ဝင်းမင်းသန်း

ဝင်းမင်းသန်း (၁၉၃၃ နိုဝင်ဘာ ၃၀ မွေး) သည် မြန်မာ အမျိုးသမီးသရုပ်ဆောင် ဖြစ်သည်။ ၁၉၅၄ ခုနှစ်တွင် ပြသခဲ့သော ခရမ်းရောင်လွင်ပြင် ဇာတ်ကား၏ သရုပ်ဆောင်တစ်ဦးအဖြစ် သိကြသည်။

ဝင်းမင်းသန်း
မွေးဖွားHelga Johnson
(1933-11-30) ၃၀ နိုဝင်ဘာ၊ ၁၉၃၃
ပဲခူးမြို့ဗြိတိသျှဘားမား
နိုင်ငံလူမျိုးမြန်မာ
ဩစတြီးယား
အလုပ်အကိုင်သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၁၉၅၄–၁၉၅၇
အိမ်ထောင်ဖက်(များ)ဗိုလ်စကြာ (၁၉၅၇−၆၉, သေ)
သားသမီးအာကာစကြာ
ခရမ်းရောင်လွင်ပြင်

ငယ်ဘဝနှင့် ပညာရေး

၁၉၃၂ ခု၊ နိုဝင်ဘာလ ၃၀ ရက်တွင် ပဲခူးမြို့ ၌ မွေးသည်။ ရန်ကုန်တွင် ကြီးပြင်းခဲ့သည်။ ဖခင်မှာ ဩစတြီးယားလူမျိုး သယ်ယူပို့ဆောင်ရေးဌာန မန်နေဂျာ မစ္စတာ ဂျွန်ဆင် ဖြစ်ပြီး မိခင်မှာ ဗမာ ဖြစ်သည်။ ငယ်မည်မှာ ဝင်းဝင်းမြင့် ဖြစ်ပြီး ဘိုအမည်မှာ ဟဲလဂါဂျွန်ဆင် (Helga Johnson) ဟူ၏၊

ဂျပန်ဝင်သည့်အခါ မိသားစုလိုက် အိန္ဒိယနိုင်ငံသို့ စစ်ပြေးသည်။ အသက် ၁၄ နှစ်မတိုင်မီအထိ သီလရှင်ကျောင်းတွင် တက်ရောက်ခဲ့သည်။[1][2] အိန္ဒိယပြည် ဒါဂျီလင် ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ စစ်ကြီးပြီးချိန်တွင် ဝါသနာအလျောက် အင်္ဂလန်ရှိ ရွန်ဘာဘယ်လေ ကျောင်းတွင် တစ်နှစ်တာမျှ အကသင်ခဲ့သေးသည်။

ခရမ်းရောင်လွင်ပြင်၌ ပါဝင်ဖြစ်ခြင်း

၁၉၅၄ ခုတွင် အမေရိကန် ရုပ်ရှင် ဒါရိုက်တာ Robert Parrish ၏ သူငယ် ချင်းတစ်ဦးက ဝင်းမင်းသန်းအိမ် အလည်ရောက်သွားစဉ် ဝင်းမင်းသန်း ကို ဓာတ်ပုံရိုက်ခဲ့သည်။ ထိုဓာတ်ပုံကို Robert Parrish ထံ လှမ်းပို့လိုက်ရာ ခရမ်းရောင် လွင်ပြင် အတွက် ဝင်းမင်းသန်းကို ခေါင်းဆောင် မင်းသမီး တင်ရိုက်ရန် ဆုံးဖြတ်ကာ ရန်ကုန်ကို လိုက်လာပြီး ဝင်းမင်းသန်းကို ခေါင်းဆောင် မင်းသမီး လုပ်ရန် တိုက်တွန်းသည်။ ဤသို့ဖြင့် လျှောက်လွှာ မတင်ဘဲနှင့် ဝင်းမင်းသန်းသည် ခရမ်းရောင် လွင်ပြင်မှာ ခေါင်းဆောင်မင်းသမီး ဖြစ်လာလေသည်။[3]

သူမ၏ အတွေးအခေါ်

ဝင်းမင်းသန်းသည် ကာယိန္ဒြေရှင် ကြော့ရှင်းလှပသူ မြန်မာ့အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်ဖြစ်သည်။ The Purple Plain ဟူသောခရမ်းရောင်လွင်ပြင် ဇာတ်ကားမှာ နာမည်ကျော် မင်းသား ဂရေဂရီပက် (Gregory Peck) နှင့်အတူ ပါဝင်ရိုက်ကူးခဲ့သော သရုပ်ဆောင် တစ်ယောက် ဖြစ်သည်။ ဝင်းမင်းသန်းသည် ထိုဇာတ်ကားတွင် ကျောင်းဆရာမလေး Anna အဖြစ် သရုပ်ဆောင်ထားသည်။ ဝင်းမင်းသန်းမှာ အင်္ဂလိပ် စကားပြော ကောင်းသည်။ ဝင်းမင်းသန်းသည် အဆိုပါ ဇာတ်ကားတစ်ကားသာ သရုပ်ဆောင်ရိုက်ကူးသည်။ အမျိုးသမီးပေါင်း အယောက်၂၀၀ လောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထုတ်လုပ်ရေးကုမ္ပဏီက ဝင်းမင်းသန်းကို မင်းသမီးအဖြစ် ရွေးချယ်ခဲ့သည်။[note 1]

ဝင်းမင်းသန်းသည် ခရမ်းရောင်လွင်ပြင် ရုပ်ရှင် တစ်ကားတည်းနှင့် နေ့ချင်းညချင်းဆိုသလို ကမ္ဘာကျော်လာခဲ့ပေသည်။ သို့သော် သူမသည် အမေရိကန်၌ ရုပ်ရှင်မင်းသမီးတစ်ဦး အဖြစ် ဆက်လက်လုပ်ကိုင်ရန် ဆန္ဒလုံးဝ မရှိ။ သီဟိုဋ္ဌ်မှ အင်္ဂလိပ်သတင်းစာ တစ်စောင်ကမူ ဝင်းမင်းသန်း၏ ကိုယ်အလှကို ရယူရန် ရေကူးအဝတ်အစားဖြင့် ဓာတ်ပုံရိုက်ရန် တောင်းပန်ခဲ့သည်။ ထိုအခါ သူမက "ဒါဟာ မြန်မာထုံးစံ မဟုတ်ပါဘူး။ အလွန်ဝမ်းနည်းပါတယ်။ နောင်ကိုလည်း ဘယ်အခါမှ ရေကူးအဝတ်အစား ဝတ်ပြီး ဓာတ်ပုံရိုက်မယ်လို့ ကျမ စိတ်မကူးမိပါဘူး။ ဒီလိုသာ မလုံ့တလုံ အဝတ်အစားမျိုးနဲ့ ဓာတ်ပုံရိုက်ခွင့်ပြုမယ်ဆိုရင် ရုပ်ရှင်ကုမ္ပဏီသူဋ္ဌေးက အူမြူးနေမှာပေါ့" ဟု အင်္ဂလိပ်လို ပြန်ပြောခဲ့ကြောင်း သိရလေသည်။

သို့ရာတွင် သူမရိုက်ကူးသော ဇာတ်ကားအဘို့ ကြော်ငြာရန်အတွက် ရုပ်ရှင်ကုမ္ပဏီကြီးက အတန်တန် တောင်းပန်ရာ အနောက်တိုင်း ရေကူးအဝတ်အစားနှင့် မဟုတ်ဘဲ မြန်မာများ ရေချိုးပုံ ဓလေ့ထုံးစံအတိုင်း ထမီကို ရင်လျှား၍ ရန်ကုန်တွင် ဓာတ်ပုံရိုက်ခွင့် ပေးခဲ့သည်။

မူလ ဝတ္ထုရင်း၌ ခရမ်းရောင်လွင်ပြင်တွင် ဇာတ်လိုက်မင်းသမီးလုပ်သူသည် အဝတ်အစား မလုံ့တလုံ ဝတ်ဆင်၍ ရေချိုးသည့် အခန်းများ အတော်ပင်ရှိခဲ့သည်ဟု သိရသည်။ သို့ရာတွင် သူမ၏ အိန္ဒြေစောင့်စီးမှု နှင့် ခေါင်းမာမှုတို့ကြောင့် ရေချိုးသည့် အခန်းများကို ရိုက်ကူးခွင့် လုံးဝမရခဲ့ရှာဘဲ ဝမ်းနည်းစွာ ချန်လှပ်ထားခဲ့ရသည်ဟု ရေးသားခဲ့သည်။ သူမ ဘိလပ်တွင်ရိုက်ကူးနေစဉ် အားလပ်ခွင့်ရသောအချိန်၌ မြန်မာပြည်သို့ ခေတ္တပြန်ရန် စီစဉ်လျှက်ရှိသည်။ ထိုအချိန်တွင် အိန္ဒိယမှ `ဘုံဘိုင် ကရိုနီကယ်´သတင်းစာကြီး၏ သတင်းထောက်က သူမအား တွေ့ဆုံပြီးလျှင် ခရမ်းရောင်လွင်ပြင် ပြီးနောက် ဟော်လီးဝုဒ် တွင် ဆက်၍ ဇာတ်ကားများ ရိုက်ကူးဦးမည်လား မေးသည်။ ထိုအခါ သူမက ဤသို့ ဖြေကြားခဲ့သည်။

"ကျမ ရုပ်ရှင်မင်းသမီး ဆက် မလုပ်ချင်ပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ အမေရိကန် ရုပ်ရှင်ပညာသည်တို့၏ ဘဝဟာ သဘာဝတယ်ပြီးတော့ မကျလှတဲ့အပြင်၊ ဟန်ဆောင်မှုတွေက များလွန်းလို့ပါဘဲ။ နောက်ပြီးတော့ သူတို့ ဟောလီးဝုဒ်က ဣတ္ထိယ အသွင်အပြင် ဆိုတဲ့ မက်လုံးပေးမှုတွေကို (Glamour)ရောင်းကုန်အနေမျိုးနှင့် ဘန်းပြစေချင် လွန်းတော့ ကျမတို့လို မြန်မာ အမျိုးသမီးများနှင့် နဲနဲမှ မကိုက်ပါဘူး။ ကျမအဖို့ဆိုလျှင် အမေရိကန်ကချေသည် တို့ရဲ့ အလေ့ဖြစ်တဲ့ ခြေဖော် ပေါင်ဖော် အလုပ်တွေကို အရှက်ကင်းမဲ့တယ်လို့ အယူအဆ ရှိနေတော့ ခက်တာပေါ့" ဟု ဖြေခဲ့သည်။

ပြည်သူ့ဂျာနယ် အား တရားစွဲခြင်း

ပြည်သူ့ဂျာနယ် အတွဲ (၅)၊ အမှတ် (၁၂)၊ ၁၉၅၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်ထုတ် နေ့စဉ်သတင်းစာကဏ္ဍ၌ မပြေးသော် ကန်ရာရှိပါလို့ ဆောင်းပါးတွင် အပြာရောင်မယ်ဟု ရည်ညွှန်းရေးသားသောကြောင့် အယ်ဒီတာအား ပုဒ်မ (၅၀၀)၊ အသရေဖျက်မှုဖြင့် အရေးယူရန် ဝင်းမင်းသန်းက တိုင်ကြားသည်။ ရန်ကုန်အရှေ့ပိုင်းနယ်ပိုင် ရာဇဝတ်တရားသူကြီးရုံး၌ အမှုရင်ဆိုင်ရာ နှစ်ဖက်ညှိနှိုင်းပြီး အမှုကျေအေးလိုက်သည်။ [4]

မိသားစုဘဝ

၁၉၅၇ ခု၊ ဇန်နဝါရီလ ၇ ရက်တွင် ရောမမြို့ ကက်ပီတော် ဗဟိုရုံးကြီး၌ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးကြီး ဗိုလ်စကြာ နှင့် လက်ထပ်သည်။ ဗိုလ်စကြာ၏ အမည်မှာ အောင်သန်း ဖြစ်ရာ ခင်ပွန်းအမည်ယူ၍ ဝင်းမင်းသန်း ဟူ၍ ဖြစ်လာသည်။ အာကာစကြာ အမည်ရှိ သားတစ်ယောက် ထွန်းကားသည်။

မင်းသမီး ဝင်းမင်းသန်းသည် တစ်ကားတည်းသော ရုပ်ရှင်ကို ရိုက်ကူးပြီး ၁၉၆၄ ခုနှစ် အသက်၃၁နှစ်တွင် ကျန်ရှိသောသားနှင့်အတူ Australia သို့အပြီးတိုင် သွားရောက်နေထိုင်ခဲ့သည်။[5]

မှတ်စု

  1. ခရမ်းရောင် လွင်ပြင်ကို Rank Organization ကုမ္ပဏီကြီးက ရိုက်ကူးရန် မင်းသမီး ကြေညာစဉ်က ရတနာနတ်မယ်က လျှောက်လွှာ တင်ပြီးခါမှ ရိုက်ကွင်းက သီရိလင်္ကာမှာ ရိုက်မည် ဖြစ်ကြောင်း သိရှိရ၍ သဘာဝရေခံမြေခံ အမှန်ဖြစ်သည့် မြန်မာပြည်မှာ ရိုက်မည် မဟုတ်သောကြောင့် ဆက်မကြိုးစား တော့ဘဲ နေခဲ့သည်။ ဝင်းမင်းသန်းက လျှောက်လွှာ မတင်ဘဲနှင့် သည်ဇာတ်ကား အတွက် ခေါင်းဆောင်မင်းသမီး ဖြစ်လာသူ ဖြစ်သည်။

ကိုးကား

  1. Rewind/1954 (in en)။ The Myanmar Times (22 December 2014)။ 17 November 2017 တွင် ပြန်စစ်ပြီး။
  2. Win Min Than Biography
  3. မျိုးညွန့်၊ရန်ကုန်တက္ကသိုလ်၊ ရေး ခရမ်းရောင် လွင်ပြင်မှာ လွင့်မျောသူ (ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၂)
  4. ဗမာ့ခေတ် သတင်းစာ။ ၁၉၅၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆။
  5. ကမ္ဘာတွင် မြန်မာ့ဂုဏ်ကို မြှင့်တင်ခဲ့သော ရုပ်ရှင်မင်းသမီး ဝင်းမင်းသန်း (in en)။ moemaka.com (19 June 2013)။ 17 November 2017 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.