ရတ်ဒ်ယတ် ကစ်ပလင်

အင်္ဂလိပ်စာပေလောကမှ ကြယ်တစ်ပွင့် တောတွင်းသားလေး မော်ဂလီအကြောင်းကိုဖတ်ဘူးသူတိုင်း စာရေးဆရာကို သိလိုကြပေမည်။ ထိုသူမှာ အိန္ဒိယနိုင်ငံတွင်မွေးဖွားလျက် မြန်မာနိုင်ငံသို့တစ်ကြိမ်တစ်ခေါက် ရောက်ဘူးသော ကစ်ပလင်းဆိုသူဖြစ်၏။ ထိုသူ၏ စိတ်ဝင်စားဖွယ်ရာ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်ကို အောက်တွင်ဖေါ်ပြထားပေသည်။

အင်္ဂလိပ်ကဗျာနှင့် ဝတ္ထုရေး ဆရာကြီး ရတ်ဒယတ်ကစ်ပလင်း

ကစ်ပလင်အာ (ခရစ် ၁၈၆၅-၁၉၃၆)

ရတ်ဒယတ် ကစ်ပလင်း (Rudyard Kipling)မှာ အင်္ဂလိပ်လူမျိုး ကဗျာဆရာနှင့် ဝတ္ထုရေး ဆရာဖြစ်၍ အိန္ဒိယနိုင်ငံ ဘုံဘေမြို့၌ ၁၈၆၅ ခု ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် ဖွားမြင်သည်။ သူ၏ဖခင်မှာ ထိုအချိန်က ဘုံဘေမြို့ သုခုမပညာသင်ကျောင်းတွင် ပါမောက္ခတစ်ဦးအဖြစ် ဆောင်ရွက်နေသော ဇွန်လော့ကဝုကစ်ပလင်းဖြစ်သည်။ ကစ်ပလင်းသည် ၅ နှစ်သားအထိ ဘုံဘေမြို့၌ပင်နေထိုင်ခဲ့ရာ ထိုအတောအတွင်း အိန္ဒိယအမျိုးသမီးနို့ထိန်းများ၏ လက်ပေါ် တွင် ကြီးပြင်းခဲ့လေသည်။ သို့ဖြစ်ရကား ကစ်ပလင်းသည် ဟိန္ဒူစတန္နိဘာသာကို ငယ်ရွယ်စဉ်ကပင် နားလည်ခဲ့သဖြင့်၊ နို့ထိန်းများပြောပြသော အိန္ဒိယလူမျိုးများ၏ ရှေးဟောင်း ပုံပြင်များမှာ သူ၏မှတ်ဉာဏ်တွင် စွဲမြဲနေခဲ့၏။

၆ နှစ်သားတွင် သူ၏မိဘများက အင်္ဂလန်ပြည်သို့ စာသင် ရန် စေလွှတ်ခဲ့၏။ သို့ရာတွင် ကျန်းမာရေးချို့တဲ့သဖြင့် ၁၂ နှစ် သားရှိမှ ကျောင်းစ၍နေရသည်။ သူသည်ဒက်ဗွန်ရှိုင်ယာ နယ် ဝက်စဝပ်ဟိုးမြို့ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားရ၏။ ထိုစာသင်ကျောင်းရှိ ကျောင်းသူ ကျောင်း သားများမှာ အများအားဖြင့် အိန္ဒိယနိုင်ငံတွင် အမှုထမ်းနေကြသော အင်္ဂလိပ်အရာရှိကြီးများ၏ သားသမီးများဖြစ်ကြသည်။ ကစ်ပလင်းသည် ထိုကျောင်းမှထုတ်ဝေသောစာစောင်၏ စာတည်း ဖြစ်လေသည်။

အသက် ၁၇ နှစ်တွင် ကစ်ပလင်းသည် အိန္ဒိယနိုင်ငံသို့ ပြန်လည်နေထိုင်ခဲ့၏။ ထိုအချိန်၌ သူ၏ဖခင်မှာ အိန္ဒိယနိုင်ငံ ပန်ဂျပ်နယ် လာဟိုမြို့တွင် ပြတိုက်မှူးအဖြစ် လုပ်ကိုင်လျက်ရှိ၍၊ ကစ်ပလင်းသည် လာဟိုမြို့မှထုတ်ဝေသော 'မြို့ပြနှင့် စစ်ရေး ပြန်တမ်း' အမည်ရှိသတင်းစာတွင် လက်ထောက်စာတည်း တစ်ဦးဖြစ်လာသည်။ ကစ်ပလင်းသည် ကျောင်းနေစဉ်က တွေ့ကြုံ ခဲ့ရသော ကိုယ်တွေ့အဖြစ်အပျက်များကို 'စတော့ကီးနှင့်အဖေါ် များ' အမည်ဖြင့် စာအုပ်တစ်အုပ်ရေးခဲ့သည်။ ထိုစာအုပ်သည် သူ၏ စာဖတ်ပရိသတ်ကြိုက်စာအုပ်တို့တွင် အပါအဝင် ဖြစ်ခဲ့သည်။

ကစ်ပလင်းသည် ဂျပန်နှင့် အမေရိကန်ပြည်ထောင်စု နိုင်ငံများသို့ လှည့်လည်ပြီးနောက် ၁၈၈၉ ခုနှစ်တွင် အင်္ဂလန်ပြည် လန်ဒန်မြို့တွင် အတည်တကျနေထိုင်ခဲ့သည်။ ဤသို့ ကမ္ဘာကိုလှည့်၍ခရီးသွားခဲ့ရာ၌ တွေ့ကြုံခဲ့ရသည်တို့ကို 'ပင်လယ်မှ ပင်လယ်သို့' စာအုပ်တွင် ရေးသားဖေါ်ပြထား လေသည်။ ၁၈၉၁ ခုနှစ်တွင် ကစ်ပလင်းသည် 'မထွန်းပ နိုင်သော အလင်းရောင်' စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ နောက်တစ်နှစ်တွင် ကစ်ပလင်းသည် အမေရိကန်အမျိုးသမီး ကယ်ရိုလိုင်းစတားဗာလက်စတီးယားနှင့် လက်ထပ်သည်။ ကမ္ဘာအရပ်ရပ်နိုင်ငံများသို့ လှည့်လည်၍ခရီးသွားခဲ့ရာ၌ ကစ်ပလင်းသည် မြန်မာနိုင်ငံသို့လည်း ရောက်ရှိခဲ့သည်။ ၁၈၉၂ ခုနှစ်တွင် 'မန္တလေး' အမည်ရှိကဗျာကို စပ်ဆိုခဲ့၏။ကစ်ပလင်းတို့ဇနီးမောင်နှံသည် အမေရိကန်ပြည်ထောင်စု တွင် ၄ နှစ်တိတိနေထိုင်ခဲ့ကြရာ ထိုအတောအတွင်း စာအုပ် စာတမ်း အမြောက်အမြားရေးသားခဲ့သည်။ သူ၏အရေးအသား ကို အမေရိကန်လူထုက အထူးပင်နှစ်သက်ကြသဖြင့် ချက်ချင်းပင် နာမည်ကျော်ကြားလာသည်။ သူ့အား အသည်းစွဲဖြစ်သဖြင့် အချို့သောရွာနယ်ပယ်တို့ကို ကစ်ပလင်းနာမည်ဖြင့်ပင် မှည့်ခေါ် ကြလေသည်။

၁၈၉၆ ခုနှစ်တွင် ကစ်ပလင်းသည် အင်္ဂလန်ပြည်သို့ ပြန် လာပြီးလျှင် ဝိတိုရိယဘုရင်မကြီး၏ နန်းသက်အနှစ် ၆ဝ မြောက် အထိမ်းအမှတ် 'ရီဆက်ရှင်းနဲ' ကဗျာကို စပ်ဆိုခဲ့ သည်။ ထိုကဗျာမှာ ကစ်ပလင်းရေးခဲ့သမျှသော ကဗျာများ ထဲတွင် အခန့်ဆုံးကဗျာဖြစ်သည်ဟု ဆိုကြသည်။

၁၉ဝဝ ပြည့်နှစ်တွင် ကစ်ပလင်းသည် အင်္ဂလိပ်သတင်းစာ ကြီးတစ်စောင်အတွက် ဗိုးဝါးစစ်ပွဲသတင်းများကို ထောက် လှမ်း ပေးပို့ရန် တောင်အာဖရိကသို့သွားရောက်ခဲ့၏။ ထိုနောက် ပထမကမ္ဘာစစ်နီးကပ်လာသောအခါ နိုင်ငံရေး လောကထဲသို့ တစ်စတစ်စရောက်ရှိလာခဲ့လေသည်။ သို့သော်လည်း နိုင်ငံရေးသမားတစ်ဦးအနေနှင့် ကြီးပွား တိုးတက်ခြင်းမရှိခဲ့ပေ။ စာရေးဆရာတစ်ဦးအနေနှင့်ကား နာမည်ကျော်ခဲ့လေသည်။ ၁၉ဝ၇-ခုနှစ်တွင် စာပေဆိုင်ရာ နိုဘယ်ဆုဖြင့် ချီးမြှင့်ခြင်းခံရလေသည်။

ကစ်ပလင်းရေးသားခဲ့သော စာအုပ်များအနက် 'တောတွင်းပုံပြင်' (တောတွင်းသားလေး မော်ဂလီ) စာအုပ်များမှာ အထူးပင်လူကြိုက်များ ခဲ့လေသည်။ ထို စာအုပ်တွင် မော်ဂလီအမည်ရှိ တောတွင်း သားကလေးကို ဇာတ်လိုက်အဖြစ်ထား၍ တုန်လှုပ်ချောက်ချား၊ စိတ်လှုပ်ရှားဖွယ်အ ဖြစ်အပျက်များကို သဘာဝကျကျ ရေးသား ထားလေသည်။

ကစ်ပလင်း၏စာအုပ်များသည် နယ်ချဲ့စနစ်ကို အားပေး ခဲ့သည်။ သူရေးသမျှသောစာအုပ်တိုင်းမှာလိုပင် ဗြိတိသျှလူမျိုး တို့၏ တန်ခိုးအာဏာလွှမ်းမိုးမှုကို အဓိကထားကာ ရေးသား ခဲ့သည်။ အင်္ဂလိပ်လူမျိုးများသည် ကမ္ဘာပေါ်တွင် အယဉ်ကျေး ဆုံး လူမျိုး ဖြစ်သည်။ အခြားလူမျိုးများမှာ သူတို့လောက် မယဉ်ကျေး မတိုးတက်သေး။ ထိုကြောင့် အင်္ဂလိပ်လူမျိုး များသည် ယဉ်ကျေးလာအောင် ဆုံးမသွန်သင်ပေးရမည်။ ဤကား ကစ်ပလင်း၏ အယူအဆပင်ဖြစ်၏။ ထိုမှတစ်ပါး လည်း လူဖြူများသည် အခြားလူမျိုးများကို စိုးမိုးအုပ်ချုပ်၍ လူဝါ လူမဲများထက်မြင့်မြတ်သည်။ မယဉ်ကျေး၍ ကလေး ဆန်သော လူဝါနှင့် လူမဲများကို ယဉ်ကျေးလာအောင် ဆုံးမ ရန်မှာ လူဖြူများ၏ တာဝန်ဖြစ်သည်ဟုလည်း ကစ်ပလင်းက ယုံကြည်လေသည်။

ကစ်ပလင်းသည် အထက်ပါအရေးအသားဖြင့် ဗြိတိသျှတို့၏ နယ်ချဲ့စနစ်ကို မြေတောင်မြှောက်ခဲ့သူဖြစ်ရာ သူ့ကိုဗြိတိသျှ လူမျိုးများက အင်ပိုင်ယာစာဆိုတော်ကြီးဟူ၍ ဂုဏ်ပြုခဲ့ကြ သော်လည်း တစ်ဖက်အမြင်တွင်မူ နယ်ချဲ့စာရေးဆရာကြီးဟု ခေါ်ဆိုကြမည်ဖြစ်သတည်း။


[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.