စကြာ၊ ဗိုလ် (ရဲဘော်သုံးကျိပ်)

ရဲဘော်သုံးကျိပ် ဝင် ဗိုလ်စကြာ ကို ၁ ဇူလိုင်၊ ၁၉၁၅ ခုနှစ်တွင် ရန်ကုန်မြို့ ၌ ဦးမြတ်သာ၊ ဒေါ်သန်းတင် တို့မှ မွေးဖွားသည်။ ဗမာလူမျိုး ဗုဒ္ဓဘာသာ ဝင် ဖြစ်သည်။ အမည်ရင်း မှာ ကိုအောင်သန်း ဖြစ်သည်။ တို့ဗမာအစည်းအရုံး ဝင် သောအခါ သခင်အောင်သန်း ဖြစ်လာသည်။ ဂျပန် အမည်မှာ ဟီရာတာမာဆာအို ဖြစ်သည်။ ဗိုလ်အမည် ခံယူရာတွင် ဗိုလ်စကြာ ဖြစ်လာ ခဲ့သည်။

ဗိုလ်စကြာ
(၁၉၁၅-၁၉၆၉)
မွေးသက္ကရာဇ်၁ ဇူလိုင် ၁၉၁၉
မွေးဖွားရာဒေသရန်ကုန်မြို့
အမည်ရင်းကိုအောင်သန်း
သခင်အမည်သခင်အောင်သန်း
ဗိုလ်ဘွဲ့အမည်ဗိုလ်စကြာ
မိဘအမည်ဦးမြတ်သာ၊ ဒေါ်သန်းတင်
နိုင်ငံသား
ပညာအရည်အချင်းအစိုးရ ဆေးပညာသင်ကျောင်း
အလုပ်အကိုင်ဗမာ့လေကြောင်း ပို့ဆောင်ရေး လေယာဉ်ပျံ ကုမ္ပဏီ နှင့် သီရိစကြာ ကုမ္ပဏီ
ဆုတံဆိပ်လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယ အဆင့်)
ကြင်ဖော်ရုပ်ရှင်မင်းသမီး ဝင်းမင်းသန်း
ကွယ်လွန်ရက်၁၉၆၉ ခုနှစ်၊ စက်တင်ဘာ လ ၆ ရက်
လက်မှတ်

ကျောင်းသားဘဝ နှင့် ပညာရေးရာ

ဒိုင်အိုစီဇင် ယောက်ျားလေး အထက်တန်းကျောင်း နှင့် ရန်ကုန်အစိုးရ အထက်တန်းကျောင်း တို့တွင် ပညာသင်ကြားခဲ့သည်။ ထို့နောက် အစိုးရ ဆေးပညာ သင်ကျောင်းတွင် ဆေးပညာများ သင်ကြားခဲ့သည်။

အသက်မွေးမှု ဘဝ

ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသောအခါ ဗမာ့လေကြောင်း ပို့ဆောင်ရေး လေယာဉ်ပျံ ကုမ္ပဏီ နှင့် သီရိစကြာ ကုမ္ပဏီ များ တည်ထောင် လုပ်ကိုင်ခဲ့သည်။

အမျိုးသားနိုင်ငံရေးဆောင်ရွက်ချက်

တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်၍ နိုင်ငံရေး ဆောင်ရွက်ခဲ့သည်။ ၁ ဇန်နဝရီ ၁၉၃၈ တွင် ချောက်ရေနံမြေ အလုပ်သမားထု ကို တရားဟောခဲ့သည်။ ဗြိတိသျှ နယ်ချဲ့ဆန့်ကျင်ရေး ဆောင်ရွက်မှုများကြောင့် အဖမ်းခံခဲ့ရသည်။

၁၉၃၈ တွင် တို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲသွားသော အခါ သခင်ထွန်းအုပ်သခင်ဗစိန် တို့ဗမာအစည်းအရုံး တွင် ပါဝင်ခဲ့သည်။ ၁၀ ဇွန် ၁၉၄၀ ပြည့်နှစ်တွင် ဂျူဗလီဟော ၌ သခင်ဗစိန်၊ သခင်ထွန်းအုပ်၊ သခင်အောင်သန်း၊ သခင်ချစ်တင်သခင်ခင်မောင် တို့သည် ဂျပန် သွားစိုက်ဆိုင်ပိုင်ရှင် မစ္စတာ ကိုကုဘု နှင့် လျှို့ဝှက်စွာ တွေ့ဆုံကာ မြန်မာ့လွတ်လပ်ရေး အတွက် ဂျပန်နိုင်ငံ မှ အကူအညီရရန် ဆွေးနွေးခဲ့သည်။

သခင်ထွန်းအုပ်၊ သခင်ဗစိန် တို့ဗမာအစည်းအရုံးက သခင်အောင်သန်းအား ဂျပန်နှင့် ဆက်သွယ်ရန် ယိုးဒယား နိုင်ငံသို့ စေလွှတ်သည့် အတွက် ၁၉၄၀ ပြည့်နှစ် ဒီဇင်ဘာတွင် ဗန်ကောက်မြို့ သို့ရောက်ရှိခဲ့သည်။ ဗန်ကောက်တွင် ဂျပန် အာဏာပိုင်များနှင့် ဆက်သွယ် ဆောင်ရွက်ခဲ့ပြီး သခင်ထွန်းအုပ်ထံ မြန်မာနိုင်ငံ ရှိ နိုင်ငံရေး အဖွဲ့ သုံးလေးဖွဲ့ မှ လူငယ် လေးဆယ်ခန့် စစ်ပညာသင်ရန် အတွက် လျှို့ဝှက်စွာ စေလွှတ်ပေးရန် အကြောင်းကြားခဲ့သည်။ သခင်အောင်သန်း ထိုင်းနိုင်ငံ ရောက်နေကြောင်း မီနာမီ အဖွဲ့ ဉက္ကဌ ဗိုလ်မှူးကြီး စူဇူကီး သိရှိရလျှင် စစ်ပညာသင်ရန် ဟိုင်နန်ကျွန်းသို့ ပို့ပေးခဲ့သည်။ ဟိုင်နန် နှင့် တိုင်ဝမ်ကျွန်း တွင် စစ်ပညာများ သင်ကြားခဲ့သည်။

ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) စစ်ဌာနချုပ် နှင့် မော်လမြိုင် စစ်ကြောင်း မြန်မာနိုင်ငံ တွင်း ချီတက်စဉ် ဗိုလ်ကျော်ဇော ဦးဆောင်သည့် လက်နက်ခဲယမ်း မီးကျောက်နှင့် သယ်ယူပို့ဆောင်ရေး တပ်ဖွဲ့ နှင့်အတူ ချီတက်လိုက်ပါခဲ့သည်။ ၂၇ ဇူလိုင် ၁၉၄၂ ခုနှစ်တွင် ဘီအိုင်အေ ကို ဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ဖွဲ့စည်းသောအခါ ဒုတိယ ဗိုလ်မှူးကြီး အဆင့်ဖြင့် စစ်ဦးစီးတာဝန် ထမ်းဆောင်ခဲ့သည်။

၁ ဩဂုတ် ၁၉၄၃ ခုနှစ်တွင် ဖွဲ့စည်းသော မြန်မာနိုင်ငံ အစိုးရအဖွဲ့ တွင် ဒုတိယ ကာကွယ်ရေး ဝန်ကြီး (ဒုတိယ စစ်ဝန်ကြီး) အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ၁၈ ဧပြီ ၁၉၄၄ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်နိုင်ငံ ဆိုင်ရာ မြန်မာစစ်သံမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၄၇ ခုနှစ်၊ ဇန်နဝါရီ လတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့ အင်္ဂလန်နိုင်ငံ သွားရောက်ရာတွင် အတိုင်ပင်ခံ အဖြစ်လိုက်ပါခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ပြည်ထဲရေး ဝန်ကြီးဌာနမှ ပါလီမန် အတွင်းဝန် အဖြစ် ခန့်အပ်ခံရသည်။

ပါတီနိုင်ငံရေး

ဗမာပြည် ဆိုရှယ်လစ်ပါတီ သို့ ဝင်ရောက်၍ နိုင်ငံရေး ဆောင်ရွက်ခဲ့သည်။ ဖဆပလ အဖွဲ့၏ နိုင်ငံခြားရေးရာ ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၁ ခုနှစ်၊ ပထမ အကြိမ် ပါလီမန် ရွေးကောက်ပွဲတွင် ဖဆပလ အမတ်လောင်း အဖြစ် သရက်တောင်ပိုင်း မဲဆန္ဒနယ်မှ ဝင်ရောက် အရွေးခံရာ လွှတ်တော်အမတ် အဖြစ် ရွေးကောက် တင်မြှောက်ခံရသည်။ ၁၉၅၈ ခုနှစ်၊ ဖဆပလ နှစ်ခြမ်းကွဲသောအခါ တည်မြဲ ဖဆပလ တွင် ပါဝင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် တတိယ အကြိမ် ပါလီမန် ရွေးကောက်ပွဲတွင် တည်မြဲဖဆပလ အမတ်လောင်း အဖြစ် ကြည့်မြင်တိုင် တောင်ပိုင်း မဲဆန္ဒနယ်မြေ မှ ဝင်ရောက် အရွေးခံရာ ရှုံးနိမ့်ခဲ့သည်။ ၁၉၆၅ ခုနှစ် တွင် ထိုင်းနိုင်ငံ သို့ လျှို့ဝှက်စွာ ထွက်ခွာသွားပြီး ၁၉၆၆ အောက်တိုဘာ လ တွင် ထိုင်းနိုင်ငံ၌ အမျိုးသားလွတ်မြောက်ရေး ကောင်စီကို ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သည်။ ၆ ဩဂုတ် ၁၉၆၉ ခုနှစ်တွင် ဦးနု အဖွဲ့ ထိုင်းနိုင်ငံ တွင်းသို့ ရောက်လာသောအခါ ဦးနုအဖွဲ့ နှင့် ပူးပေါင်းခဲ့သည်။

ဆုတံဆိပ်ရေးရာ

၂၇ မတ် ၁၉၅၉ ခုနှစ်တွင် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုနောက်ဆုံး ကဏ္ဍ၌ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နှင့် လူမျိုး လွတ်လပ်ရေးအတွက် သက်စွန့်ဆံဖျား ကြိုးပမ်း ဆောင်ရွက်ခဲ့မှုကြောင့် နိုင်ငံတော်က ကျေးဇူးဆပ်ခြင်း အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးမော်ကွန်းဝင် (ဒုတိယဆင့်) တံဆိပ် ချီးမြှင့်ဂုဏ်ပြုခြင်း ခံခဲ့ရသည်။

မိသားစုဘဝ

နာမည်ကျော် ခရမ်းရောင်လွင်ပြင် ရုပ်ရှင်ကား ၌ ပါဝင်ရိုက်ကူးခဲ့သူ မြန်မာ ရုပ်ရှင်မင်းသမီး ဝင်းမင်းသန်း နှင့် လက်ထပ် ခဲ့သည်။

ဘဝနိဂုံး

၆ စက်တင်ဘာ ၁၉၆၉ တွင် ထိုင်းနိုင်ငံ ၌ နှလုံးရောဂါ ဖြင့် ကွယ်လွန်ခဲ့သည်။

ကိုးကား


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.