ဟမ်မူရာဘီ

ဟမ်မူရာဘီ အင်္ဂလိပ်: Hammurabi[မှတ်စု 1] (c.1810 – c.1750 BC) သည် အဲမရိုက်မျိုးနွယ်စု(Amorite)မှ ပထမဘာဘီလုံမင်းဆက်၏ ဆဌမမြောက်ဘုရင်တစ်ဦးဖြစ်သည်။[2] (အလယ်ခေတ်နန်းစဉ်ရာဇဝင်အရ) ဘီစီ ၁၇၉၂မှ ၁၇၅၀ အထိ စိုးစံခဲ့သည်။ ကျန်းမာရေးချူခြာသောကြောင့် နန်းစွန့်ခဲ့သော ခမည်းတော် ဆင်း-မူဘာလစ် (Sin-Muballit) ၏ အရိုက်အရာကိုဆက်ခံခဲ့သည်။ ၎င်းစိုးစံစဉ်အတွင်း အီးလန်(Elam) တိုင်းပြည်နှင့် လာစာ၊ အက်ရှ်နားနာ၊ မာရီ မြို့ပြနိုင်ငံများကို အောင်နိုင်ခဲ့သည်။အဆီးရီးယား (Assyria) ဘုရင် အစ်မေး ဒါဂန် (၁) ကို ဖယ်ရှားနိုင်ခဲ့ပြီး ယင်းဘုရင်၏ သားဖြစ်သူ မက်အရှကာ ကို ပဏာဆက်သစေခဲ့ကာ ဘာဘီလုံအုပ်ချုပ်မှုအောက်ရှိ မက်ဆိုပိုတေးမီးယာတစ်ခွင်လုံးနီးပါးအားစုစည်းနိုင်ခဲ့သည်။[3]

ဟမ်မူရာဘီ
𒄩𒄠𒈬𒊏𒁉
မတ်တပ်အနေအထားဖြင့် ဟန်မူရာဘီသည် ရှမတ်ရှ်နတ်ဘုရား ((သို့) မာဒုနတ်ဘုရား) ထံမှ တော်ဝင်အဆောင်အယောင်ရယူနေဟန်၊ ဟန်မူရာဘီသည် ဘုရားစာရွတ်ဆိုသည့် လက္ခဏာအဖြစ် ပါးစပ်နေရာ၌ လက်ကို ထားထားသည်။[1](ဟမ်မူရာဘီ စည်းမျဉ်းဥပဒေ ကျောက်ပြား၏ အပေါ်ပိုင်းမှ ရုပ်ကြွအနေအထား) stela
မွေးဖွားဘီစီ ၁၈၁၀ခန့်
ဘာဘီလုံ
ကွယ်လွန်ဘီစီ ၁၇၅၀ခန့် (အလယ်ခေတ်နန်းစဉ်ရာဇဝင်) (ယနေ့ခေတ် အီရတ်)
(aged c. 60)
ဘာဘီလုံ
ကျော်ကြားမှုအရင်းခံဟမ်မူရာဘီ စည်းမျဉ်းဥပဒေ
ဘွဲ့ဘာဘီလုံ ဘုရင်
အချိန်ကာလ၄၂ နှစ်; ၁၇၉၂ခန့်မှ ၁၇၅၀ခန့်ထိ
ရှေ့လူဆင်း-မူဘာလစ်
နောက်လူဆမ်းဆူ အစ်လူးနာ
သားသမီးဆမ်းဆူ အစ်လူးနာ

ဟမ်မူရာဘီကို ဟမ်မူရာဘီ စည်းမျဉ်းဥပဒေ (Code of Hammurabi)[မှတ်စု 2]အားထုတ်ပြန် ပြဋ္ဌာန်းခြင်းကြောင့် လူသိအများဆုံးဖြစ်၏။ ဘာဘီလုံ၏ တရားစောင့်နတ်မင်းဖြစ်သော ရှမတ်ရှ် (Shamash) ထံမှ ရရှိသည်ဟု ၎င်းကဆိုသည်။ ပို၍ရှေးကျသည့် အာနမ်မူးဥပဒေစည်းမျဉ်းကဲ့သို့သော "ဆူးမားဥပဒေစည်းမျဉ်းများ" နှင့် မတူဘဲ ဟမ်မူရာဘီဥပဒေသည် အပြစ်ကျူးလွန်သူကို ခန္ဓာကိုယ်အား အပြစ်ပေးခြင်းအပေါ်၌ ကြီးမားစွာအလေးထားကိုင်တွယ်သည့် ပထမဆုံး ဥပဒေစည်းမျဉ်းများဖြစ်သည်။ ယခင် အာနမ်မူးဥပဒေစည်းမျဉ်းများက ခံရသူကို နစ်နာကြေးပေးခြင်း၌ အလေးထားသည်။ ပြစ်မှုတိုင်းအတွက် သက်ဆိုင်ရာ(သီးသန့်) ပြစ်ဒဏ်များကို ပြဋ္ဌာန်းထားသည်။ အပြစ်မရှိဟုမှတ်ယူခြင်း (presumption of innocence) ကိုတည်ထောင်ခဲ့သော ပထမဆုံး စည်းမျဉ်းများထဲက တစ်ခုဖြစ်၏။ခေတ်ပေါ်စံနှုန်းများအရ ထိုပြစ်ဒဏ်များသည် အလွန်အမင်းပြင်းထန်သော်လည်း ထိုစည်းမျဉ်းများသည် အပြစ်ပြုခံရသူ (သို့) တရားလိုကို (အပြစ်နှင့်)တူညီသောပြစ်ဒဏ်ခတ်ခြင်းပုံစံဖြင့် လုပ်ဆောင်ရန် ခွင့်ပြုခြင်းကို ကန့်သတ်ရန်ရည်ရွယ်သည်။ ဟမ်မူရာဘီ စည်းမျဉ်းဥပဒေနှင့် ဟီဘရူးသမ္မာကျမ်းစာမှ မိုးဇစ်၏ တိုးရကျမ်း(Torah)တို့တွင် တူညီသောပါဝင်မှုများစွာရှိသည်။

ဟမ်မူရာဘီကို ၎င်းအသက်ရှိစဉ်က နတ်ဘုရားတစ်ပါးအဖြစ် ရှုမြင်ကြသော်လည်း ၎င်းသေဆုံးပြီးနောက် ကြီးကျယ်သော စစ်ဘုရင်တစ်ပါးအဖြစ်လေးစားရိုသေကြသည်။ ဟမ်မူရာဘီသည် ပြည်သူတစ်ရပ်လုံးကို ဘာဘီလုံ၏ နတ်ဘုရား မားဒ (Marduk)အား အတင်းအကျပ် ကိုးကွယ်စေခဲ့သည်။ နောက်ပိုင်း၌ ၎င်း၏စစ်ရေးဆိုင်ရာအောင်မြင်မှုများကို အဆင့်နှိမ့်၍သတ်မှတ်ခံရသည်။ စံပြဥပဒေပြုသူအဖြစ် ဟမ်မူရာဘီ၏အခန်းကဏ္ဍသည် ၎င်းအမွေအနှစ်၏ အခြေခံမူလကျသော လက္ခဏာသွင်ပြင်တစ်ရပ်ဖြစ်လာခဲ့သည်။ နောက်ပိုင်း မက်ဆိုပိုတေးမီးယားကသူများအဖို့ ဟမ်မူရာဘီ၏အုပ်ချုပ်မှုသည် အလွန်ဝေးကွာသည့်အတိတ်က အဖြစ်အပျက်များအားလုံးအတွက် ကိုးကားညွှန်းဆိုရသည့် ဥပဒေစံတစ်ခု(frame of reference ) ဖြစ်လာခဲ့သည်။ ၎င်းတည်ထောင်ခဲ့သော အင်ပါယာကြီးပျက်သုဉ်းခဲ့ပြီးသည့်နောက်၌ပင် ၎င်းကို စံပြအုပ်ချုပ်စိုးစံသူအဖြစ် လေးစားကြဆဲဖြစ်၏။ အိန္ဒိယနှင့် မြေထဲပင်လယ်ကြားရှိဒေသ(Near East)မှ ဘုရင်များက ၎င်းကို ဘိုးဘေးအဖြစ်သတ်မှတ်ခံယူကြလေသည်။ ဟမ်မူရာဘီကို ရှေးဟောင်းသုတေသနပညာရှင်များက (၁၉)ရာစုနှောင်းပိုင်းတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့၍ ထိုအချိန်မှစတင်ကာ ဥပဒေဆိုင်ရာ သမိုင်းနယ်ပယ်၌ အရေးပါသောပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့သည်။

အုပ်ချုပ်မင်းလုပ်ခြင်း နှင့် စစ်အောင်နိုင်ခြင်းများ

ဟမ်မူရာဘီနန်းတက်ခြင်း c.1792 BC နှင့် အနိစ္စရောက်ခြင်း c.1750 BC နှစ်များ၌ ဘာဘီလုံပိုင်နက်နယ်မြေပြ မြေပုံ။

ဟမ်မူရာဘီသည် ဘာဘီလုံမြို့ပြနိုင်ငံ၏ ပထမဘာဘီလုံခေတ်တွင် ပေါ်ထွန်းခဲ့သော အဲမရိုက်မျိုးနွယ်ဘုရင်တစ်ပါးဖြစ်သည်။ ဖခင်ဖြစ်သူ ဆင်း-မူဘာလစ်၏ အရိုက်အရာကိုဆက်ခံခဲ့သည်နှစ်မှာ ဘီစီ ၁၇၉၂ခုခန့်ဖြစ်၏။[4] ဘာဘီလုံသည် မက်ဆိုပိုတေးမီးယား အလယ်ပိုင်းနှင့် တောင်ပိုင်းလွင်ပြင်တစ်လျှောက်၌ရှိသော အဓိကအားဖြင့် အဲမရိုက်လူမျိုးအများ အပြားမင်းလုပ်အုပ်ချုပ်ခဲ့သည့် မြို့ပြနိုင်ငံများထဲက တစ်နိုင်ငံဖြစ်၍ မြေဩဇာဖြစ်ထွန်းသော နယ်ပယ်များကို အုပ်စိုးရန်အလို့ငှာ တစ်ဖွဲ့နှင့် တစ်ဖွဲ့ စစ်ဆင်နွှဲခဲ့ကြသည်။[5] မက်ဆိုပိုတေးမီးယား၌ဒေသကြီးတွင် ယဉ်ကျေးမှုများစွာ အတူယှဉ်တွဲတည်ရှိခဲ့သော်လည်း ဘာဘီလုံယဉ်ကျေးမှုမှာ ဟမ်မူရာဘီလက်ထက်တွင် အရှေ့အလယ်ပိုင်းတစ်ခွင်၌ရှိသော စာတတ်ပေတတ်သူများကြား ထင်ရှားအရေးပါခဲ့သည်။[6] ဟမ်မူရာဘီမတိုင်ခင်ဘုရင်များသည် ဘီစီ ၁၈၉၄၌ မြို့ပြနိုင်ငံငယ်တစ်ခုကိုတည်ထောင်၍ မြို့ပြင်ပတ်ဝန်းကျင်နယ်ပယ်ဒေသလေးများကို ထိန်းချုပ်စိုးမိုးနိုင်ခဲ့ကြသည်။ ဘာဘီလုံသည် တည်ထောင်ပြီးအချိန်မှစကာ ပို၍ရှေးကျ၊ ပို၍ကြီးမားပြီး အင်အားပိုကြီးသည့် အီးလန်၊ အဆီးရီးယား၊ အစ်ဇင်(Isin)၊ အက်ရှ်နန်းနာ(Eshnunna)နှင့် လားစာ မြို့ပြနိုင်ငံများ၏ လောင်းရိပ်အောက်၌ နှစ်တစ်ရာကျော်ခန့်ကြာကြာ တည်ရှိခဲ့ရသည်။ သို့သော်လည်း ဘာဘီလုံ၏ လွှမ်းမိုးမှုအောက် မက်ဆိုပိုတေးမီးယား အလယ်ပိုင်းဒေသတောင်ပိုင်း၏ နယ်မြေအသေးတစ်ခုကို စုစည်းမှုစတင်ခဲ့သည်မှာ ဖခင်ဖြစ်သူ ဆင်း-မူဘာလစ်ဖြစ်သည်။ မူဘာလစ်အုပ်ချုပ်မှုကာလမတိုင်ခင်လောက်တွင် အနိုင်ရထားပြီးသောနိုင်ငံများမှာ ဘော်စစ်ပါ(Borsippa၊ ကစ်ရှ်(Kish)၊ စစ်ပါ(Sippar)စသော မြို့ပြနိုင်ငံများဖြစ်၏။[6]

ထို့ကြောင့် ရှုပ်ထွေးလှသည့် ပထဝီနိုင်ငံရေးအခြေအနေကြား၌ တိုင်းပြည်ငယ်တစ်ခု၏ ဘုရင်အဖြစ် နန်းတက်ခဲ့သည်။ အင်အားကြီးမားလှသော အက်ရှ်နန်းနာနိုင်ငံသည် တိုက်ဂရစ်မြစ်ညာပိုင်းကို စိုးမိုးထားပြီး လားစာနိုင်ငံက မြစ်ဝကျွန်းပေါ်ကို လွှမ်းမိုးထားသည်။ မက်ဆိုပိုတေးမီးယား၏ အရှေ့ဘက်အရပ်တွင် အင်အားမသေးလှသော အီးလန်တိုင်းပြည်ရှိ၍ မကြာခဏဆိုမက်ဆိုပိုတေးမီးယားတောင်ပိုင်းရှိ မြို့ပြနိုင်ငံငယ်များကို ကျူးကျော်ကာ အတင်းအဓမ္မ ပဏ္ဏာဆက်သစေခဲ့သည်။ မြောက်ပိုင်းမက်ဆိုပိုတေးမီးယားတွင် အဆီးရီးယားဘုရင် ရှမ်းရှီ-အာဒက် (၁) သည် အာရှအနောက်ကျွန်းဆွယ်ဒေသ(Asia Minor) က ရာစုနှစ်များစွာကြာမြင့်ပြီဖြစ်သော အဆီးရီးယားသိမ်းပိုက်နယ်မြေများကို အမွေဆက်ခံရရှိခဲ့ကာ ၎င်း၏ပိုင်နက်ကို လစ်ဗန့်ဒေသနှင့် မက်ဆိုပိုတေးမီးယားအလယ်ပိုင်းထိ ချဲ့ထွင်ခဲ့သည်။[7] သို့ရာတွင် ၎င်းအသေစောခြင်းသည် အင်ပါယာနိုင်ငံကြီးကို အတိုင်းအတာတစ်ခုထိ အပိုင်းပိုင်းဖြစ်သွားစေခဲ့၏။[8]

ဟမ်မူရာဘီအုပ်ချုပ်မှုကာလ အစောပိုင်းနှစ်များ၏ ငြိမ်းငြိမ်းချမ်းချမ်းရှိမှုကြောင့် ၎င်း၏ အာဏာကိုအသုံးချပြီး ဘုရားကျောင်းများချဲ့ထွင်ခြင်း၊ ကာကွယ်ရေးအမှုအတွက် မြို့ရိုးများကို မြှင့်ခြင်းအပါအဝင် ပြည်သူလုထုနှင့် သက်ဆိုင်သည့်အလုပ်များစွာကို စီမံဆောင်ရွက်ခဲ့သည်။[9] ဇားရပ်တောင်တန်းများ(Zagros Mountains)ကိုဖြတ်လျှက်တည်ရှိသော အရေးပါသည့် ကုန်သွယ်ရေးလမ်းကြောင်းများတည်ရှိရာ အင်အားကြီးမားသည့် အီးလန်နိုင်ငံသည် ဘီစီ ၁၈၀၁ ဝန်းကျင်တွင် မက်ဆိုပိုတေးမီးယားလွင်ပြင်ကို ကျူးကျော်ခဲ့၏။[10] ထိုလွင်ပြင်ရှိ နိုင်ငံများကြားက မဟာမိတ်များနှင့်အတူ အက်ရှ်နန်းနာနိုင်ငံတော်ကို ဖျက်ဆီးခြင်း၊ လွင်ပြင်၏အစိတ်အပိုင်းများကို ပထမဆုံးအကြိမ်အဖြစ် ၎င်းအုပ်ချုပ်မှုအောက်သို့ သွတ်သွင်းခြင်းစသည်တို့ကိုပြုလုပ်ခဲ့သည်။[11]

ဘီစီ ၁၇၉၂-၁၇၅၀ဝန်းကျင်ခန့်က အီရတ်နိုင်ငံ ဆစ်ပါးရ်မှ ထုံးကျောက်စာ။ ဟမ်မူရာဘီဘုရင် ညာလက်အား မြှောက်ထားကာ ဝတ်ပြုနေဟန်။ ယခု ဗြိတိသျှပြတိုက်တွင် တည်ရှိ၏။
ဟမ်မူရာဘီ ဦးခေါင်းဟု သိရှိကြသော ကိုယ်တစ်ပိုင်းရုပ်လုံးပုံ။ ဤရုပ်တုအား ယခုတွင် ဟမ်မူရာဘီထက် နှစ်ရာစုအနည်းငယ်စောသည်ဟု ယူဆကြ၏။[12] (Louvre)

အီးလန်နိုင်ငံသည် ၎င်း၏ အနေအထားကို ခိုင်မာလာစေရန် ဟမ်မူရာဘီ၏ ဘာဘီလုံနိုင်ငံနှင့် လားစာနိုင်ငံကြားစစ်ပွဲစရန်ကြိုးပမ်းခဲ့သည်။[13] ဤသို့ မာယာလှည့်စားခြင်းကို သိမြင်သောအခါ ဟမ်မူရာဘီနှင့် လားစာနိုင်ငံတို့က မဟာမိတ်ဖွဲ့၍ အီးလန်သားများကို ချေမှုန်းနိုင်ခဲ့ကြသည်။ သို့သော် လားစာက စစ်ရေးပိုင်း၌ များစွာအထောက်အကူမပြုခဲ့ပေ။[13] လားစာနိုင်ငံ၏ စစ်ရေးထောက်ပံ့ကူညီခြင်း မရသည်ကို ဒေါသထွက်ခဲ့သဖြင့် မက်ဆိုပိုတေးမီးယားတောင်ပိုင်းလွင်ပြင်အောက်ပိုင်းတစ်ခုလုံးကို ဘီစီ ၁၇၆၄ခန့်၌ တိုက်ခိုက်ခဲ့သည်။[14]

တောင်ဘက်အရပ်စစ်ပွဲကြီးတွင် မြောက်အရပ်က ယမ်ဟတ်၊ မာရီကဲ့သို့သော မဟာမိတ်မြို့ပြနိုင်ငံများက ဟမ်မူရာဘီကို ကူညီကြသဖြင့် မြောက်ဘက်ဒေသ စစ်သည်များကင်းမဲ့ခြင်းသည် မတည်ငြိမ်မှုများကို ဖြစ်စေခဲ့၏။[14] ဤသို့နယ်မြေဆက်လက်ချဲ့ထွင်ရင်း ဟမ်မူရာဘီသည် ၎င်း၏အာရုံကို မြောက်အရပ်သို့ပြောင်းခဲ့ရာ မြောက်ပိုင်း ဆူပူအုံကြွမှုကိုဖြိုခွင်းကာ မကြာမီ အက်ရှ်နန်းနာကို ချေမှုန်းခဲ့သည်။[15] နောက်ပိုင်း၌ ကျန်ရှိနေသေးသော မြောက်ဘက်ရှိ မြို့ပြနိုင်ငံများကိုလည်း အောင်နိုင်ခဲ့သည်။ သို့သော် မာရီမြိုပြနိုင်ငံအားသိမ်းပိုက်မှုသည် စစ်ရေးစစ်ရာတိုက်ပွဲများမရှိဘဲ အညံ့ခံခြင်းဖြစ်နိုင်၏။[16][17][18]

ဟမ်မူရာဘီသည် အဆီးရီးယားဘုရင် အစ်ရှ်မေး ဒါဂန် (၁) နှင့် လွန်စွာကြာရှည်ခဲ့သောစစ်ဆင်နွှဲ၍ မက်ဆိုပိုတေးမီးယားကို ထိန်းချုပ်ရန်ကြိုးပမ်းခဲ့၏။ ဘုရင်နှစ်ပါးလုံးမှာ အပေါ်ပိုင်းဒေသများကို ရရှိရန်အလို့ငှာ မြို့ပြနိုင်ငံငယ်များနှင့် မိတ်ဖက်ပြုထားကြသည်။ အစ်ရှ်မေးဘုရင်ကို နန်းဆင်းစေနိုင်ခဲ့ကာ အဆုံး၌ ဟမ်မူရာဘီအောင်မြင်သည်။ အဆီးရီးယားဘုရင်သစ် မာ့-အက်ရှ်ကာရ် အား လက်ဆောင်ပဏ္ဏာဆက်သစေခဲ့သည်။

နှစ်အနည်းငယ်အတွင်း၌ပင် ဟမ်မူရာဘီသည် မက်ဆိုပိုတေးမီးယားတစ်ခွင်လုံးကို စုစည်းညီညွတ်စေပြီး ၎င်း၏အုပ်ချုပ်မှုအောက်၌ သွတ်သွင်းနိုင်ခဲ့လေသည်။[18] အဆီးရီးယားတိုင်ပြည်ကား ရှင်သန်တည်ရှိနိုင်သော်လည်းဘဲ ဟမ်မူရာဘီလက်ထက်တွင် ပဏ္ဏာဆက်နိုင်ငံဖြစ်ခဲ့ရသည်။ ထိုဒေသကြီးရှိ အဓိကမြိုပြနိုင်ငံများအနက် လက်ဗ်ဗန့်နယ်မြေ (Levant) အနောက်ဘက်က အလက်ပို၊ ကတ်နာ နှစ်နိုင်ငံသာလျှင် ကိုယ်ပိုင်အုပ်ချုပ်နိုင်ခွင့်ကို ထိန်းထားနိုင်ခဲ့ကြသည်။[18] သို့ရာတွင် ဒီယာဘက်ကာရ်မြို့ပြနိုင်ငံကဲ့သို့ မြောက်ဘက်အတော်ဝေးသောနေရာ၌ ဟမ်မူရာဘီ၏ ကျောက်စာတစ်ချပ်ကို တွေ့ရှိခဲ့သည်။ ထိုကျောက်စာ၌ အဲမရိုက်တို့ဘုရင်ဘွဲ့အမည်ခံယူထားသည်။[19]

ဟမ်မူရာဘီစိုးစံမှုကာလမှစ၍ နောင်ဆက်ခံသောမင်းများထိသက်တမ်းရှိသော ရွှံ့စေးစာချပ်များစွာနှင့် ဟမ်မူရာဘီ၏ ကိုယ်ပိုင်စာ (၅၅)စောင်ကိုလည်းရှာဖွေတွေ့ရှိခဲ့သည်။[20] ထိုစာများ၌ ရေကြီးရေလျှံမှုကို ကိုင်တွယ်ဖြေရှင်းခြင်း၊ မှားယွင်းနေသောပြက္ခဒိန်ကို ပြင်စေခြင်းမှစ၍ ဘာဘီလုံ၏ များပြားလှသော ကျွဲနွားစသည့် တီစ္ဆာန်များကို ထိန်းကျောင်းကိုင်တွယ်ပုံအထိ အင်ပါယာနိုင်ငံအားနေ့စဉ်အုပ်ချုပ်ပုံများကို တစွန်းတစဖော်ပြထားသည်။[21] ဘီစီ ၁၇၅၀ခန့်တွင် ကွယ်လွန်၍ သားဖြစ်သူ ဆမ်းဆူ-အစ်လူးနာက ဆက်ခံသည်။ သားဖြစ်သူလက်ထက်၌ ဘာဘီလုံအင်ပါယာသည် လျှင်မြန်စွာ စတင်ပြိုကွဲခဲ့၏။[22]

ဥပဒေစည်းမျဉ်းများ

ဟမ်မူရာဘီ စည်းမျဉ်းဥပဒေကျောက်ချပ်၊ ပါရီမြို့၊ လူးဗရာပြတိုက်။
မူရင်း ဟမ်မူရာဘီစည်းမျဉ်းဥပဒေကျောက်ချပ်၏ ပုံစံငယ်မူ။ ဘီစီ ၁၇၉၀ခန့် အီရတ် နိပူရာမှ အုတ်ချပ်စာ၊ အစ္စတန်ဘူးလ်မြို့၊ အရှေ့တိုင်းရှေး​ဟောင်းပြတိုက်။

ဟမ်မူရာဘီစည်းမျဉ်းဥပဒေသည် ယခုတိုင်ရှင်သန်လျှက်ရှိသော စည်းမျဉ်းဥပဒေများ၏ အစောဆုံးပုံစံမဟုတ်ပါ။[23] အာနန်းမူ၊ အက်ရှ်နန်းနာနှင့် လစ်ပစ်-အစ်ရှ်တာ စည်းမျဉ်းဥပဒေများက ပိုရှေးကျသည်။[23] မည်သို့ပင်ဆိုစေကာမူ ဟမ်မူရာဘီစည်းမျဉ်းဥပဒေသည် ရှေးယခင် စည်းမျဉ်းဥပဒေများနှင့် သိသိသာသာကွဲပြား၍ ​အခြေခံအားဖြင့် ပို၍ဩဇာညောင်းခဲ့လေသည်။[24][25][23]

ဟမ်မူရာဘီစည်းမျဉ်းဥပဒေ ကို ကျောက်ချပ်တစ်ခု၌ ထွင်းထား၍ ပြည်သူအများကြည့်ရှုနိုင်သည့်နေရာတွင် ခင်းကျင်းပြသခဲ့သည်။ သို့သော် ထိုခေတ်က စာဖတ်နိုင်သူ မရှိသလောက်ဟု ယူဆနိုင်ဖွယ်ရှိသည်။ ထိုကျောက်စာချပ်ကို အီးလန်နိုင်ငံသားများက ခိုးယူ၍ ၎င်းတို့နေပြည်တော် ဆူးစာ သို့ရွှေ့ခဲ့ရာ ထိုကျောက်ချပ်ကို ၁၉၀၁ခုနှစ် အီရန်တွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ယခုတွင် ပါရီမြို့ လူးဗရာပြတိုက်၌ ပြသထား၏။

ဟမ်မူရာဘီစည်းမျဉ်းဥပဒေ တွင် စည်းမျဉ်းပေါင်း (၂၈၂)ခုပါဝင်၍ စာရေးတော်များက ကျောက်ချပ် (၁၂)ချပ်တွင် ထွင်းထုထားသည်။ ထိုခေတ်မတိုင်မီ ကျောက်စာဥပဒေများနှင့် မတူဘဲ ဘာဘီလုံတွင် နေ့စဉ်ပြောဆိုစကားဖြစ်သော အာကေးဒီးယန်းဘာသာဖြင့် ရေးထိုးထားကာ မြို့အတွင်းရှိ မည်သည့်စာတတ်သူမဆို ဖတ်ရှုနိုင်သည်။[24] အစောပိုင်း ဆူးမားဥပဒေစည်မျဉ်းများသည် ခံရသူ(တရားခံ) အားနစ်နာကြေးပေးရာ၌ အလေးထားဆောင်ရွက်သော်လည်း[25] ဟမ်မူရာဘီစည်းမျဉ်းဥပဒေသည် အပြစ်ကျူးလွန်သူ၏ ကိုယ်ကာယအား အပြစ်ပေးခြင်းကို အလေးထားသည်။[25] ဟမ်မူရာဘီစည်းမျဉ်းဥပဒေကမူ ခံရသူက ရန်လိုပြန်လည်လက်စားချေလုပ်ဆောင်မှုအားခွင့်ပြုခြင်းကို ကန့်သတ်ချက်ထားရှိသော ပထမဆုံး စည်းမျဉ်းဥပဒေများထဲက တစ်ခုဖြစ်သည်။[25]

စည်းမျဉ်းဥပဒေတည်ဆောက်ပုံမှာ တိကျသည်။ ပြစ်မှုတစ်ခုတိုင်းအတွက် ဆိုင်ရာပြစ်ဒဏ်ရှိ၏။ ပြစ်ဒဏ်များကို ယနေ့ခေတ်စံနှုန်းများနှင့် တိုင်းတာလျှင် အလွန်ပြင်းထန်၏။ များစွာသော ပြစ်ဒဏ်များသည် သေဒဏ်၊ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ဒဏ်ခတ်မှု တစ်နည်းဆိုရသော် "မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး"၊ "သွားတစ်ချောင်းအတွက် သွားတစ်ချောင်း" ဆိုသည့် တန်ပြန်တူညီသောလက်စားခြေခြင်းအယူအဆ ပြစ်ဒဏ်ခတ်ခြင်းမျိုးများဖြစ်၏။[26][25] အပြစ်မရှိဟု မှတ်ယူခြင်း(ယူဆခြင်း) စိတ်ကူး၏ ရှေးအကျဆုံးဥပမေယျများထဲက တစ်ခုလည်းဖြစ်၍ စွပ်စွဲသူနှင့် စွပ်စွဲခံများ၌ သက်သေထောက်ပံ့ချပြခွင့်ရှိသည်။[27] သို့ရာ၌ ပြဋ္ဌာန်းထားသော ပြစ်ဒဏ်ကို ပြောင်းလဲလျှော့ပေါ့ပေးသော အခြေအနေများအား ထောက်ပံ့ပေးထားခြင်းကားမရှိပေ။

ကျောက်ချပ်ပြားအပေါ်ပိုင်းတွင် ပြထားသည်မှာ ဟမ်မူရာဘီသည် ဘာဘီလုံတရားစောင့်နတ်ဘုရား ရှမတ်ရှ် ထံပါးမှ ဥပဒေများရယူနေဟန်ပုံဖြစ်၏။[28] ပြီးလျှင် ထိုကျောက်စာ နိဒါန်း၌ ဟမ်မူရာဘီကို ရှမတ်ရှ်ကရွေးချယ်၍ ထိုဥပဒေများကို လူအများထံယူဆောင်ရန်ဟု ဆိုသည်။[29]

သမ္မာကျမ်းလာ "ဂျူးလူမျိုးများအစုလိုက် (အီဂျစ်ပြည်)မှထွက်ခွာခြင်း စာအုပ်"တွင် ဆိုင်းနိုင်းတောင်ထိပ်[မှတ်စု 3] တွင် "ယားဝေး"[မှတ်စု 4] ဘုရားသခင်က မိုးဇစ်အား စည်းမျဉ်းဥပဒေကျမ်း (Covenant Code)အားပေးခြင်းနှင့် ဤကျောက်ချပ်ပါ ပြောစကားတို့၏ တူညီဆင်တူမှုများ၊ ထိုကျမ်းနှစ်ခု၏ ဥပဒေစည်းမျဉ်းတူညီမှုများက ညွှန်းဆိုပြသသည်မှာ ထိုနှစ်ကျမ်း၏ ဆစ်မစ်တစ်(Semitic)[မှတ်စု 5] ဘာသာစကားနောက်ခံမှ တူညီသော ဘိုးဘေးတစ်ဦး (ရှေ့ပြေးတစ်ဦး)ရှိသည်ဟုပင်ဖြစ်သည်။[33][34][35][36] မည်သို့ပင်ဖြစ်စေ ၎င်းမတိုင်ခင် ဥပဒေစည်းမျဉ်းများပါသည့် အပိုင်းအစများကို ရှာဖွေတွေ့ရှိကြပြီးဖြစ်၍ မိုးဇစ်၏ ဥပဒေများကို ဟမ်မူရာဘီစည်းမျဉ်းဥပဒေက တိုက်ရိုက်စေ့ဆော်သည့်ကိစ္စကား ဖြစ်နိုင်ဖွယ်ရာမရှိပါ။[33][34][35][36][မှတ်စု 6] ပညာရှင်တစ်ချို့က ဤအချက်နှင့်ပတ်သက်၍ ငြင်းခုံကြသည်။ ဒေးဗစ် ပီ ရိုက်(David P. Wright)က ဂျူးဘာသာစည်းမျဉ်းဥပဒေသည် ဟမ်မူရာဘီ၏ ဥပဒေများအပေါ် တိုက်ရိုက်၊ မူလအရင်းခံဖြင့်၊ နှံ့နှံ့စပ်စပ် အခြေခံပါသည်ဟုဆိုသည်။[37] ၂၀၁၀၌ ဟီးဘရူးတက္ကသိုလ်မှ ရှေးဟောင်းသုတေသနအဖွဲ့တစ်ဖွဲ့သည် ဟမ်မူရာဘီစည်းမျဉ်းဥပဒေမှ တိုက်ရိုက်ဆင်းသက်လာသော ဥပဒေများပါရှိသည့် ထိုရှေးခေတ်၏ သတ်ပုံစာရေးနည်း ကျောက်ပြားကို အစ္စရေးနိုင်ငံ ဟတ်ဇော(Hazor) ရှေးဟောင်းနယ်မြေတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ထိုကျောက်ပြားသည် ဘီစီ ၁၇-၁၈ရာစုနှစ်များကဖြစ်၏။[38]

ကျန်ရစ်သော အမွေအနှစ်

ဟမ်မူရာဘီကို ခရစ်တော်မမွေးခင် ဒုတိယမြောက်ထောင်စုနှစ် အတွင်းပေါ်ထွန်းခဲ့သော ဘုရင်များထက် သာလွန်သည်ဟု ဂုဏ်ပြုကြသည်။[39] ၎င်းအုပ်ချုပ်စဉ်အတွင်း နတ်ဘုရားတစ်ပါးဖြစ်သည်ဟု ကြေငြာခြင်းခံရသည့် ဂုဏ်အင်ကိုလည်းပိုင်ဆိုင်ထားသည်။[40] ဟမ်မူရာဘီ၏ စစ်ရေးအောင်နိုင်ခြင်းများကို နိုင်ငံအားလုံးသို့ ယဉ်ကျေးမှုပျံ့နှံ့စေသည့် မြင့်မြတ်သောတာဝန်၏ အစိတ်အပိုင်းအဖြစ် ယူဆလာခဲ့ကြသည်။[41]

နောက်ပိုင်းအထိမ်းအမှတ်အနေဖြင့် ဟမ်မူရာဘီအခန်းကဏ္ဍကို အခြားအောင်မြင်မှုများထက် ကြီးကျယ်သောဥပဒေပြုသမားအဖြစ်ပို၍ အလေးထားသတ်မှတ်ကျသည်။ ၎င်းသေဆုံးပြီးနောက်ပိုင်းရာစုနှစ်များစွာကြာကြာ ၎င်း၏ ဥပဒေများကို စာရေးတော်များက စာရေးသားခြင်းအလေ့အကျင့်အဖြစ် ကူးယူရေးသားကြသည်။ တစ်စိတ်တစ်ပိုင်းကိုလည်း ဆူးမားဘာသာသို့ပြန်ဆိုခဲ့ကြသည်။[42]

ဟမ်မူရာဘီသက်တမ်းတွင် ဘာဘီလုံမြို့သည် ရှေးကရှိဖူးသော နစ်ပူအာရ်မြို့(Nippur) ဆီမှ အမြင့်မြတ်ဆုံးသောမြို့တော် ဂုဏ်ပုဒ်ကို လုယူနိုင်ခဲ့သည်။[43] ၁၁၅၈ဘီစီတွင် အီးလန်မိုက်ဘုရင်တစ်ပါးက ဘာဘီလုံကိုကျူးကျော်သိမ်းပိုက်၍ အထိမ်းအမှတ်ကျောက်တုံး၊ ကျောက်ချပ်စသည်တို့ကို သယ်ဆောင်သွားသောအခါ ထိုကျောက်ချပ်များမှ ကျောက်စာများကို ဖယ်ရှား၍ ကျောက်စာအသစ်များထွင်းထုစေခဲ့သည်။[42]

အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်ခန်းမဆောင်တွင် ဟမ်မူရာဘီရုပ်ကြွပုံ။

၁၉ရာစုနှောင်းပိုင်း၌ ဟမ်မူရာဘီစည်းမျဉ်းဥပဒေသည် သမ္မာကျမ်းစာနှင့် ဘာဘီလုံ၏ စာများအကြားဆက်သွယ်မှု အပေါ် ဂျာမနီ၌ "ဘေဘယ်လ် (ဘာဘီလုံ) နှင့် ဘိုင်ဘယ်(သမ္မာကျမ်းစာ)"ဆိုသည့် ခံစားချက်များစွာနှင့် အငြင်းပွားပြောဆိုမှု၏ အဓိကအပိုင်းဖြစ်လာခဲ့သည်။[44] ၁၉၀၂ ဂျာမန်လူမျိုး အဆီးရီးယားပညာရှင် ဖရီးဒရစ် ဒဲလ်လစ်ချ် (Friedrich Delitzsch)သည် ဟောပြောပို့ချမှုတစ်ခု၌ ဓမ္မကျမ်းဟောင်း၌ မိုးဇစ်၏ ဥပဒေများသည် ဟမ်မူရာဘီစည်းမျဉ်းဥပဒေမှ တိုက်ရိုက်ယူထားခြင်းဖြစ်ကြောင်း ငြင်းခုံပြောဆိုသွားသည်။[45] ဒဲလ်လစ်ချ်၏ ပို့ချချက်သည် အလွန်အငြင်းပွားဖွယ်ဖြစ်ခဲ့၍ သတင်းစာ၊ ဂျာနယ်များမှ တုံ့ပြန်ဝေဖန်မှုများစွာရရှိခဲ့သည်။ (၂၀)ရာစုအစော၌ သမ္မာကျမ်းစာ၏ ပထမကျမ်း the Book of Genesis 14:1 တွင် ဟမ်မူရာဘီသည် Shinar ၏ ဘုရင် အမ်ရဖဲလ် (Amraphel)ဖြစ်သည်ဟု ပညာရှင်များစွာက ယုံကြည်ကြသည်။ [46][47] ဤအမြင်အား ယခု၌ လက်မခံဘဲ ပယ်ချကြ၍[48][49] အမ်ရဖဲလ်၏ တည်ရှိမှုကို သမ္မာကျမ်းပြင်ပ မည်သည့်အရေးအသားတွင်မှ သက်သေမပြနိုင်ခြင်းမရိပေ။[49]

ဥပဒေပြုသူတစ်ဦးအဖြစ် ဟမ်မူရာဘီ၏ ဂုဏ်သတင်းကြောင့် ၎င်း၏သရုပ်ဖော်ပုံကို အမေရိကန်ပြည်ထောင်စု၏ အချို့သော အစိုးရအဆောက်အအုံများ၌ တွေ့နိုင်သည်။ အမေရိကန် အောက်လွှတ်တော်ခန်းမဆောင်တွင် စကျင်ကျောက်ချပ်ရုပ်လုံးကြွ မှုန်းချယ်ထွင်းထုထားသော ဥပဒေပြုသူ (၂၃)ဦးအနက် တစ်ဦးမှာ ဟမ်မူရာဘီဖြစ်၏။[50] အဒေါ့လ်ဖ် ဝိန်းမန်း (Adolph Weinman)၏ friezeပုံ[မှတ်စု 7] ၌ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဥပဒေပြုသူများကို ပုံဖော်ထားရာ ဟမ်မူရာဘီလည်းပါဝင်သည်။ ထိုပုံဖော်ထားမှုကို အမေရိကန် တရားရုံးချုပ်အဆောက်အဦး၏ တောင်ဘက်နံရံ၌ရှိသည်။ [51][52] ဆဒမ် ဟူစိန်လက်ထက်က အီရတ်တပ်မတော်၏ ပထမဆုံးဟမ်မူရာဘီ သံချပ်ကာတပ်ကို ခေတ်သစ်အီရတ်နှင့် အာရပ်ခေတ်မတိုင်မီ မက်ဆိုပိုတေးမီးယား ယဉ်ကျေးမှု ဆက်စပ်ခြင်းကို အလေးပေးရန်ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ထိုတပ်အား ဟမ်မူရာဘီကို အစွဲပြု၍ နာမည်ပေးထားသည်။

မှတ်စု

  1. /ˌhæmʊˈrɑːbi/ (အသံထွက်-ဟမ်မွတ်ရားဘီ) ; Akkadian language: 𒄩𒄠𒈬𒊏𒁉 Ḫa-am-mu-ra-bi, from the Amorite language ʻAmmurāpi ("the kinsman is a healer"), itself from ʻAmmu ("paternal kinsman") and Rāpi ("healer").
  2. ကိုဓဥပဒေဟု code(ကို့ဒ်)အားမှားယွင်းစွာ အသံဖလှယ်၍ ရှေးယခင်က သုံးစွဲကြသည်။ Code of Hammurabi သည် သမားရိုးကျ code ဟူသည့် စကားလုံးဖြစ်၍ အသံဖလှယ်စရာမလိုပါ။
  3. ဆိုင်းနိုင်း (သို့) ဆီးနီး (သို့) ဆိုင်းနစ်ယိုင်း ဟုလည်း အသံထွက်နိုင်သည်။[30]
  4. Yahwehသည် သမ္မာကျမ်းတွင် ဟီဘရူးဘုရားသခင် အမည်နာမပုံစံဖြစ်၍ Yahveh - ယားဗေးဟုလည်းခေါ်ဝေါ်နိုင်သည်။ Jehovah (အင်္ဂလိပ်အသံထွက် - ဂျစ်ဟိုးဗာ) သည် သမ္မာကျမ်းဘာသာပြန်မူများ၌ အသုံးပြုသည့် ဝေါဟာရဖြစ်၏။ ယခင်မြန်မာနိုင်ငံ၌ စကားလုံးအသံဖလှယ်ရာတွင် ဤစကားလုံးအား ယေဟောဝါ (သို့) ယေဟိုးဝါ ဟုသုံးကြသည်။ အလယ်ခေတ် လက်တင်စာပေ၌ lehouah- လက်ဟိုးဝါဟု ခေါ်ဝေါ်ကြသည်။[31]
  5. ဂျူး၊ အာရပ်စသည့် အက်ဖရို-အေးရှဘာသာစကား [32]
  6. Barton, a former professor of Semitic languages at the University of Pennsylvania, stated that while there are similarities between the two texts, a study of the entirety of both laws "convinces the student that the laws of the Old Testament are in no essential way dependent upon the Babylonian laws." He states that "such resemblances" arose from "a similarity of antecedents and of general intellectual outlook" between the two cultures, but that "the striking differences show that there was no direct borrowing."[34]
  7. အမိုးနားရှိ နံရံ၌ ထွင်းထု၊ ခြယ်သလေ့ရှိသည်။ မြန်မာပြည် ဘုရားကျောင်းကန်အဆောက်အဦးများတွင် ဘုရားပုံ၊ ကနုတ်ပန်းပုံ၊ ဇာတ်တော်လာအခန်းများပုံကို ခေါင်မိုးနားကပ်လျှက် နံရံပေါ်တွင် ရုပ်ကြွအဖြစ် ထွင်းထုလေ့ရှိ၏။

ကိုးကားအညွှန်းများ

  1. Roux၊ Georges (27 August 1992)၊ "The Time of Confusion"Ancient IraqPenguin Books၊ p. 266၊ ISBN 9780141938257
  2. Hammurabi | Biography, Code, Importance, & Facts
  3. Beck၊ Roger B.; Black၊ Linda; Krieger၊ Larry S.; Naylor၊ Phillip C.; Shabaka၊ Dahia Ibo (1999)။ World History: Patterns of Interaction။ Evanston, IL: McDougal LittellISBN 978-0-395-87274-1OCLC 39762695
  4. Van De Mieroop 2005, p. 1
  5. Van De Mieroop 2005, pp. 1–2
  6. Van De Mieroop 2005, p. 3
  7. Van De Mieroop 2005, pp. 3–4
  8. Van De Mieroop 2005, p. 16
  9. Arnold 2005, p. 43
  10. Van De Mieroop 2005, pp. 15–16
  11. Van De Mieroop 2005, p. 17
  12. Claire၊ Iselin။ Royal head, known as the "Head of Hammurabi" Musée du Louvre
  13. Van De Mieroop 2005, p. 18
  14. Van De Mieroop 2005, p. 31
  15. Van De Mieroop 2005, pp. 40–41
  16. Van De Mieroop 2005, pp. 54–55
  17. Van De Mieroop 2005, pp. 64–65
  18. Arnold 2005, p. 45
  19. Clay၊ Albert Tobias (1919)။ The Empire of the AmoritesYale University Press။ p. 97
  20. Breasted 2003, p. 129
  21. Breasted 2003, pp. 129–130
  22. Arnold 2005, p. 42
  23. Davies, W. W. (January 2003)။ Codes of Hammurabi and Moses။ Kessinger Publishing။ ISBN 978-0-7661-3124-8OCLC 227972329
  24. Breasted 2003, p. 141
  25. Bertman၊ Stephen (2003)။ Handbook to Life in Ancient Mesopotamia။ Oxford, England: Oxford University Press။ p. 71။ ISBN 978-019-518364-1CS1 maint: ref=harv (link)
  26. "The Code of Hammurabi" (1904). The American Journal of Theology 8 (3): 601–609. doi:10.1086/478479.
  27. Victimology: Theories and Applications, Ann Wolbert Burgess, Albert R. Roberts, Cheryl Regehr, Jones & Bartlett Learning, 2009, p. 103
  28. Kleiner၊ Fred S. (2010)။ Gardner's Art through the Ages: The Western Perspective1 (Thirteenth ed.)။ Boston, Massachusetts: Wadsworth Cengage Learning။ p. 29။ ISBN 978-0-495-57360-9CS1 maint: ref=harv (link)
  29. Smith၊ J. M. Powis (2005)။ The Origin and History of Hebrew Law။ Clark, New Jersey: The Lawbook Exchange, Ltd.။ p. 13။ ISBN 978-1-58477-489-1CS1 maint: ref=harv (link)
  30. Oxford English Dictionary
  31. Oxford English Dictionary
  32. Oxford English Dictionary
  33. Douglas၊ J. D.; Tenney၊ Merrill C. (2011)။ Zondervan Illustrated Bible Dictionary။ Grand Rapids, Michigan: Zondervan။ p. 1323။ ISBN 978-0310229834CS1 maint: ref=harv (link)
  34. Barton, G.A: Archaeology and the Bible. University of Michigan Library, 2009, p.406.
  35. Unger, M.F.: Archaeology and the Old Testament. Grand Rapids: Zondervan Publishing Co., 1954, p.156, 157
  36. Free, J.P.: Archaeology and Biblical History. Wheaton: Scripture Press, 1950, 1969, p. 121
  37. Wright၊ David P. (2009)။ Inventing God's Law: How the Covenant Code of the Bible Used and Revised the Laws of Hammurabi။ Oxford, England: Oxford University Press။ pp. 3 and passim။CS1 maint: ref=harv (link)
  38. "Tablet Discovered by Hebrew U Matches Code of Hammurabi"၊ Beit El: HolyLand Holdings, Ltd.၊ 26 June 2010။
  39. Van De Mieroop 2005, p. 128.
  40. Van De Mieroop 2005, p. 127.
  41. Van De Mieroop 2005, p. 126.
  42. Van De Mieroop 2005, p. 129.
  43. Schneider၊ Tammi J. (2011)၊ An Introduction to Ancient Mesopotamian Religion၊ Grand Rapids, Michigan: William B. Eerdman's Publishing Company၊ pp. 58–59၊ ISBN 978-0-8028-2959-7CS1 maint: ref=harv (link)
  44. Ziolkowski 2012, p. 25.
  45. Ziolkowski 2012, pp. 23–25.
  46. AMRAPHEL - JewishEncyclopedia.com
  47. Bible Gateway passage: Genesis 14 - New International Version
  48. North၊ Robert (1993)။ "Abraham"။ in Metzger၊ Bruce M.; Coogan၊ Michael D. (eds.)။ The Oxford Companion to the Bible။ Oxford: Oxford University Press။ p. 5ISBN 978-0-19-504645-8CS1 maint: ref=harv (link)
  49. Granerød၊ Gard (26 March 2010)။ Abraham and Melchizedek: Scribal Activity of Second Temple Times in Genesis 14 and Psalm 110။ Berlin, Germany: Walter de Gruyter။ p. 120။ ISBN 978-3-11-022346-0CS1 maint: ref=harv (link)
  50. Hammurabi Architect of the Capitol 19 May 2008 တွင် ပြန်စစ်ပြီး။
  51. Courtroom Friezes Supreme Court of the United States 1 June 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 May 2008 တွင် ပြန်စစ်ပြီး။
  52. "Lawgivers: From Two Friezes, Great Figures of Legal History Gaze Upon the Supreme Court Bench"၊ WP Company LLC၊ 11 March 1998 28 November 2017 တွင် ပြန်စစ်ပြီး

ကိုးကားရင်းမြစ်စာအုပ်များ

  • Arnold၊ Bill T. (2005)။ Who Were the Babylonians?Brill PublishersISBN 978-90-04-13071-5OCLC 225281611CS1 maint: ref=harv (link)
  • Breasted၊ James Henry (2003)။ Ancient Time or a History of the Early World, Part 1။ Kessinger Publishing။ ISBN 978-0-7661-4946-5OCLC 69651827CS1 maint: ref=harv (link)
  • DeBlois၊ Lukas (1997)။ An Introduction to the Ancient WorldRoutledgeISBN 978-0-415-12773-8OCLC 231710353CS1 maint: ref=harv (link)
  • Van De Mieroop၊ Marc (2005)။ King Hammurabi of Babylon: A BiographyBlackwell PublishingISBN 978-1-4051-2660-1OCLC 255676990CS1 maint: ref=harv (link)
  • Ziolkowski၊ Theodore (2012)၊ Gilgamesh among Us: Modern Encounters with the Ancient Epic၊ Ithaca, New York and London, England: Cornell University Press၊ ISBN 978-0-8014-5035-8CS1 maint: ref=harv (link)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.