ခြင်္သေ့

ခြင်္သေ့သည် ပင်သီရာလီအို မျိုးစိတ်ဖြစ်၍ ကြောင်မျိုးရင်းဝင်ဖြစ်ပြီး၊ကြောင်မျိုးရင်းဝင်ထဲတွင် ကျားပြီးလျှင် အကြီးဆုံးသော ကြောင်မျိုးရင်းဝင် သတ္တဝါဖြစ်သည်။ ယခင်က အာရှတိုက်တွင်နေထိုင်ခဲ့ကြသည်ဟုခန့်မှန်းရသော်လည်း အရေအတွက်လျင်မြန်စွာတိုးပွားလာသောကျားတို့ကြောင့် အာဖရိကတိုက်ဖက်သို့ပြောင်းရွှေ့သွားကြသည်ဟုယူဆရသည်။ ယခုအခါတွင် အာဖရိကတိုက်တွင်သာတွေ့နိုင်တော့သည်။ ခြင်္သေ့သည် ကျားထက်အရွယ်ငယ်သည်။ အကြီးဆုံးခြင်္သေ့သည်အကြီးဆုံးကျားထက်ငယ်သည်။ ခြင်္သေ့သည်တောဘုရင်ဖြစ်သည့်အားလျော်စွာ လွန်စွာဣန္ဒြေကြီးသည်။ ခြင်္သေ့သည်လွင်ပြင်တွင်ကျက်စားရန်သင့်လျော်သောသဘာဝရှိပြီး ကျားမှာမူတောနက်ထဲတွင်ကျက်စားရန်သင့်လျော်သောသဘာဝရှိသည်။ ကျားနှင့်ခြင်္သေ့သည်မျိုးနွယ်တူသောကြောင့် မျိုးစပ်နိုင်သည်။ အဖကကျား၊ အမိကခြင်္သေ့ဖြစ်လျှင် ကျားခြင်္သေ့ဟုခေါ်ပြီး အဖကခြင်္သေ့၊ အမိကကျားဖြစ်လျှင် ခြင်္သေ့ကျားဟုခေါ်သည်။

ခြင်္သေ့
အထီး
သဘာဝထိန်းသိမ်းခြင်း အခြေအနေ
Vulnerable
မျိုးရိုးခွဲခြားခြင်း
လောက:
Animalia
မျိုးပေါင်းစု:
Chordata
မျိုးပေါင်း:
Mammalia
မျိုးစဉ်:
Carnivora
မျိုးရင်း:
ကြောင်မျိုးရင်း
မျိုးစု:
ပင်သီရာ
မျိုးစိတ်:
ပင်သီရာလီအို
ဒွိနာမ
ပင်သီရာလီအို
Synonyms

Felis leo Linnaeus, 1758

အာဖရိကရှိ ခြင်္သေ့များ ကျက်စားရာ နေရာပြ မြေပုံ
ခြင်္သေ့
မြန်မာ ခြင်္သေ့ ကောက်ကြောင်း

အာဒိကပ္ပကမ္ဘာဦးကျမ်းလာ ခြင်္သေ့မျိုး

ဟိမဝန္တာတော၌ ခြင်္သေ့မျိုး လေးပါးရှိသည်။

  1. ကဏ္ဍုခြင်္သေ့၊
  2. တိဏခြင်္သေ့၊
  3. ကာဠခြင်္သေ့၊
  4. ကေသရခြင်္သေ့ ဟူ၍ ဖြစ်သည်။
  • ပဏ္ဍု အမည်ရှိသော ခြင်္သေ့သည် သစ်ခေါက်၊ သစ်ပွေးကဲ့သို့ ဖျော့တော့သော အဆင်းရှိသည်။ သစ်ခေါက်၊ သစ်ခွန်များကို စား၏။ လူ၁၂ယောက်၏ ခွန်အားဗလမျိုး ရှိသည်။ အထက်သို့ မိမိအရပ်အလျား အပြန် တစ်ရာနှစ်ဆယ့်ငါးပြန် ခုန်တက်နိုင်သည်။ မြေညီအပြင်၌ မိမိအရပ်အလျား အပြန်ငါးရာ အရှေ့၊ အနောက်၊ တောင်၊ မြောက် တူရူအရောက် ခုန်လွှားနိုင်သည်။ တဟုန်တည်း ပြေးမူ မိမိအရပ်အလျား အပြန် နှစ်ထောင်ခရီးကို ပြေးနိုင်၏။ ဟောက်သော အသံသည် မိမိအရပ်အလျား အပြန် နှစ်သောင်းလေးထောင် အရပ်လေးမျက်နှာနှံ့လျက် ကြားရ၏။
  • တိဏခြင်္သေ့သည် မြသီး၊ မြရွက်၊ ကမ္ဗလာအစိမ်း အဆင်းကဲ့သို့ အလွန်စိမ်းသော ကိုယ်အမွေးအရောင် ရှိ၏။ အမြီးမှင် ဆံဦးစွန်းမှစ၍ အမြီးက ကျောရိုးလည်တိုင်သို့ လျှောက် ၍ လက်ဝဲ၊ လက်ျာ ဖုံးလျက် ဖားဖားဝေဝေ စိမ်းစိမ်းစိုစိုနှင့် ကျက်သရေ ရှိလှသည်။ ခြေနှစ်ဘက်၊ လက်နှစ်ဘက်အတွင်း ရေမျိုလည်ပင်း အောက်မှသည် ရင်အုပ် ဝမ်းပျဉ်း အတွင်းများမှာ ဘော်ငွေအဆင်း ဖွေးဖွေးဖြူသော အမွေးများရှိသည်။ ခြေချောင်းလက်ချောင်း လူကဲ့သို့ ငါးချောင်း၊ ခြေသည်းလက်သည်း ကြောင်ကဲ့သို့ အဖျားချိတ်လျက် အအိမ်ဖုံး၍ အပြင်သို့မထွက် နူးညံ့သော ခြေဘဝါး လက်ဘဝါး ရှိသည်။ တိဏ ခြင်္သေ့မျိုးသည် မြက်သစ်ရွက်ကိုသာ စား၏။ လူခြောက်ဆယ်မျှသော ခွန်အား ရှိသည်။ အထက်သို့ မိမိအရပ်အလျား အပြန် နှစ်ရာ့ငါးဆယ် ခုန်တက်နိုင်သည်။ မြေညီအပြင်၌ မိမိအရပ်အလျား အပြန်တစ်ထောင် အရှေ့၊ အနောက်၊ တောင်၊ မြောက် တူရူအရောက် ခုန်လွှားနိုင်သည်။ တဟုန်တည်း ပြေးမူ မိမိအရပ်အလျား အပြန် လေးထောင်ခရီးကို ပြေးနိုင်၏။ ဟောက်သော အသံသည် မိမိအရပ်အလျား အပြန် လေးသောင်းရှစ်ထောင် အရပ်လေးမျက်နှာနှံ့လျက် ကြားရ၏။
၁၀၀ဝ ကျပ် ဆိုဒ်သေး (၂၀၀၄-ခုနှစ်ထုတ်)မှ ခြင်္သေ့
  • ကာဠခြင်္သေ့သည် ပိတုန်းတောင် အဆင်းကဲ့သို့ မည်းမည်းမောင်းမောင်းသော အမွေးရှိသည်။ ရေမျိုလည်ပင်း အောက်မှသည် ရင်အုပ် ဝမ်းပျဉ်းအတွင်း ရဲရဲနီသော အမွေးရှိသည်။ ခြေချောင်းလက်ချောင်း ငါးချောင်းစီ ရှိပြီး၊ ခြေသည်းလက်သည်းမှာ မြွေငန်းစွယ်သဏ္ဌာန် အဖျားကောက်လျက် အပြင်သို့ မထွက်ဘဲ နူးညံ့စွာသော ခြေ၊ လက်ဖဝါး ရှိသည်။ ၎င်းခြင်္သေ့သည် သား၊ ငါး၊ အမဲကိုသာ စား၏။ လူတစ်ရာအားနှင့် ညီမျှသည်။ အထက်သို့ မိမိအရပ်အလျား အပြန် သုံးရာခုနှစ်ဆယ့်ငါး ခုန်တက်နိုင်သည်။ မြေညီအပြင်၌ မိမိအရပ်အလျား အပြန်တစ်ထောင့်ငါးရာ အရှေ့၊ အနောက်၊ တောင်၊ မြောက် တူရူအရောက် ခုန်လွှားနိုင်သည်။ တဟုန်တည်း ပြေးမူ မိမိအရပ်အလျား အပြန် ခြောက်ထောင်ခရီးကို ပြေးနိုင်၏။ ဟောက်သော အသံသည် မိမိအရပ်အလျား အပြန် ခုနှစ်သောင်းရှစ်ထောင် အရပ်လေးမျက်နှာနှံ့လျက် ကြားရ၏။ ယင်းခြင်္သေ့သည် မိမိဟောက်သော အသံအတွင်း သား၊ အမဲ၊ တိရစ္ဆာန်တို့ကို တဟုန်တည်း လိုက်၍ ဘမ်းကိုက်စားသည်။ ယင်းမှ မိမိနေရာသို့တဖန် အရောက်ပြန်နိုင်စွမ်း ရှိသည်။ စားသောက်ပြီးသော အစာကို နေရာသို့ မဆောင်ယူ၊ ပစ်ထားခဲ့လေ့ ရှိသည်။
  • ကေသရ အမည်ရှိသော ခြင်္သေ့သည် ရဲရဲနီစွေး အဆင်းရှိ၏။ မှင်ဆံ၊ အမြီး၊ ဦးစွန်း၊ လည်ဆံ၊ အမောက်မွေးတို့သည် ဖားဖားဝေလျက် ရှိသည်။ အခြားသော တိရစ္ဆာန်တို့သည် တည့်တည့်မတ်မတ်မှ မကြည့်ဝံ့ကြပေ။ လည်မျိုမှ ဝမ်းပျဉ်းအတွင်း ခရုသင်းကဲ့သို့ ဆွတ်ဆွတ်ဖြူဖြူ ပြောင်ပြောင်လက်လက် ရှိ၏။ နူးညံ့သော ခြေဘဝါး၊ လက်ဘဝါးလည်း ရှိသည်။ ယင်းခြင်္သေ့သည် သား၊ အမဲတို့ကိုသာ စား၏။ ခြေချောင်းလက်ချောင်း ရှည်၍ ခြေသည်းလက်သည်းမှာ သံချွန်းကောက်ကဲ့သို့ အဖျားခွေလျက် အအိမ်ဖုံးသည်။ လူတစ်ရာ့တစ်ဆယ်မျှသော အင်အားမျိုး ရှိသည်။ အထက်သို့ မိမိအရပ်အလျား အပြန် ငါးရာ ခုန်တက်နိုင်သည်။ မြေညီအပြင်၌ မိမိအရပ်အလျား အပြန်နှစ်ထောင် အရှေ့၊ အနောက်၊ တောင်၊ မြောက် တူရူအရောက် ခုန်လွှားနိုင်သည်။ တဟုန်တည်း ပြေးမူ မိမိအရပ်အလျား အပြန် ရှစ်ထောင်ခရီးကို ပြေးနိုင်၏။ ဟောက်သော အသံသည် မိုးကြိုးလောင်မီးအသံထက် လွန်လျက် မိမိအရပ်အလျား အပြန် ကိုးသောင်းခြောက်ထောင် အရပ်လေးမျက်နှာနှံ့လျက် ကြားရ၏။ သားကောင်ကို ဖမ်းယူစားသောက် ပြီးသောအခါ နေရာသို့ မဆောင်ယူ ပစ်ထားမြဲဖြစ်သည်။[1]

ခြင်္သေ့သည် ဗေဒင်ပညာအရ အင်္ဂါဂြိုဟ်၏ အမှတ်အသား ဖြစ်သည်။ ဂြိုဟ်သက် (၈)နှစ် ဖြစ်သည်။ အရပ်မျက်နှာမှာ အရှေ့တောင် အရပ်ဖြစ်သည်။

ကျမ်းကိုး

  1. အာဒိကပ္ပကမ္ဘာဦးကျမ်း

ညီလင်းဆက် ဘလောခ့်မှ


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.