ရေနံ

စက်မှုလက်မှုထွန်းကားသောခေတ်တွင် လေယာဉ်ဆီ၊ ဓာတ်ဆီ၊ ရေနံဆီ၊ ဓာတ်မြေဩဇာ၊ အဝတ်အထည် စသော ရေနံမှ ထုတ်လုပ်နိုင်သည့် လူသုံး၊ စက်သုံးကုန်ပစ္စည်း မြောက်မြားစွာ တို့သည် လူနေမှုအဆင့်အတန်းကို အများဆုံး အကျိုးပြုနိုင် သည်။ ရေနံလုပ်ငန်းသည် ကမ္ဘာအရပ်ရပ်တွင် အရေးပါသော စီးပွားရေး မဏ္ဍိုင်တစ်ခု ဖြစ်သည်။ ထိုကြောင့် ရေနံကို မြေဆီမှ ရွှေရည်ဟု တင်စားခေါ်ဝေါ်ကြသည်။


ရေနံ၊ သို့မဟုတ် ရေနံစိမ်းကို မြေကြီးအတွင်းမှ ရရှိ၏။ ရေနံစိမ်းသည် စေးပျစ်ပျစ်အရည်ဖြစ်၍ အဖြူရောင်နီးပါးမှ ပယင်းရောင်၊ ညိုစိမ်းရောင်နှင့် အမည်းရောင်အထိ အမျိုးမျိုး ရှိသည်။ ထိုရေနံစိမ်းမှ ပစ္စည်းအမျိုးမျိုးကို ရရှိနိုင်သည်။ ထို ပစ္စည်း အမျိုးမျိုးအနက် အချို့ကို ယခုခေတ်ယာဉ်များတွင် အပါအဝင်ဖြစ်သော မော်တော်ကားနှင့် လေယာဉ်ပျံ စသည့် ယာဉ်များ သွားလာနိုင်စေရန် အသုံးပြုနိုင်သည်။ ထိုပြင် ယာဉ် များ၏ စက်အစိတ်အပိုင်းများ ပွတ်တိုက်မှုတွင် နည်းပါးနိုင် သမျှ နည်းပါးစေရန် ချောဆီများအဖြစ်နှင့်လည်း အသုံးပြုနိုင် သည်။ထိုမျှမကသေး၊ ရေနံစိမ်းတွင် ပါဝင်လျက်ရှိသော ပစ္စည်း အမြောက်အမြားအနက်မှလည်း လမ်းမကြီးများ ခင်းရာတွင် အသုံးပြုသော ကတ္တရာကိုပင် ရရှိနိုင်လေသည်။ အမှန်မှာ ရေနံစိမ်းသည် ယခုခေတ်ကဲ့သို့သော စက်ခေတ်တွင် အသက် သွေးကြောပင် ဖြစ်သည်။ ရှေးခေတ်က ဓာတ်ငွေ့နှင့် မောင်းနှင် ရသော စက်များသည် တစ်မိနစ်လျှင် အပတ်ပေါင်း ၁၅ဝ မှ ၂၅ဝ အထိသာ လည်နိုင်ကြသည်။ ထိုထက်ပို၍ လည်ကြလျှင် စက်များသည် ပွတ်တိုက်မှုကြောင့် လောင်ကျွမ်းကုန်လိမ့်မည်ဟု အင်ဂျင်နီယာကြီးများက ပြောဆိုခဲ့ကြသည်။ ယခုအခါတွင်မူ ရေနံစိမ်းမှ ရရှိသည့် ချောဆီများ၏ စွမ်းရည်သတ္တိကြောင့် စက် များသည် တစ်မိနစ်လျှင် အပတ်ပေါင်း ၆ဝဝဝ မက စိတ်ချစွာ လည်နိုင်ကြပေသည်။

ယခုအခါတွင် ပစ္စည်းများကို ထုပ်ပေးလေ့ရှိကြသော ဖယောင်းစက္ကူများရှိ ဖယောင်းသည် ရေနံစိမ်းမှ ရရှိသောပစ္စည်း တစ်မျိုး ဖြစ်သည်။ ထိုမျှမကသေး ပလပ်စတစ်များ၊ ပေါက်ကွဲ စေတတ်သောပစ္စည်းများ၊ ကြက်ပေါင်စေးတိုင်ယာများနှင့် ပုံနှိပ် မင်များသည်လည်း ရေနံစိမ်းမှရရှိသောပစ္စည်းများ ဖြစ်ပေသည်။မည်သည့်ပစ္စည်းမှ ရေနံစိမ်း ဖြစ်ပေါ်လာသည်ဆိုသည်ကို မည်သူမျှ အတိအကျ မပြောနိုင်သေးချေ။ သို့သော် လူ့သမိုင်း ကို မရေးသားနိုင်သေးမီကပင် လူတို့သည် ရေနံစိမ်းကို တွေ့ရှိကြပြီးလျှင် အသုံးပြုခဲ့ကြပေသည်။

ရေနံစိမ်းကို ကမ္ဘာမြေကြီး၏ ပထမဆုံးအထပ်နှင့် နောက် ဆုံး အထပ်မှလွဲလျှင် အထပ်တိုင်းလိုလိုတွင် တွေ့နိုင်သော် လည်း နေရာတိုင်းတွင် အမြောက်အမြားကား မတွေ့ရှိနိုင်ချေ။ ရေနံစိမ်းအမြောက်အမြားကို အဓိကအားဖြင့် ဒီဗိုနီယန်နှင့် ကာဗွန်နီယုဂ်များအတွင်းက ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့မြေအထပ် များမှ ရရှိနိုင်ပေသည်။ ထိုပြင် တတိယကပ်အတွင်းက ဖြစ် ပေါ်ခဲ့သော ကမ္ဘာ့မြေအထပ်မှလည်း ရရှိနိုင်သည်။ ရေနံစိမ်း များကို များသောအားဖြင့် အပေါက်ငယ်ကလေးများရှိသော သဲကျောက်များတွင် စိမ့်ထွက်နေသည်ကို တွေ့ရတတ်သည်။ ရေနံစိမ်းကို အချို့နေရာများတွင် တွင်းနက်နက်တူးရန် မလိုဘဲ ရရှိနိုင်သော်လည်း အချို့နေရာများတွင်မူ တွင်းကို နက်နက်တူးမှ ရရှိနိုင်လေသည်။ ရုရှနိုင်ငံအတွင်းရှိ ဗားကူးမြို့မှ ရှေးခေတ် ရေနံတွင်းများသည် လက်ဖြင့်တူးယူသော တွင်းများ ဖြစ်ပြီးလျှင် ပေငါးဆယ်ပင် မနက်ကြချေ။ အမေရိကန်ပြည် ထောင်စုအတွင်းရှိ ရေနံတွင်းများကိုမူ စက်များဖြင့် တူးယူကြ သည်။ ထိုတွင်းများမှာ ပေ ၃ဝဝဝ မှ ၄၅ဝဝ အထိ နက်ကြ လေသည်။

ကမ္ဘာပေါ်တွင် ရေနံစိမ်းအထွက်ဆုံးနိုင်ငံမှာ အမေရိကန် ပြည်ထောင်စုဖြစ်၍ ဒုတိယအထွက်ဆုံးနိုင်ငံမှာ ဆိုဗီယက်ရုရှ နိုင်ငံ ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ် များတွင် အသုံးပြုခဲ့သော ဓာတ်ဆီများအနက် အမေရိကန် ပြည်ထောင်စုမှ ဓာတ်ဆီ ၈၅ ရာခိုင်နှုန်းကို အသုံးပြုခဲ့ကြ သည်။

ရေနံစိမ်းသည် အဓိကအားဖြင့် ဟိုက်ဒြိုဂျင်နှင့် ကာဗွန် ဒြဗ်စင် နှစ်မျိုးပါဝင်လျက်ရှိသော ဒြဗ်ပေါင်းများသာ ဖြစ်သည်။ ဟိုက်ဒြိုဂျင်နှင့် ကာဗွန်အက်တမ်များသည် ဟိုက်ဒြိုကာဗွန် မော်လီကျူ အမျိုးမျိုးအဖြစ်သို့ အချိုးအမျိုးမျိုးဖြင့် ပေါင်းလျက် ရှိကြလေသည်။ ထိုဟိုက်ဒြိုကာဗွန်အမျိုးမျိုးတို့သည် ရေနံစိမ်း တွင် အချိုးအမျိုးမျိုးဖြင့် ပါဝင်လျက်ရှိကြလေသည်။

သိပ္ပံပညာရှင်များက ရေနံစိမ်းကို လေ့လာကြည့်ကြသော အခါတွင် ယင်း၌အပူချိန်အမျိုးမျိုးတွင် အငွေ့အဖြစ်သို့ ပြောင်း လဲနိုင်စွမ်း ရှိသည်ကို တွေ့ကြလေသည်။ ထိုကြောင့် ရေနံစိမ်း ကို အဆင့်ဆင့် ပေါင်းခံနည်းဖြင့် ခွဲယူကြလေသည်။ ပထမ အဆင့်တွင် အငွေ့ပျံရာမှ ဓာတ်ဆီကို ရရှိသည်။ ထိုနောက် ဆက်၍ အပူတိုက်ပေးသောအခါတွင် ရေနံဆီကို ရရှိလေသည်။ ထိုနောက် ဆက်၍ အပူတိုက်ပေးသောအခါတွင် ဒီဇယ်ဆီများ နှင့် ချောဆီများကို ဖြစ်စေမည့် ကုန်ကြမ်းများကို ရရှိသည်။ နောက်ဆုံးအချိန်တွင် ရရှိသောပစ္စည်းများမှ ပါရဖင်ဖယောင်းကို ရရှိလေသည်။

မြန်မာနိုင်ငံတွင် ရေနံချောင်းနှင့် ချောက်မြို့များရှိရာ ဒေသတစ်ဝိုက်၌ ရေနံစိမ်းများကို တူးယူရရှိသည်။ ဒုတိယ ကမ္ဘာစစ်မဖြစ်မီက ရေနံချောင်းဘက်မှ ရရှိသော ရေနံစိမ်း များကို ပိုက်လိုင်းကြီးဖြင့် ရန်ကုန်တစ်ဖက်ကမ်းရှိ သန်လျင် မြို့သို့အရောက် သွယ်ယူပြီးလျှင် ထိုမြို့ရှိ ရေနံချက်စက်ရုံများ၌ ဓာတ်ဆီနှင့် ဖယောင်းများကို ချက်လုပ်ယူကြလေသည်။


သို့သော် ဒုတိယကမ္ဘာစစ်အတွင်းက မြေလှန်စံနစ်အရ ထိုပိုက်လိုင်းကြီး ပျက်စီးခဲ့သဖြင့် ယခုအခါ ချောက်နှင့် ရေနံ ချောင်း ရေနံမြေများမှ ရေနံစိမ်းများကို ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့ပိုင် ရေနံတင် တွန်းသင်္ဘောများဖြင့် သန်လျင်မြို့ရှိ ရေနံချက်စက်ရုံများသို့ သယ်ယူပို့ဆောင်ပေး လေသည်။

မြန်မာနိုင်ငံ ရေနံလုပ်ငန်းကို ၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ အစပြု၍ ပြည်သူပိုင်လုပ်ပြီး နောက် ၁၉၆၄ ခုနှစ် မှ စတင်ကာ အစမ်းရေနံတွင်းများ တူးဖော်ခဲ့ရာ မြန်အောင်၊ ပြည်ဒေသတို့၌ ရေနံစမ်းသပ် ရှာဖွေတွေ့ရှိခဲ့သည်။၁၉၆၇ ခုနှစ် တွင် မြန်အောင်ရေနံမြေရှိ ရေနံတွင်း ၂၃ တွင်းမှ တစ်နေ့လျှင် ပျမ်းမျှအမေရိကန် စည်(တစည်လျှင် ၄၂ ဂါလံရှိသည်။) ပေါင်း ၅ဝဝဝ ထွက်ရှိနေ၍၊ ပြည် ရေနံမြေရှိ ရေနံတွင်း ရှစ်တွင်းမှ တစ်နေ့လျှင် ပျမ်းမျှ အမေရိကန်စည်ပေါင်း ၇ဝဝ ထွက်ရှိနေ သည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.