မောင်အေးမြင့် (မြန်မာမှုဒီဇိုင်း သုတေသီ)

ဦးအေးမြင့်သည် မြန်မာမှုဒီဇိုင်းပညာရှင်တစ်ဦး ဖြစ်သည်။

ငယ်ဘဝ

မောင်အေးမြင့်ကို ၁၉၃၀-ခုနှစ်၊ ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် ၂၈-လမ်း၊ လမ်း(၈၀)နှင့်(၈၁)လမ်းကြား(ယခု-မြို့မရုပ်ရှင်ရုံ၏ မျက်နှာချင်းဆိုင်နေရာ) မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ အဖ ဦးကျောက် နှင့် အမိဒေါ်စံ(ဒေါ်မမလေး)တို့မှ ဖွားမြင်သော မွေးချင်း ခုနှစ်ယောက် အနက် တတိယမြောက် သားဖြစ်သည်။

ကိုယ်ရေးကိုယ်တာ

ငယ်စဉ်က မန္တလေး၊ သာသနာပြုကျောင်း တက်ခဲ့ရသည်။ ဂျပန်ခေတ်တွင် ဂျပန်ကျောင်း တက်ခဲ့သည်။

ပန်းချီပညာကို ၁၉၄၆-ခုနှစ်မှာ စတင်လေ့လာသင်ကြားခဲ့ပြီး ဦးကြွယ်လေး(မန္တလေး)နှင့် ဦးခင်မောင်(ဘဏ်)တို့သည် သင်ဆရာ၊ မြင်ဆရာများ ဖြစ်ကြသည်။

၁၉၆၃-ခုနှစ်မှာ မစမ်းအေးနှင့် အိမ်ထောင်ကျသည်။ သားသမီး(၄)ယောက်၊မြေး(၃)ယောက် ထွန်းကားခဲ့သည်။

၂၀၀၀-ခုနှစ်မှ စတင်ပြီး ယခုအချိန်ထိ အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းမြောက်ဘက်၊ အိမ်အမှတ်(၁၁၀)ပန်းပဲတန်းလမ်း၊ ဆင်စွယ်ပွတ်ရပ်ကွက်တွင် နေထိုင်ရင်း မြန်မာမှုဒီဇိုင်းများကို အာရုံထား သုတေသနပြု ဆောင်ရွက်လျက်ရှိပါသည်။

အနုပညာလုပ်ငန်း

၁၉၅၄-ခုနှစ် ၌ အမရပူရမြို့၊ဆောင်းဒါး ရက်ကန်းကျောင်း တွင် ပန်းချီနည်းပြအဖြစ် စတင်ဆောင်ရွက်ခဲ့သည်။

၁၉၆၆-ခုနှစ်တွင် အီတလီ-မီလန်ပြပွဲ ပြခန်းပြင်ဆင်ရေး တာဝန်ဖြင့် အီတလီသို့ သွားခဲ့ရလေသည်။

၁၉၇၀-ခုနှစ်တွင် ငွေကြေးဒီဇိုင်း တာဝန်နှင့် အင်္ဂလန်နှင့် ဂျာမနီသို့ သွားရသည်။ ထိုနှစ်မှာပင် ဂျပန်နိုင်ငံမှာ ကျင်းပသော Exop70 ကုန်စည်ပြပွဲ တာဝန်နှင့် ဂျပန်သို့ သွားရပြန်သည်။

၁၉၇၂-ခုနှစ်မှ ၁၉၇၇-ခုနှစ်အထိ ဝါဇီစီမံကိန်း စက်ရုံတွင်တံဆိပ်ခေါင်းဒီဇိုင်းများ၊ ထီလက်မှတ်နှင့် အခြား လုံခြုံရေးဆိုင်ရာ ဒီဇိုင်းများ ရေးဆွဲရန်အတွက် တာဝန်ထမ်းဆောင်ခဲ့ရလေသည်။

၁၉၇၉-ခုနှစ်မှာ ပန်းရိုးမ ပြက္ခဒိန်အတွက် ပန်းချီကားများ စတင်ရေးဆွဲခဲ့ပါသည်။

၁၉၈၀-ခုနှစ်မှ ၂၀၀၆-ခုနှစ်အထိ စာနယ်ဇင်းဆိုင်ရာ မြန်မာမှု ဒီဇိုင်းများဖြစ်သော ရတနာမွန်၊ မြတ်ဆုမွန်၊ သစ္စာရောင်ခြည်နှင့် အခြားဘာသာရေး မျက်နှာဖုံးများကို ရေးဆွဲခဲ့ပြီး ပုဂံမှ ရွှေဇဝါယွန်းပန်းချီကားများကို ရေးဆွဲခဲ့သည်။ [1]

ရေးသားခဲ့သောစာပေများ

  1. BurmeseDesignThroughDrawing (ရေးပုံတွေနှင့်ပြသော မြန်မာ့ဒီဇိုင်းများ) စာအုပ်ကို တိုယိုတာ ဖောင်ဒေးရှင်း (Toyota Foundation)မှ ၁၉၉၃-ခုနှစ်၊ ဂျပန်နိုင်ငံတွင် ပုံနှိပ် ထုတ်ဝေခဲ့သည်။
  2. Ancient MyanmarDesign ဟူသော စာအုပ်လည်း ထွက်ရှိမည်ဟု သိရသည်။
  3. ရတနာမွန်၊ မြတ်ဆုမွန် စသော စာအုပ်များတွင် ရေးဆွဲခဲ့သော ဆရာ၏ လက်ရာများကို စုစည်း၍ ပုံ(၁၀၀)စာ(၁၀၀)စာအုပ်အဖြစ် လူထုတိုက် မန္တလေးမှ ထုတ်မည်ဟု ကြားသိရ၏။ [2]

ကိုးကား

  1. လျှပ်တစ်ပြက် ဂျာနယ် အတွဲ(၂)အမှတ်(၁၆)
  2. နွယ်နီမဂ္ဂဇင်း(၂၀၀၉၊ ဧပြီ)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.