ယိုဟန် ဆီဘက်ရှန်း ဘက်ရှ်

ယိုဟန် ဆီဘက်ရှန်း ဘက်ရှ် (ဂျာမန်: (Johann Sebastian Bach) ယိုဟန် ဆေဘာဆတီးယန်း ဘာ့ခ်) သည် ဂျာမန်လူမျိုး တေးရေးဆရာနှင့် အော်ဂင်တီးသူ တစ်ယောက် ဖြစ်သည်။ သူအပါအဝင် သူ၏မိသားစုသည် ဂီတလောကတွင် အရေးပါအရာရောက်သောမိသားစုပင်ဖြစ်လေသည်။ သူသည် ဘာရော့ကာလ၏ နှောင်းပိုင်းတွင် ကြီးပြင်းနေထိုင်ခဲ့သည်။ သူသည် မွေးရာဒေသမှ ခရီးဝေး မသွားပဲ ဘဝတလျှောက်လုံးကို ဂျာမနီနိုင်ငံ အလယ်ပိုင်းတွင်ပင် ကုန်ဆုံးခဲ့သည်။ သူသည် သူတို့ခေတ်ကာလက တေးရေးဆရာတို့၏ ဂီတသံစဉ်များကို ရှာဖွေတွေ့ရှိနိုင်သလောက် လေ့လာခဲ့သည်။ သူ၏ ကိုယ်ပိုင်ဂီတကို ကြည့်လျှင် သူသည် အီတလီ၊ ပြင်သစ်နှင့် ဂျာမနီ တေးရေးဆရာတို့ထံမှ လေ့လာထားသည် ဆိုသည့် အချက်ကို တွေ့မြင်နိုင်သည်။ သူသည် ဆွေကြီးမျိုးကြီး တို့၏ ခုံရုံးတွင် နှစ်ကာလ အတော်ကြာ အလုပ်လုပ်ခဲ့သည်။ ထိုနေရာတွင် သူသည် ချိန်ဘာဂီတနှင့် အော်ခက်စထရာ ဂီတတို့ကို ရေးစပ် သီကုံးခဲ့ခြင်း ဖြစ်သည်။ သူသည် ဘဝအချိန် အတော်များများတွင် ဘုရားရှိခိုးကျောင်းတွင် အချိန်ကုန်လွန်ခဲ့ပြီး ဘုရားကျောင်းအတွက် ဂီတသံစဉ်များကို ရေးစပ်ခဲ့သည်။ ဘက်ရှ်သည် အော်ပရာ အမျိုးအစားမှ လွဲ၍ အခြား ဂီတသံစဉ် အမျိုးစုံကို ရေးသား သီကုံးခဲ့သည်။ သူ၏ ဘဝ နှောင်းပိုင်းအချိန်တွင် တေးရေးဆရာ အတော်များများက ကလပ်စစ်ကယ် စတိုင်လ်ဟု ခေါ်သော ဂီတအမျိုးအစားသစ်ကို ရေးစပ်နေကြသော်လည်း ဘက်ရှ်ကမူ ဘာရော့ခ် စတိုင်လ်ကိုသာ ဆက်လက် ရေးသား နေခဲ့သည်။ ထို့ကြောင့် အချို့သူတို့က သူ့အား ခေတ်မမီသူဟု ထင်မြင်ခဲ့ကြသည်။ သို့ရာတွင် ယနေ့ခေတ်တွင် ဘာရော့ခ်ဂီတ၏ အကောင်းဆုံး လက်ရာများကို ဘက်ရှ် ရေးသားခဲ့သည် ဆိုသော အချက်ကို အားလုံးက သိမြင်နေကြပြီ ဖြစ်သည်။

၁၇၄၆ ခုနှစ်က ယိုဟန် ဆီဘက်ရှန်း ဘက်ရှ်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.