မဟာမြတ်မုနိဘုရား (မော်လမြိုင်မြို့)

မဟာမြတ်မုနိဘုရား သည် မော်လမြိုင်မြို့ အရှေ့ဘက်ရှိ တောင်ရိုးတန်းပေါ်တွင် တည်ရှိသည့် ရုပ်ပွားတော်တစ်ဆူ ဖြစ်သည်။ [1]

သမိုင်းကြောင်း

သီပေါမင်း ပါတော်မူပြီးသောအခါ ဝဇိရာရာမဆရာတော်နှင့် သင်္ဂဇာဆရာတော်တို့သည် မော်လမြိုင်သို့ ကြွတော်မူ၏။ ဆရာတော်တို့ကို ကြည်ညိုရင်းစွဲရှိသည့် စိတ်တုံးမိဖုရားကြီးလည်း လိုက်ပါလာခဲ့သည်။

ကာလကြာရှည်လာသည့်အခါ မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီးကို ဖူးမြော်လိုစိတ် ဖြစ်လာခဲ့သည်။ မော်လမြိုင်မြို့ရှိ ပြည်သူများလည်း ဖူးမြော်ခွင့်ရစေရန် ဝဇီရာရာမဆရာတော်သည် ကျောင်းဒါယကာမ ဒေါ်ရွှေပွင့်ကို မန္တလေးရှိ မဟာမြတ်မုနိရုပ်ပွားတော်၏ ပုံတော်ကို ကူးယူစေသည်။

ထို့နောက်တွင် ကျိုက်သလ္လံကုန်းတော်မြောက်ဖျား တောင်စွယ်၌ ရုပ်ပွားတော်ကို သွန်းလုပ်ခဲ့သည်။ ရုပ်ပွားတော်ကို သွန်းလုပ်ခဲ့သည့်အချိန်မှာ ၁၂၆၆ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်နေ့ ဖြစ်သည်။[1]

ပြုလုပ်လှူဒါန်းမှုများ

ရုပ်ပွားတော်ကို ပြုလုပ်ရာတွင် ရွှေသား ၁၈၄၃ ကျပ်၊ ငွေသား ၆၂၈၄ ကျပ် ထည့်သွင်းကာ ပြုလုပ်ခဲ့သည်။ အိန္ဒိယနိုင်ငံသား မဒရာစီလူမျိုးတစ်ဦးဖြစ်သည့် ဂါနာပတီ သည် ၂၃ ရတီရှိ ပတ္တမြားကို သင်းကျစ်တော်တွင် ချယ်လှယ်ရန် လှူဒါန်းခဲ့သည်။[1]

ကိုးကား

  1. လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၁၆၀၊ ၁၆၁။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.