မြေခွေး

လူတယောက်အား မြေခွေးနှင့် တူသည်ဟု ပြောလျှင် ထိုသူမှာ သူတပါးအပေါ်တွင် ပါးနပ်၍ ကောက် ကျစ်စဉ်းလဲသည်ဟု ဆိုလိုကြောင်း လူတိုင်း သိရှိကြသည်။ မြေခွေးသည် တောခွေးတမျိုးပင်ဖြစ်၏။ ကန်နီဒီးမျိုးရင်း တွင်ပါဝင်၍ ယင်း၏ ပါဏဗေဒအမည်မှာ ဗာလပီးဗာလပီး ဖြစ်၏။ မြေခွေးသည် ကိုယ်အလျားရှည်သော်လည်း တိုသောခြေထောက်များရှိသည်။ တောတိရစ္ဆာန်များတွင် လိမ်မာပါးနပ်ခြင်း၊ ကောက်ကျစ်ခြင်း၌ စာဖွဲ့လောက်ကြောင်း ရှေးအစဉ်အလာကပင် ယုံကြည်ခဲ့ကြသည်။ ချွန်သောနှုတ်သီး ထောင်သောနားရွက်၊ ဖွားသောအမြီးနှင့် မျက်လုံးမှာ ကြောင် မျက်စိကဲ့သို့ အလင်းရောင်ကို လိုက်၍ ပြောင်းလဲတတ်သော သူငယ်အိမ်ရှိသည်။ မြေခွေးသည် အလွန်ပါးနပ်လိမ်မာသဖြင့် အမဲလိုက်ခွေးအုပ်ကြီးနှင့် လူများကိုပင် လွတ်အောင်ရှောင်ကွင်း ၍ပုန်းနေနိုင်သည်။ ညဉ့်အခါတောရွာများသို့ ဝင်၍ လယ်သမားများ၏ကြက် ငှက်များကို ခိုးယူစားသောက်တတ်သော်လည်း မြေခွေးကို ဖမ်းမိရန်ကားမလွယ်ကူချေ။ နေ့အချိန်တွင် သစ်ခေါင်းများ၊ မြေတွင်းများအတွင်း၌ ပုန်းအောင်းနေလျက် ညချမ်းအချိန်များ ၌သာ အစာရှာလေ့ရှိကြသည်။ အပြည်ပြည်ရှိမြေခွေးများမှာ အမျိုးအရောင်မတူဘဲ ရာသီဥတုကိုလိုက်၍ ကွဲပြားကြသည်။ တောင်အမေရိကနှင့် ဩစတြေးလျတိုက်များတွင်ကား မြေခွေးကိုမတွေ့ရချေ။ ကမ္ဘာ့မြောက်ပိုင်းရေခဲပြင်များရှိ မြေ ခွေးများမှာ ဆောင်းရာသီတွင် ဆွတ်ဆွတ်ဖြူသော အမွှေးများ ရှိလာသဖြင့် ကမ္ဘာအရပ်ရပ်မှ မုဆိုးများသည် သားမွှေးအတွက် အထူးလိုက်လံဖမ်းဆီးကြသည်။ ငွေရောင်တောက်သော မြေခွေးဖြူ၏ အရေကို လူကုံထံများက အဖိုးများစွာပေးဝယ်၍ ဝတ်ဆင်ကြသည်။

ယခုအခါလုပ်ငန်းတရပ်အဖြစ် ထိုငွေရောင်မြေခွေးများကို ခြံကြီးများခတ်ကာ မွေးမြူကြသည်။ မြေခွေးသည် အသားစား သတ္တဝါသက်သက်ဖြစ်၍ အခြားတိရစ္ဆာန်ငယ်ကလေးများနှင့် ငှက်များကို စားသောက်နေထိုင်သည်။

ရေးနတ် ဒဏ္ဍာရီ

ရေးနတ်အမည်ရှိသော မြေခွေး (ရှေးဟောင်းပုံဝတ္ထု) တရံရောအခါ မိမိအလိုက်ဖာသာ မနေဘဲအခြားတိရစ္ဆာန် များအား လိုက်လံနှောင့်ရှက်လေ့ရှိသော အလွန်ကောက်ကျစ် စဉ်းလဲသည့် ရေးနတ်ခေါ်မြေခွေးတကောင်ရှိသတတ်။ ထိုမြေခွေးသည် အခြားတိရစ္ဆာန်များကို မကြာခဏဒုက္ခပေး သဖြင့် သားတို့၏ဘုရင် ခြင်္သေ့မင်းသည် သူ့အားမကြာမကြာ ဆင့်ခေါ်စစ်ဆေးရလေသည်။ သို့ရာတွင် ထိုမြေခွေးသည် လိမ်မာပါးနပ်လှသဖြင့် အပြစ်ဒဏ်မှ ကင်းလွတ်ခဲ့သည်ချည်းသာ ဖြစ်ခဲ့သည်။

တခါသော် သူ့အား ခေါ်လာရန် ခြင်္သေ့မင်းက ဝက်ဝံ တကောင်ကို စေလွှတ်လိုက်၏။ မြေခွေးသည် ထွက်ပြေးရန် ကြံစည်ထားပြီး ဖြစ်ရကား သူ့မှာ ပျားလပို့ကို စားထား သောကြောင့် နေထိုင်မကောင်း ဖြစ်နေကြောင်း ဝက်ဝံအား ပြောဆို၏။ ထိုအခါ ဝက်ဝံသည် ပျားဟူသောစကားကို ကြားလျှင်ပင် သွားရည်ယိုလာသဖြင့် သူ့အား ထိုပျားလပို့ ရှိသောနေရာကို ပြပါရန် မြေခွေးအား တောင်းပန်တော့၏။ သို့ဖြင့် မြေခွေးလည်း ဝက်ဝံကို နေရာတနေရာသို့ ခေါ်သွားလေသည်။

မြေခွေး ခေါ်သွားသောနေရာတွင် အတွင်း၌ အခေါင်းဖြစ် နေသော သစ်တုံးတတုံးရှိ၏။ လက်သမားတယောက်က ထိုတုံးကို ထက်ဝက်ခန့်ခွဲဖြတ်ပြီးလျှင် သပ်လျှိုထားခဲ့ရာ တုံးမှာ အတန်ငယ် ဟနေ၏။ မြေခွေးက ဝက်ဝံကို ထိုတုံးထဲတွင် ပျားလပို့ရှိကြောင်းပြော၍ ဝက်ဝံသည် လောဘတကြီး စားသောက် စုတ်ယူမည့်သဘောနှင့် သစ်ခေါင်းထဲသို့ ဦး ခေါင်းကို သွတ်လိုက်၏။ ထိုခဏ၌ မြေခွေးသည် သပ်များကို ဆွဲနုတ်လိုက်သဖြင့် ဝက်ဝံ၏ဦးခေါင်းမှာ သစ်ခေါင်းထဲတွင် ပိတ်၍ညှပ်မိလျက်ဖြစ်တော့၏။ ဝက်ဝံမှာ အော်ဟစ်ရုန်းကန် သော်လည်း မလွတ်ချေ။ မကြာမီ လက်သမားနှင့် သူ့အိမ် နီးချင်းများသည် ဝက်ဝံအော်သံကြားသဖြင့် ပြေးလာကြစဉ် ဝက်ဝံမှာ ကြောက်အားလန့်အားနှင့် အတင်းဆောင့်၍ ရုန်း လိုက်ရာ သစ်ခေါင်းထဲမှ သူ၏ခေါင်းမှာ အနိုင်နိုင် လွတ် ထွက်သွားလေသည်။ လူများက ဝိုင်းဝန်းရိုက်နိုက်ပြန်ရာ မြစ်ထဲသို့ ခုန်ချလိုက်မှသာ ဝက်ဝံသည် လွတ်မြောက်သွား လေသည်။

ထိုမြေခွေးကို ဖမ်းဆီးရန် အမျိုးမျိုး ကြံစည် ကြိုးစားကြ သော်လည်း ရုတ်တရက် မအောင်မြင်ချေ။ နောက်ဆုံး ရေးနတ်အား ဖမ်းမိ၍ ခြင်္သေ့မင်းထံ ခေါ်လာသော အခါ၌ပင် သူ၏ ဝင်္ကန္တဉာဏ်၊ သူ၏ပရိယာယ်ကောင်းမှုတို့ ကြောင့် အပြစ်မှ ချမ်းသာရာရပြီးလျှင် လွတ်မြောက်သွား လေသည်။[1]


ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.