ရွှေဝယ်ဧ

၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်မှ စာရေးတွေရဲ့ အတ္ထုပ္ပတ္တိ အကျုဉ်း တွေကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။


ရွှေဝယ်ဧ [၁၈၉၃ - ၁၉၇၈]

တနင်္သာရီတိုင်း ထားဝယ်မြို့ ဇရစ်ရပ်၌ ကုန်သည် ဦးရွှေသောင် - ဒေါ်မြိုင်သူ မိဘ နှစ်ပါးက ၁၈၉၃ ခု မတ် ၂၄ ရက်နေ့တွင် ဖွားမြင်သည်။ မွေးချင်း သားယောင်္ကျား သုံးဦး အနက် သားလတ် ဖြစ်သည်။ အမည်ရင်းမှာ ဦးဘအေး ဖြစ်၏။


ငယ်စဉ် ကတည်း ကပင် စာပေ ဝါသနာ ကြီးခဲ့သူ ဖြစ်သည်။ စတုတ္ထတန်းတွင် သင်ကြား နေစဉ် မှာပင် ဟံသာဝတီ သတင်းစာပါ ဆောင်းပါး၊ ကဗျာ များကို လေ့လာ မှတ်သား ခဲ့သည်။ ပါဝင် ရေးသားရန် စုံစမ်း မေးမြန်း ခဲ့သည်။ မြန်မာ သတ္တမတန်းနှင့် အလယ်တန်း ဆရာ ဖြစ်သင် စာမေးပွဲ အောင်ခဲ့သည်။ ထို့နောက် ထားဝယ် မြို့မှာပင် အလယ်တန်းပြ ဆရာ အဖြစ် အမှုထမ်း ခဲ့သည်။ ဂျပန် ခေတ်တွင် ကျောင်းဆရာ မလုပ် တော့ဘဲ အခြား အလုပ်အကိုင်ဖြင့် အသက် မွေးဝမ်းကျောင်း ပြုခဲ့သည်။ စစ်ပြီးနောက် ထားဝယ်မြို့ ရှမ်းမလည်ဆွဲ အရပ်တွင် မူလတန်း ကျောင်းအုပ် အဖြစ် ပြန်လည် ထမ်းရွက် ခဲ့သည်မှာ ၁၉၅၂ ခုနှစ် အငြိမ်းစား ယူသည် အထိ ဖြစ်သည်။


၁၉၁၂ ခု ဝန်းကျင် ဆဋ္ဌမတန်း ကျောင်းသား ဘဝ၌ပင် "ထားဝယ်သူ မပြုံးကြည်" ကလောင် အမည်ဖြင့် ဟံသာဝတီ သတင်းစာတွင် ဆောင်းပါး၊ ကဗျာများ စတင် ရေးခဲ့သည်။ ထို့နောက် သူရိယ၊ ကူးသန်း ရောင်းဝယ်ရေး၊ လစ်ဘာတီ၊ အောင်မြန်မာ၊ သစ္စာဝါဒီ သတင်းစာ များနှင့် သူရိယ မဂ္ဂဇင်း၊ ကောဇာသစ် မဂ္ဂဇင်း များတွင် ဆက်လက် ရေးသား ခဲ့၏။


စစ်ကြိုခေတ် (ဂျပန် ဝင်ခါနီး) အချိန်၌ လူထု ဦးလှနှင့် စာရေးဆရာ အချို့၏ အကြံပေးချက် အရ "ရွှေဝယ်ဧ" ကလောင် အမည်သို့ ပြောင်းကာ၊ ကြီးပွားရေး မဂ္ဂဇင်းတွင် စတင် ရေးသား ခဲ့သည်။ စစ်ပြီး ခေတ်တွင် ဟံသာဝတီ၊ ပြည်ထောင်စု၊ မဏ္ဍိုင်၊ လုပ်သား ပြည်သူ့ နေ့စဉ် စသော သတင်းစာများ၊ ဂျာနယ် များနှင့် ရှုမဝ၊ သွေးသောက်၊ အလင်းရောင်၊ လူထု ပညာ၊ ယဉ်ကျေးမှု၊ စာပေ ဗိမာန်၊ မြဝတီ၊ ငွေတာရီ၊ စန္ဒာ မဂ္ဂဇင်း များတွင် စာပေ၊ ဂီတနှင့် ရိုးရာ ယဉ်ကျေးမှု ဆောင်းပါး များကို ရေးခဲ့သည်။ ထားဝယ် ယဉ်ကျေးမှု၊ ထားဝယ် ဒိန်းသံ ဆောင်းပါးများ ရေးခဲ့သည်။ အထူးသဖြင့် ထားဝယ်၏ ဘာသာရေး၊ သာသနာရေး၊ ရိုးရာ ဓလေ့ ထုံးစံများ၊ စကား အပြောအဆို အသုံးအနှုန်း၊ စာပေ အရေးအသား၊ သမိုင်းဝင် ဘုရားများ၊ အဆောက်အအုံများ၊ ယဉ်ကျေးမှု အမွေအနှစ်များ အစ ရှိသည် တို့ကို မှတ်တမ်း တင်ထားသည့် ထားဝယ် ရာဇဝင် သမိုင်း (၁၉၇၄) ကြောင့် ထင်ရှား ခဲ့သည်။ ဆောင်ပါး ပေါင်းချုပ် ထုတ်ဝေရန်လည်း တာစူ ခဲ့သည်။


ရွှေဝယ်ဧသည် လူပျိုကြီး တဦး ဖြစ်သည်။ ထို့ကြောင့် အသက်အရွယ် ကြီးလာသော အခါ တပည့် ဖြစ်ခဲ့ ဖူးသူ သဗြေချောင်း ဘုန်းတော်ကြီး ကျောင်းတွင် နေထိုင်ရင်း ကျောင်းသား ကျောင်းသူ များကို စတုတ္ထတန်း အထိ စာသင် ပေးသည်။ ၇ နိုဝင်ဘာ ၁၉၇၈ ခုနှစ်တွင် ထားဝယ်မြို့ ရှမ်းမလည်ဆွဲ ရပ်ရှိ နေအိမ်၌ ကွယ်လွန် အနိစ္စ ရောက်သည်။

စာညွှန်း

  1. ရွှေဝယ်ဧ။ ထားဝယ်ရာဇဝင်သမိုင်း (၁၉၇၄)။ စာ ဂ-ဃ။
  2. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၇၉)။ စာ ၂၃၈-၂၃၉။
  3. ရှုမဝ စာတည်း အဖွဲ့။ ဝမ်းနည်း မှတ်တမ်း၊ ရှုမဝ (ဒီဇင်ဘာ ၁၉၇၈)။ စာ ၁၅၄။
  4. ရွှေဝယ်ဧ။ နရုပ္ပတ္တိ အကျဉ်းချုပ်၊ မိုးဝေ (ဒီဇင်ဘာ ၁၉၇၈)။ စာ-။
  5. မောင်သန်းဆွေ (ထားဝယ်) ၏ မှတ်စုများ။]
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.