မိုဟာမက် အလီဂျင်နာ

မိုဟာမက် အလီဂျင်နာ (၁၈၇၆-၁၉၄၈) သည် အိန္ဒိယနိုင်ငံရေးသမား၊ မွတ်စလင်လိဂ်၏ သက်တမ်းရှည် ခေါင်းဆောင်ဖြစ်သည်။ ဂျင်နာသည် ပါကစ္စတန်နိုင်ငံတည်ထောင်သူ ဖခင်ကြီးဖြစ်လာပြီး ၁၉၄၇-ခုနှစ်မှ ၁၉၄၈-ခုနှစ်အတွင်း ပါကစ္စတန်၏ ပထမဆုံးဘုရင်ခံချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ မိုဟာမက် အလီဂျင်နာကို ၁၈၇၆-ခုတွင် ကရာချိမြို့၌ မွေးဖွားခဲ့သည်။ ထိုအချိန်က ကရာချိမြို့သည် အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အိန္ဒိယကို ဗြိတိသျှတို့ မအုပ်ချုပ်ခင် အချိန်ဖြစ်သည်။ ဂျင်နာ လူငယ်ဘဝက မိဘများက လုပ်ငန်းအတ​ွေ့အကြုံရရှိရန် လန်ဒန်မြို့သို့ ပို့ပ​ေးခဲ့သည်။ ၎င်းအစား သူက ဥပဒေပညာရပ်ကို သင်ယူခဲ့ပြီး ဗြိတိသျှအစိုးရစနစ်ကို လေ့လာခဲ့သည်။ ပညာသင်ယူပြီးသောအခါ အိန္ဒိယသို့ ပြန်လာပြီး ဘုံဘေ (ယခု မွန်ဘိုင်း)တွင် ရှေ့နေအလုပ်ကို စတင်လုပ်ကိုင်ခဲ့သည်။ ထိုအချိန်ကာလသည် အိန္ဒိယပြည်သူများက ဗြိတိသျှအုပ်ချုပ်ရေး အောက်မှ လွတ်မြောက်ရေးကို စတင်ကြိုးပမ်းနေကြချိန် ဖြစ်သည်။

ဒေသအတွင်းရှိ အဓိကဘာသာရေးအုပ်စုကြီး နှစ်ခုဖြစ်သည့် မွတ်စလင်များနှင့် ဟိန္ဒူများသည် အိန္ဒိယတွင် နှစ်ရာပေါင်းများစွာ ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ခဲ့ကြပါသည်။ သို့သော် မွတ်စလင်များထက် ဟိန္ဒူများက ပိုမိုများပြားသည်။ ထို့ကြောင့် မွတ်စလင်အများအပြားက အိန္ဒိယနိုင်ငံ လွတ်လပ်လာသည့် အခါ ဟိန္ဒူများနှင့် တန်းတူအခွင့်အရေးမရမည်ကို စိုးရိမ်ထိတ်လန့်ခဲ့ကြသည်။

ဂျင်နာသည် မွတ်စလင်တစ်ဦးဖြစ်သော်လည်း မူလအစတွင် ကြောက်ရွံ့ထိတ်လန့်စရာ ရှိနေသည်ဟု မထင်မြင်ခဲ့ပါ။ သို့သော် အချိန်နှင့်အမျှ အိန္ဒိယရှိ မွတ်စလင်များအနေနှင့် သူတို့ကိုယ်ပိုင်နိုင်ငံ တစ်နိုင်ငံရှိသင့်သည်ဟု ခံစားမိလာခဲ့သည်။ ထို့ကြောင့် ဂျင်နာသည် အိန္ဒိယနိုင်ငံမှ မွတ်စလင်နိုင်ငံ တစ်နိုင်ငံ ခွဲထွက်ရေးအတွက် အပြင်းအထန် ကြိုးစားတော့သည်။ ထိုနိုင်ငံသစ်ကို ပါကစ္စတန်ဟု ခေါ်တွင်ပါလိမ့်မည်။

၁၉၇၄-ခုနှစ်တွင် ဗြိတိသျှအစိုးရက ပါကစ္စတန်နိုင်ငံ ထူထောင်ခြင်းကို သဘောတူခဲ့သည်။ ထိုနှစ် ဩဂုတ်လတွင် အိန္ဒိယနိုင်ငံသည် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရခဲ့သည်။ နိုင်ငံ၏ အစိတ်အပိုင်းတစ်ရပ်သည် ပါကစ္စတန်နိုင်ငံ ဖြစ်လာခဲ့သည်။ ဂျင်နာကို ပါကစ္စတန်နိုင်ငံ၏ အစိုးရအဖွဲ့ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ သို့သော် မကွယ်လွန်ခင် တစ်နှစ်သာ တာဝန်ထမ်းဆောင်ခဲ့ရပါသည်။ ယနေ့ထိတိုင် ပြည်သူများက သူ့ကို ချစ်ခင်နေကြဆဲဖြစ်ပါသည်။ ပါကစ္စတန်နိုင်ငံ ထူထောင်ရာတွင် ကူညီစွမ်းဆောင်ခဲ့ခြင်းကြောင့် ဂျင်နာသည် ပါကစ္စတန်နိုင်ငံ၏ ဖခင်အဖြစ် မှတ်ယူခြင်း ခံခဲ့ရပါသည်။ [1]

ကိုးကား

  1. လင်းတည်ဦး ဘာသာပြန်ဆိုသည်။ သမိုင်းဝင်ထင်ရှား ပုဂ္ဂိုလ်က​ျော်များ၊ ပထမအကြိမ်၊ စက်တင်ဘာ၊ ၂၀၁၉၊ စာ-၃၀
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.