅ဝဝ ခန့်တွင် ဆူမားမြို့ကလေးများ၏မြောက်ဘက် အက်ကတ်ဒေသမှ ဆာဂွန်အမည်ရှိ ဆီးမိုက်လူမျိုးသိုးထိန်း ခေါင်းဆောင်ကြီး တစ်ဦးသည် စစ်ရေးစစ်ရာ၌ ကျွမ်းကျင်သဖြင့် မြို့ကလေးများကို တစ်မြို့ပြီးတစ်မြို့ တိုက်ခိုက်သိမ်းပိုက်ကာ၊ ဘေဘီလုံမြို့ကို အခြေပြုပြီးလျှင်၊ ဘေဘီလုံနိုင်ငံကို စတင် ထူထောင်လေသည်။ ဆီးမိုက်တို့သည် ဆူမားတို့လောက် ယဉ်ကျေးမှုအဆင့်အတန်း မရှိပေ။ ထို့ကြောင့် ဆူးမားတို့၏ ယဉ်ကျေးမှုကို အတုယူကျင့်သုံးကြသည်။ သို့သော် မြောက်ဘက် ပိုင်းတွင် ဆီးမိုက်လူမျိုးတို့၏ ဓလေ့ထုံးစံများလည်း လွှမ်းမိုးခဲ့ သည်ဖြစ်၍ ဘေဘီလုံနိုင်ငံမြောက်ပိုင်းကို အက်ကတ် ဟူ၍လည်းကောင်း၊ တောင်ပိုင်းကို ဆူမားဟူ၍ လည်းကောင်း ခေါ်ဝေါ်ကြခြင်း ဖြစ်လေသည်။ သို့သော် နောင်အခါ ဘေဘီလုံ နီးယားဟူ၍ ခေါ်ဝေါ်လာကြလေသည်။

ပထမ ဘေဘီလုံအင်ပါယာ

ဆာဂွန်၏ လက်ထက်လွန်ပြီးသည့်နောက်တွင် ဘေဘီလုံနိုင်ငံသည် ညှိုးမှိန်လာလေသည်။ နိုင်ငံတွင်း သို့အခြားလူမျိုးများ ဝင်ရောက်တိုက်ခိုက်ခြင်း ပြုကြသဖြင့် နောက်ဆုံးတွင် နိုင်ငံကြီး ပြိုကွဲပျက်စီးရလေသည်။ သို့သော် ဘီစီ ၂ဝဝဝ ခန့်တွင် ဆာဂွန်၏ အနွယ်တော်ဖြစ်သော ဟမ်မူရာဘီမင်းသည် ပြိုကွဲနေသော ဘေဘီလုံနိုင်ငံကို ပြန်လည်စုစည်းသည်။ နိုင်ငံကို မော်ကွန်း တင်လောက်အောင် စနစ်ကျနစွာ အုပ်ချုပ်သည်။ အုပ်ချုပ်ရေး စနစ်ကောင်းများကိုလည်း ထွင်ခဲ့သည်။ အထူးသဖြင့် ဟမ်မူရာဘီမင်းကြီးသည် ယင်းပြုစုခဲ့သော ဥပဒေများအတွက် နိုင်ငံ သမိုင်းတွင် ထင်ရှားကျော်ကြားသော မင်းတစ်ပါး ဖြစ်ခဲ့လေ သည်။

ဟမ်မူရာဘီ၏ ကိုဓဥပဒေ နှင့် ကာကွယ်ရေး

ဟမ်မူရာဘီလက်ထက်တွင် ကမ်ဘာ့ပထမဆုံး တရားစီရင်ရေး ဥပဒေအဖြစ် ဟမ်မူရာဘီ၏ ကိုဓဥပဒေ ကိုပြုစုခဲ့သည်။ စာကြောင်းရေပေါင်း၃၆၀၀ကျော်ပါဝင်သည့် ထိုဥပဒေကို ဘေဘီလုံမြို့တော်ရှိ မာဒပ်နတ်မင်း အားရည်စူးတည်ဆောက်ထားသည့် ဝတ်ကျောင်းတော်အတွင်းတွင် အမြင့်ရှစ်ပေရှိ ကျောက်စာတိုင်တွင် ရေးထွင်း၍ စိုက်ထူထားခဲ့သည်ကို ယနေ့တိုင် မပျက်မစီးသေးဘဲ တွေ့မြင်နိုင်သည်။

ထိုဥပဒေတွင် မုဆိုးမ၊ မိဘမဲ့ကလေးသူငယ် နှင့် ဆင်းရဲသားတို့အတွက် အထူးကာကွယ်ပေးရန် ပြဋ္ဌာန်းထားသည်။ လာဘ်ပေးလာဘ်ယူမှုများအား ပြင်းထန်စွာ စီရင်စေသည်။ ယနေ့ခေတ်အမြင်အားဖြင့် ရက်စက်ကြမ်းကြုတ်သည့် မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း အလျှော်ပေးရမည်ဟု ဆိုသည့် ဥပဒေမျိုးပါဝင်သော်လည်း ရှေးခေတ်ကာလ အခြေအနေအားဖြင့်မူ တရားမျှတမှုကို ပြဋ္ဌာန်းပေးသည်ဟု ဆိုရမည်ဖြစ်သည်။ ကာကွယ်ရေးအနေဖြင့် အမြဲတမ်းစစ်တပ်ဖွဲ့စည်းထားပြီး နယ်ခြားဒေသများကို ကာကွယ်ပေးထားသဖြင့် တိုင်းပြည်အေးချမ်းသာယာသည်။

စီးပွားရေး

အဓိကထုတ်ကုန်မှာ စိုက်ပျိုးရေးမှဖြစ်ထွန်းသည့် ကောက်ပဲသီးနှံများ ရောင်းဝယ်ရေးဖြစ်သည်။ စွန်ပလွံသီးမှာ အဓိက ရောင်းကုန်ဖြစ်ပြီး အခြားထုတ်ကုန်များမှာ သိုးမွေးနှင့် သိုးသားရေတို့ဖြစ်ကြသည်။ သိုးမွေး ရက်လုပ်ခြင်းမှာလည်း အောင်မြင်သည့် လုပ်ငန်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။

ဘာသာရေး

ဘာသာရေးတွင် ဆူမားရီးယန်းနတ်များကို ဆက်လက်ကိုးကွယ်ကြသော်လည်း အမ်မိုရိုက်များက အုပ်ချုပ်သည့် ခေတ်ဖြစ်သည့်အာလျော်စွာ ၎င်းတို့ကိုးကွယ်သည့် မာဒပ်နတ်မင်းကြီးအား အကြီးအကဲနတ်မင်း အဖြစ်သတ်မှတ် ပူဇော်သည်။ နတ်သမီးများအနက် အစ်ရှတာ(Ishtar) အမည်ရှိ အချစ်နတ်သမီးအား အကြီးအကဲအဖြစ် သတ်မှတ်သည်။ ဆူမား-အက်ကတ်ခေတ်က ကဲ့သို့ပင် နတ်ဆရာများ၏ ယဇ်ပူဇော်ခြင်းအားဖြင့်သော်လည်းကောင်း နက်ခတာရာများအား ကြည့်ရှုလေ့လာခြင်းအားဖြင့်သော်လည်းကောင်း ရှေ့ဖြစ်အဟောများကို ယုံကြည်ကြသည်။

လူမှုရေး

ခေတ်ကာလအခြေအနေအရ စာပေအရေးအဖတ် တတ်မြောက်သူ ရှားပါးခြင်းကြောင့် စာရေးစာချီ အလုပ်သည် အထက်တန်းစားအလုပ်မျိုးဖြစ်သည်။ အကျိုးဆက်အနေဖြင့် စာအရေးအသား ကျွမ်းကျင်လျှင် အထက်တန်းကျသည်ဟု ယူဆ၍ ကလေးအရွယ်မှစကာ စာပေသင်ကြားရေးကို စတင်စေသည်။

= ဘေဘီလုံအင်ပါယာ ပျက်စီးခြင်း

ဟမ်မူရာဘီ လွန်ပြီးနောက် မကြာမီမှာပင် ဘေဘီလိုးနီးယားလွင်ပြင်အရှေ့ဖက်နှင့် မြောက်ဖက်ဒေသများရှိ ကုန်မြင့်များပေါ်တွင် နေထိုင်သော ကက်ဆိုက်လူမျိုး(Kassites) များသည် ဘေဘီလိုးနီးယားလွင်ပြင်သို့ ဆင်းသက် အခြေချနေထိုင်လာကြသည်။ ထိုသို့ အခြေချလာသည်ကို ဟမ်မူရာဘီ နောက်ဆက်ခံသည့် မင်းများက မည်သို့မျှ တားမြစ်နိုင်ခြင်းမရှိခဲ့ကြပေ။ ဟမ်မူရာဘီကွယ်လွန်ပြီး နှစ်၂၀၀မျှ ကြာသောအခါတွင် လွင်ပြင်ကြီး၏ အနောက်မြောက်ဖက်မှ ဟစ်တိုက်လူမျိုး များက ဘေဘီလိုးနီးယားလွင်ပြင်ကြီးသို့ ကျူးကျော်ကာ မြို့တော် ဘေဘီလုံကို သိမ်းပိုက်ကာ စည်းစိမ်တို့ကို လုယက်ယူငင်ပြီး ပြန်လေသည်။ သို့ဖြင့် ဘေဘီလုံတွင် ဟမ်မူရာဘီ၏ မင်းဆက်ပြတ်ကာ နိုင်ငံအား ဦးဆောင်ထိန်းသိမ်းနိုင်သည့် ခေါင်းဆောင်ကောင်းလည်း မရှိသဖြင့် ဖရိုဖရဲအခြေအနေဖြင့် ဘီစီ ၁၇၄၆အထိ ရှိနေစဉ် ကက်ဆိုက်လူမျိုးများက ဘေဘီလုံတွင် အခက်အခဲမရှိ အုပ်ချုပ်သူဖြစ်လာတော့သည်။

ဤသို့ဖြင့် အချိန်တိုအတွင်း အထက်တန်းကျပြီး မြင့်မားသော ဘေဘီလိုးနီးယန်း ယဉ်ကျေးမှုသည်လည်း ထိုအချိန်မှစကာ နှစ်ပေါင်း ၁၀၀၀ကျော်မျှ ပျောက်ကွယ်သွားခဲ့ရသည်။

ကက်ဆိုက်ခေတ် (Kassite Dynasty)

ဟမ်မူရာဗီမင်းကြီး ကံကုန်ပြီးနောက်တွင် အရှေ့ မြောက်ဘက်ဒေသများမှ ကက်ဆိုက် လူရိုင်းမျိုးတို့သည် ချဉ်းနင်းတိုက်ခိုက်ပြီးသော်၊ ဘေဘီလုံနီးယား နိုင်ငံအတွင်း ဝင်ရောက်နေထိုင်ကြသည်။ တစ်စနှင့်တစ်စ နိုင်ငံအတွင်း၌ စိုးမိုးမင်းမူခဲ့ကြသည်မှာ ဘီစီ ၁ရ၅ဝ မှ ၁၂ဝဝ ခန့်တိုင် အောင်ပင် ဖြစ်၏။ သို့သော် ဘေဘီလုံနိုင်ငံ အတွင်းမှ ရှိရင်း စွဲလူမျိုးများက ကက်ဆိုက်တို့ကို တဖြည်းဖြည်း ပြန်လည် လွှမ်းမိုးပြီးနောက် ဘေဘီလုံနီးယားတွင် မူလတိုင်းရင်းသား မင်းတို့ပြန်လည်အုပ်စိုး ကြလေသည်။

ဘေဘီလုံယဉ်ကျေးးမှု

ဘီစီ ၃၅ဝဝ ခန့်ကပင် ဘေဘီလုံနိုင်ငံ ဖြစ်လာမည့် မြစ်နှစ်မြွှာဒေသ တစ်လျှောက်တွင် နေထိုင်သော ဆူမား လူမျိုးတို့သည် စာရေး၊ စာဖတ်တတ်ကြသည်။ ဆူမားတို့၏ အက္ခရာများမှာ မြားဦးပုံ သဏ္ဌာန်ရှိ၍ ရွှံ့ပြားကလေးများပေါ်တွင် သုံးမြှောင့်ပုံ ကျူရိုးအရင်းနှင့် ဖိနှိပ် ရေးသားကြသည်။ ရေးသားပြီးသော ရွှံ့ချပ်များကို နေလှန်းမီးဖုတ်သောကြောင့် နှစ်ပေါင်းများစွာကြာအောင် ခိုင်ခံ့လေသည်။

ဆူမားတို့၏ စာရေးနည်းကို နောင်အခါ မြစ်နှစ်မြွှာဒေသကို ဝင်ရောက်စိုးမိုးသော ဆီးမိုက်လူမျိုးများ၊ အဆီးရီးယန်း လူမျိုးများ၊ အယ်လမိုက် လူမျိုးများ၊ ဟစ်တိုက်လူမျိုးများ၊ ပါရှန်းလူမျိုးများကလည်း လက်ခံကြသည်။ ယဉ်ကျေးသောလူမျိုးတို့၏ အလေ့အထအတိုင်း ဆူးမားတို့သည် မြေရေလေ စသော သဘာဝများကို ကိုးကွယ်ကြသည့်ပြင် လယ်သမားများ ဖြစ်ကြသည့်အတိုင်း ကျေးဇူးရှင် နွားများကိုလည်း ကိုးကွယ်ကြသည်။

လက်မှုအနုပညာရပ်နှင့် စပ်လျဉ်း၍ ဘေဘီလုံနီးယား နိုင်ငံသားတို့ပြုလုပ်ခဲ့သော လက်မှုပစ္စည်းများအနက် ရှေးအကျဆုံးပစ္စည်းများမှာ ဘီစီ ၃ဝဝဝ ကျော်ခန့်က အိုးခွက် များဖြစ်သည်။ ယင်းသည့် အိုးခွက်များကို ဆေးရောင်များ ခြယ်၍ ပုံစံဒီဇိုင်းများ ဖော်ပြထားသည်ကို တွေ့ရသည်။ ဘီစီ ၃ဝဝဝ ခန့်တွင် ကျောက်တုံးများကို ထုထွင်းခြင်း၊ ရုပ်တုများ ထုလုပ်ခြင်း၊ ရွှေငွေတို့ဖြင့် အဆင်တန်ဆာများ လုပ်ကိုင်ခြင်းကိုလည်း ပြုလုပ်ကြသည်။ ထိုပြင် စာချုပ် စာတမ်းများအတွက် တံဆိပ်တုံးများ အသုံးပြုသည်ကိုလည်း တွေ့ရလေသည်။

ဆူမားတို့သည် မူလက ရွှံ့နှင့် ကျူပင်များဖြင့် ပြုလုပ်သည့် တဲအိမ်များဖြင့် နေထိုင်ခဲ့ရာမှ၊ နောင်အခါ နေလှန်းအုတ်၊ မီးဖုတ်အုတ်များဖြင့် ပြုလုပ်သော တစ်ထပ်အုတ်တိုက်များဖြင့် နေထိုင်လာကြသည်။ ထိုပြင် ယင်းတို့ကိုးကွယ်ရာ နတ်အမျိုးမျိုးတို့အတွက် ဗိမာန်ဖြစ်သော တန်ဆောင်းမြင့်မြင့်ကြီးများကို ဆောက်လုပ်ကြသည်။ မြို့ရိုးတန်တိုင်များ ပြုလုပ်ရာ၌လည်း ဘေဘီလုံနီးယားနိုင်ငံသားတို့လက်မြောက်ကြပေသည်။ ယင်းသို့ဖြင့် ဘေဘီလုံနီးယား နိုင်ငံသားတို့သည် နိုင်ငံနှင့် ယဉ်ကျေးမှုနှင့် အစောဆုံး နေထိုင်လာကြသူများတွင် ပါဝင် ခဲ့လေသည်။ ကမ္ဘာ့သမိုင်းတွင် အစောဆုံး ပေါ်ထွက်ခဲ့သော ယဉ်ကျေးမှု များအနက် ဘေဘီလုံနီးယန်းနှင့် အီဂျစ်ယဉ်ကျေးမှုတို့သည် မည်သည်ကရှေးကျ၍ မည်သည်က နောက်ကျသည်ဟူသော ပြဿနာအတွက် ပညာရှင်တို့အငြင်းပွားနေကြဆဲပင်ဖြစ်၏။ သို့သော် ယဉ်ကျေးမှုဆိုင်ရာ အရေးပါသော တိုးတက်မှုတို့သည် ဘေဘီလုံနီးယား၌ ဦးစွာစတင်ခဲ့သည်။ သိပ္ပံပညာ၊ အုပ်ချုပ်ရေးစံနစ်၊ အယူဝါဒရေး၊ လက်မှုပညာရပ်စသည်တို့သည် ဘေဘီလုံနီး ယား၌ အစပျိုးခဲ့၍ ဘေဘီလုံနီးယန်း ယဉ်ကျေးမှု သည် နှောင်းခေတ် အာရှတိုက် အနောက်ပိုင်း ယဉ်ကျေးမှုများ၏ မြစ်ဖျားခံရာ ဖြစ်ခဲ့လေသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.