မဟာပရိနိဗ္ဗာနသုတ်

ဘုရားမြတ်စွာ၏ နောက်ဆုံးဖြစ်စဉ်အကြောင်းအရာတို့ကို ပြည့်ဝကုံလုံစွာ ရရှိနိုင်ရေးအတွက် ဤသုတ်သည် အထူးအရေးကြီးလှသည်။ စာပေဘက်ကနေ၍ ကြည့်ပြန်လျှင်လည်း မဟာပရိနိဗ္ဗာနသုတ်၏ စာသွားစာလာသည် စကားအချေအတင်ပြောနည်း သဘောမျိုးလည်းမဟုတ် တရားရိုးရိုး ဟောကြားနေသော အနေအထားလည်း မဟုတ်သောကြောင့် အခြားသုတ်များနှင့် မတူ တဘာသာဟုဆိုရမည်။ ဘုရားမြတ်စွာ၏ အထုပ္ပတ္တိနောက်ပိုင်းကို တဆက်တည်းဖော်ပြသော မှတ်တမ်းဖြစ်သဖြင့်လည်း ဘုရားမြတ်စွာ၏ နောက်ဆုံးမိန့်ခွန်း၊ နောက်ဆုံးတရားတော်များနှင့် ဘုရားမြတ်စွာ မည်သို့ ပရိနိဗ္ဗာန်စံလွန်တော်မူပုံကို ဤသုတ်၌ အသေးစိတ်တွေ့ရှိနိုင်သည်။ ဤသုတ်ကို ဘုရားမြတ်စွာ၏ နောက်ပိုင်းအထုပ္ပတ္တိမှတ်တမ်းဟု ခေါ်ဆိုရပေမည်။ ပါဠိပိဋကတ်တော်တလျှောက်တွင် အထုပ္ပတ္တိမှတ်တမ်းများ အလွန်ရှားပါးရာ ထိုရှားပါးသောကျမ်းများတွင် မဟာပရိနိဗ္ဗာနသုတ်သည် တခုအပါအဝင် ဖြစ်လေသည်။

အခြားရှည်လျားသော သုတ်တော်များမှာကဲ့သို့ပင် ဤသုတ်တွင် ရှေးကျ၍ တကယ့်အချက်အလက် အစစ်အမှန်များပါဝင်သည်နှင့်အမျှ စိတ်ကူးဉာဏ်အထင်အမြင်ဖြင့် ရေးသားထည့်သွင်းသော နောက် နှောင်း အချက်အလက်များကိုလည်း တွေ့ရှိနိုင်သည်။ မြောက်မြားလှစွာသော လူအပေါင်းတို့သည် ဘုရားမြတ်စွာ၏ ရူပနိကာယ်ကြောင့် ဘုရားမြတ်စွာကို မည်သို့ကြည်ညိုလေးစားကြကြောင်း၊ ဘုရားမြတ်စွာ၏ ရည်ရွယ်ရင်း အချုပ်အခြာဝါဒကားသက်ရှိသက်မဲ့ အစုအဝေးမှန်သမျှသည် ယိုယွင်းပျက်စီးတတ်သော သဘော ရှိကြောင်း၊ လူတိုင်းလူတိုင်း မိမိလွတ်လပ်မှုကို မိမိကိုယ်တိုင် ကြိုးပမ်း အားထုတ်သင့်သည် ဟူသောဝါဒ ဖြစ်ကြောင်း၊ ဘုရားမြတ်စွာသည် မည်သို့ ပရိနိဗ္ဗာန်စံလွန်တော်မူရပုံ အကြောင်းတို့ကို ဤသုတ်တွင် အထင်အရှား ရှင်းလင်းဖော်ပြထားသည်။

ဝဿကာရပုဏ္ဏား ဘုရားမြတ်စွာထံ သွားရောက်ဖူးတွေ့ ခန်း...၊ ရဟန်းသံဃာတို့ ကောင်းရာကောင်းကျိုးအတွက် အခြေခံ (၇)ချက် ...မြေငလျင်လှုပ်ရသည့်အကြောင်းရင်း (၈)ကြောင်း... တပါးသူတို့အား နှိပ်နင်းရမည့်အကြောင်းရင်(၈)ကြောင်း...စုန္ဒထံ ဘုရားမြတ်စွာ ကြွတော်မူကြောင်း...သုဘဒ္ဒပရိဗိုဇ်သည် ဘုရားမြတ်စွာ ထံ သွားရောက်ဖူးမျှော်ပြီးလျှင် သူသိလိုသော ပြဿနာများအတွက် ဘုရားမြတ်စွာနှင့် ဆွေးနွေးပုံအခန်း...ဘုရားမြတ်စွာ ပရိနိဗ္ဗာန်စံလွန် တော်မူသောအခါ မလ္လာမင်းတို့သည် ဘုရားမြတ်စွာကို မည်သို့မည်ပုံ အရိုအသေပြုကြသည့်အကြောင်း...ဘုရားမြတ်စွာ၏ ဓာတ်တော်များ အတွက် မည်သို့အငြင်းပွားကြပုံ...နောက်ဆုံး၌ ဒေါဏပုဏ္ဏား ဓာတ် တော်များကို ခွဲဝေကာ ပုထိုးတည်ပုံအကြောင်းတို့ကို ဤသုတ်မှ အစုံ အလင်သိရှိနိုင်ပေသည်။

ဗေဠုဝရွာတွင် ဘုရားမြတ်စွာ နာမကျန်းဖြစ်ရသည်-ဟူ သောအချက်...ဘုရားမြတ်စွာသည် အာစရိယဟတ္ထမုဋ္ဌိမထား ရဟန်း တို့၏ အကြီးအကဲအဖြစ် ဘုရားမြတ်စွာသည် မည်သူကိုမျှ မခန့်အပ် လို... တရားဒေသနာတော်များကို လိုက်နာနေသမျှ ရဟန်းတို့အဘို့ ခေါင်းဆောင်အကြီးအကဲ မဆိတ်သုဉ်း... လွတ်လပ်မှုအတွက် လူတို့ သည် အတ္တသရဏ ကိုယ့်ကိုယ်ကိုသာလျှင် အားကိုးသင့်ကြောင်း ...အတ္တဒီပ ကိုယ့်မှီခိုရာကျွန်းကြီးကို ကိုယ်ကိုယ်တိုင်သာလျှင် တည်ဆောက်သင့်ကြောင်း ...ဘုရားမြတ်စွာက ဟောကြားခဲ့သည်ဟူ သောအချက်...ဘုရားမြတ်စွာ ရုတ်ခြည်း ပရိနိဗ္ဗာန်စံလွန်တော်မူခြင်းကြောင့် ညီတော်အာနန္ဒာ မည်သို့ပူဆွေး ဒုက္ခရောက်သည်ဟူသော အချက်... ဤအချက်တို့ကား ရှေးအလွန်ကျ၍ မှန်ကန်တိကျသော အချက်အလက်များ ဖြစ်ကြသည်။ တရားဒေသနာတော်များကို ဟောပြညွှန်ကြားရာ၌ ဘုရားမြတ်စွာသည် သာမန်ပုဂ္ဂိုလ်အနေဖြင့်သာ သွန်သင်ညွှန်ကြားခဲ့သည် ဆိုရာ၌လည်း မှန်ကန်တိကျသော အချက်ပင် ဖြစ်သည်။ သို့သော် တန်ခိုးပြာဋိဟာနှင့်ပတ်သက်သည့် အခန်းများ... ဘုရားမြတ်စွာသည် မိမိအလိုအလျောက် ပရိနိဗ္ဗာန်စံလွန်တော်မူလိုသောကြောင့်သာ ပရိနိဗ္ဗာန်စံလွန်တော်မူရသည်။ အကယ်၍ ဘုရား မြတ်စွာသည် ပရိနိဗ္ဗာန်မစံယူလိုသေးသော် ပရိနိဗ္ဗာန်မစံဘဲ နေတော် မူနိုင်သေးသည်ဟူသောအချက်...ဤအချက်များသည် မူရင်းသုတ် တော်တွင် ပါဝင်ဟန်မတူ။ နောက်မှ ဖြည့်စွက်ထည့်သွင်းထားဟန် တူပေသည်။ မူရင်းပရိနိဗ္ဗာနသုတ်သည် ယခုလက်ရှိ မဟာပရိနိဗ္ဗာနသုတ် ကဲ့သို့ မရှည်လျားလှ။ ယခုလက်ရှိ အရွယ်အစားဖြစ်ရန် ဖြည့်စွက် ချက်များ နောက်မှထည့်သွင်းကြသည်ဟူ၍ အချို့သူတို့ အယူရှိကြ၏။ ထိုသူတို့ ယူဆချက်သည် မှန်ကန်သည်ဟုဆိုပါက တန်ခိုးပြာဋိဟာခန်းများနှင့် ဓာတ်တော်များကို ပုထိုးတည်သည်ဟူသောအခန်းများသည် နောက်မှ ဖြည့်စွက်ခြင်းဖြစ်ရမည်။[1]

အကိုးအကား

  1. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.