မေဝင်းအောင်ခင်
ဒေါက်တာမေဝင်းအောင်ခင် သည် သူနာပြုတက္ကသိုလ်(ရန်ကုန်)၏ အငြိမ်းစား ပါမောက္ခချုပ်တစ်ဦး ဖြစ်သည်။
ဒေါက်တာမေဝင်းအောင်ခင် | |
May Win Aung Khin | |
၃၁ ဒီဇင်ဘာ ၁၉၄၂ - | |
|
|
ကိုယ်ရေး အချက်အလက် | |
မွေးရက် | ၃၁ ဒီဇင်ဘာ ၁၉၄၂ |
မွေးရပ်ဇာတိ | ရန်ကုန် |
လူမျိုး | ဗမာ |
နိုင်ငံသား | မြန်မာနိုင်ငံ |
ဘာသာ | ဗုဒ္ဓဘာသာ |
ပညာရေး | ဆေးတက္ကသိုလ် (၁) ရန်ကုန် |
ဒေါက်တာမေဝင်းအောင်ခင်ကို ဒေါက်တာဦးအောင်ခင်နှင့် ဒေါ်ခင်ကြည်တို့က ၃၁-၁၂-၁၉၄၂-ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ဖခင်ဒေါက်တာဦးအောင်ခင်သည် ရန်ကုန်ဆိပ်ကမ်း အုပ်ချုပ်ရေးအဖွဲ့တွင် ဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သောသူ ဖြစ်သည်။ ဖခင်ဒေါက်တာဦးအောင်ခင်သည် ၁၉၆၁-ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။
ဆရာမကြီး ဒေါက်တာမေဝင်းအောင်ခင်သည် မင်္ဂလာမောင်မယ်စာစောင်၌ "သင့်ကျန်းမာရေးလိုရာမေး" အခန်းကဏ္ဍကို လစဉ်ဖြေကြားရေးသားနေသူ ဖြစ်သည်။ ဆရာမကြီးသည် မွေးချင်းမောင်နှမ ၈-ယောက်တွင် ဒုတိယမြောက်သမီး ဖြစ်သည်။
ဆရာမကြီးသည် ဆေးပညာကို ဝါသနာပါ၍ ပညာထူးချွန်သူလည်း ဖြစ်သည်။ ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ M.B.,B.S ဘွဲ့ကို ရပြီးနောက် M.Med.Sc (Pharmacology) ဘွဲ့လွန်သင်တန်းကို (အထူးအောင်)ဖြင့် ဆေးတက္ကသိုလ်(၁)မှပင် အောင်မြင်ခဲ့သည်။ ထို့ပြင် ဆေးပညာဂုဏ်ထူးဆောင်ပါရဂူဘွဲ့ Ph.D(Yangon) ကိုလည်း ဆေးတက္ကသိုလ်(၂)က အပ်နှင်းခြင်းခံခဲ့ရသည်။
ဆရာမကြီးသည် ဆေးပညာဘွဲ့ကို ရရှိပြီးနောက် ၁၉၆၈-မှ ၁၉၇၉-ခုနှစ်အထိ ဆေးတက္ကသိုလ်(၁)၊ ဆေးဝါးဗေဒဌာနတွင် သရုပ်ပြဆရာမအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၁၉၇၉-မှ ၁၉၈၄-ခုနှစ်အထိ ဆေးတက္ကသိုလ်(၂) ဆေးဝါးဗေဒဌာနတွင် လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၁၉၈၄-မှစ၍ ဆေးတက္ကသိုလ်(၁)၌ ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် (၃၀-၉-၁၉၈၈)ခုနှစ်တွင် ဆေးတက္ကသိုလ်(၂)၌ ကထိက+ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၉-ခုနှစ်တွင် ဆေးတက္ကသိုလ်(၂)၌ပင် ပါမောက္ခ+ဌာနမှူးအဖြစ် ရာထူးတိုးမြှင့်ခန့်ထားခြင်း ခံရသည်။ ထို့နောက် ၁၈-၁၂-၂၀၀၀-ပြည့်နှစ်တွင် သူနာပြုတက္ကသိုလ်၊ ရန်ကုန်၏ ပါမောက္ခချုပ်အဖြစ် ခန့်အပ်ခြင်းခံရပြီး ၂၀၀၅-ခုနှစ်၊ ဧပြီလတွင် အငြိမ်းစားယူခဲ့သည်။[1]
ကိုးကား
- မော်ကွန်းတင်ပြီးမိတ္တူ။ 20 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 June 2018 တွင် ပြန်စစ်ပြီး။