ရွှေကြာ (ရုပ်ရှင်)

ရွှေကြာ သည် ၂၀၁၈ ခုထွက် မြန်မာ ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ ငွေသော်တာ ရုပ်ရှင်အတွက် ပုညခင်၏ အရှေ့တံခါးအဝင် ဝတ္ထုကို ဝိုင်း ရိုက်ကူးသည်။ အလင်းရောင်၊ ဖွေးဖွေးနှင့် သင်ဇာဝင့်ကျော်တို့ အဓိကပါဝင်ထားသည်။ မတ်လ ၁၆ ရက်တွင် ရုံတင်သည်။ [1]

ဇာတ်လမ်းအကျဉ်း

စံထားညိုမှာ ဟိုတယ်တစ်ခု၏ ဧည့်ခန်းတာဝန်ကျမန်နေဂျာ ဖြစ်သည်။ ရွှေကြာမှာ ထိုဟိုတယ်သို့ ဝင်ထွက်နေသည့် ပြည့်တန်ဆာ ဖြစ်သည်။ ရွှေကြာက စံထားညို၏ဘဝကို အားကျနေသော်လည်း စံထားညိုကမူ ရွှေကြာအား မနှစ်လို။

ပညာပေးဇာတ်လမ်းတိုများရိုက်သည့် ဒါရိုက်တာ သတိုးသိုက်သည် စံထားညို၏ ချစ်သူဖြစ်သည်။ ရဲလိုက်၍ပြေးသော ပြည့်တန်ဆာတစ်ဦးကို ကူရင်း ရွှေကြာနှင့် သတိုးသိုက် ရင်းနှီးသွားကြသည်။ ၎င်းတို့နှစ်ဦး ခင်မင်နေကြမှန်း သိသည့်အခါ စံထားညို မပတ်သက်ရန် တောင်းဆိုသည်။ သတိုးသိုက်က နားချရာ စံထားညိုက ရွှေကြာအား မိတ်ဆွေအဖြစ် အသိအမှတ်ပြုလိုက်သည်။

သတိုးသိုက်က ပြည့်တန်ဆာအကြောင်း ပညာပေးဇာတ်လမ်းရိုက်ရန် ရွှေကြာအား ကမ်းလှမ်းသည်။ ပြီးစီးသော် ထိုဇာတ်ကားအား နော်ဝေသို့ သွားပြသည်။ ဆုနှင့် ထောက်ပံ့ငွေများ ရသည်။ ထိုငွေဖြင့် လူမှုကွန်ရက်ထောင်ကာ ပြည့်တန်ဆာများ အမှောင်လမ်းမှ လွတ်မြောက်စေရန် သတိုးသိုက်က ကြိုးပမ်းမည်ဖြစ်သည်။ ထိုကာလတွင် ရွှေကြာက စံထားညို အကူအညီဖြင့် မုန့်ဖုတ်ပညာသင်ကာ မုန့်ဖုတ်လုပ်ငန်းဖြင့် အသက်မွေးနေပြီ ဖြစ်သည်။

သတိုးသိုက် နော်ဝေမှ ပြန်လာ၍ စာနယ်ဇင်းတွေ့ဆုံပွဲလုပ်ရာ ရွှေကြာက ဧည့်သည်တော်အဖြစ် တက်ရသည်။ ထိုပွဲ၌ "ငါ လူရာဝင်ပြီ" ဟူသော အသိဖြင့် ပီတိဖြစ်ကာ တလှမ်းချင်း ဝင့်ဝင့်ကြွားကြွားဝင်လာသော ရွှေကြာအား တွေ့ရမည်ဖြစ်သည်။

ဇာတ်ဆောင်များ

  • စံထားညို အဖြစ် သင်ဇာဝင့်ကျော်
  • ရွှေကြာ အဖြစ် ဖွေးဖွေး
  • သတိုးသိုက် အဖြစ် အလင်းရောင်

ကိုးကား

  1. ရိုးလူ (၁၆ မတ် ၂၀၁၈) "ရွှေကြာ"။ အခရာ။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.