မေမေခင်

မေမေခင် သည် ဟိုက်ကုတ်လွှတ်တော်၌ ခန့်အပ်ခံရသော ပထမဆုံးအမျိုးသမီး ဖြစ်သည်။ [1] လူမှုရေးကိစ္စများတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။

ငယ်ဘဝ

၁၉၀၁ ခု၊ မတ်လ ၁၀ ရက်တွင် ပုသိမ်မြို့နေ ဦးစောလှိုင်၊ ဒေါ်ဒေါ်ချစ် တို့က ဖွားမြင်သည်။ ငယ်စဉ်က ပုသိမ် အေဘီအမ်ကျောင်းနှင့် ရန်ကုန် မက်သဒစ်ကျောင်းတို့တွင် ပညာဆည်းပူးပြီး ဆယ်တန်းကို ၁၉၁၈ ခုတွင် ကြည့်မြင်တိုင် အေဘီအမ်ကျောင်းမှ အောင်မြင်သည်။ ဂျပ်ဆင်ကောလိပ်၌ ကျောင်းတက်ရာ ၁၉၂၀ ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်၌ ပါဝင်ခဲ့သည်။ ၁၉၂၄ ခုတွင် ဘီအေဘွဲ့၊ ၁၉၂၆ ခုတွင် ဘီအယ်ဘွဲ့ ရသည်။

ဝန်ထောက်ဘဝ

၁၉၂၇ ခုတွင် ဟိုက်ကုတ်လွှတ်တော်၌ ပထမဆုံး အမျိုးသမီးဝန်ထောက်အဖြစ် ခန့်အပ်ခံရသည်။ ဗဟိုတရားရုံးရှေ့နေအဖြစ် ဆောင်ရွက်စဉ် သက်သေခံတံဆိပ်နှိပ်အရာရှိ (နိုတြီပတ်ဗလစ်) အဖြစ် ခန့်အပ်ခံရသည်။ ၁၉၅၇ ခုတွင် အတွင်းဝန်အဖြစ်နှင့် အငြိမ်းစားယူသည်။

အိမ်ထောင်ရေး

၁၉၅၀ ပြည့်တွင် စက်ရှင်မင်းကြီး ဦးမောင်မောင်နှင့် လက်ဆက်သည်။ စန်းမောင်၊ စန်းဘိုသီဟ၊ စန်းထွဋ်သီဟနှင့် စန်းသုံးသီဟ ဟူသော သားများ မြင်သည်။ ၁၉၇၈ ခုတွင် ခင်ပွန်း လွန်နှင့်သည်။

လူမှုရေးရာ ဆောင်ရွက်ချက်များ

၁၉၁၉ ခုတွင် ပုသိမ်မြို့ ဝိုင်အမ်ဘီအေအသင်း ဥက္ကဋ္ဌအဖြစ် ရွေးမြှောက်ခံရသည်။ ဘွဲ့ရပြီးနောက် ၁၉၂၆-၂၇ ကာလများကို မြို့မကျောင်း ဆရာမအဖြစ် အမှုထမ်းသည်။ တရားရုံးများဆိုင်ရာ ဗုဒ္ဓဘာသာအသင်း ဘဏ္ဍာထိန်းအဖြစ် ဆောင်ရွက်သည်။ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ ဒပ်ဖရပ် (သားဖွား) ဆေးရုံ ကော်မတီ၊ ဘိုးဘွားရိပ်သာ စောင့်ရှောက်ရေးအဖွဲ့ စသည်တို့၌ အမှုဆောင်အဖြစ် ပါဝင်သည်။ ဗုဒ္ဓဂါယာ သာသနာပြုအဖွဲ့၏ နာယကအဖြစ်လည်း ပါဝင်သည်။ ပုသိမ် ဘိုးဘွားရိပ်သာနှင့် ရန်ကုန် ဇီဝိတဒါန သံဃာ့ဆေးရုံတို့တွင် လှူဒါန်းသည်။ မူလ ရွှေကျင်ဆရာတော်ကြီး၏ ကျမ်းစာများ ပြန်ထုတ်ရန် လုံးပမ်းခဲ့သည်။ ဆေးကျောင်းတက် ကျောင်းသား (၇) ဦးတို့ကိုလည်း ပညာသင်ရန် ထောက်ပံ့ဖူးသည်။

ဘွဲ့ တံဆိပ်များ

နိုင်ငံတော်က ဝဏ္ဏကျောင်ထင် ဘွဲ့ ပေးအပ်သည်။ ၁၉၈၄ ခုတွင် လူမှုထူးချွန် (တတိယအဆင့်) ရသည်။

ဘဝနိဂုံး

၁၉၈၆ ခု၊ ဩဂုတ်လ ၇ ရက်၊ အသက် (၈၆) နှစ်အရွယ်တွင် ကွယ်လွန်သည်။ ဩဂုတ်လ ၉ ၇က်နေ့တွင် ကြံတောသုဿာန်သို့ ပို့ဆောင်သင်္ဂြိုဟ်လေသည်။

ကိုးကား

  1. တင်နိုင်တိုး။ "ပါလီမန်ခေတ် ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးများ"။ မဇ္ဈိမ စာပေ၊ ရန်ကုန်။ ၂၀၁၃၊ ဖေဖော်ဝါရီ။ စာ ၁၁၁။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.