သန်းတင်၊ သခင် (ရဲဘော်သုံးကျိပ်)

သခင်သန်းတင် သည် ပထမဆုံးကွယ်လွန်သွားသော ရဲဘော်သုံးကျိပ်ဝင် ဖြစ်သည်။

သခင်သန်းတင်
မွေးသက္ကရာဇ်၂၇၊ ၈၊ ၁၉၂ဝ
မွေးဖွားရာဒေသမော်လမြိုင်မြို့
အမည်ရင်းသန်းတင်
သခင်အမည်သခင်သန်းတင်
ဂျပန်အမည်ယာမာဒါ
မိဘအမည်ဦးမောင် + ဒေါ်စိုး
နိုင်ငံသား
လူမျိုးမြန်မာ
ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ
ပညာအရည်အချင်းမြဝတီကျောင်း တွင် စတုတ္ထတန်း အထိ ပညာသင်ကြားခဲ့
အလုပ်အကိုင်ဗိုလ်တစ်ထောင်စက်အလုပ်ရုံ နှင့် ပန်းတနော်မြို့နယ် ဝဲဒေါင့်ရွာ ဆန်စက်၊ ကမာရွတ် ပန်းထိမ်အလုပ်ရုံတွင် အလုပ်လုပ်ခဲ့
ဆုတံဆိပ်လွတ်လပ်ရေး မော်ကွန်းဝင် တတိယဆင့်
ကြင်ဖော်-
သားသမီး-
ကွယ်လွန်ရက်၁၉၄၁ ခုနှစ်၊ စက်တင်ဘာ

ငယ်စဉ်ဘဝ

အမည်ရင်း ကိုသန်းတင် ဖြစ်သည်။ ၂၇ ဩဂုတ် ၁၉၂၀ ပြည့်နှစ်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ ညောင်ပင်ဆိပ်ရွာတွင် ဦးမောင်နှင့်ဒေါ်စိုး တို့မှ မွေးဖွားခဲ့သည်။ ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးဖြစ်သည်။

ပညာရေး

မြဝတီကျောင်းတွင် စတုတ္ထတန်းအထိ ပညာသင်ကြားခဲ့သည်။

အသက်မွေးမှုဘဝ

ရန်ကုန်မြို့ ဗိုလ်တထောင် စက်အလုပ်ရုံနှင့် ပန်းတနော်မြို့နယ် ဝဲဒေါင့်ရွာ ဆန်စက်တွင် အလုပ်လုပ်ခဲ့သည်။ ထို့နောက် ကမာရွတ် ပန်းထိမ်အလုပ်ရုံတွင် အလုပ်လုပ်ခဲ့သည်။

အမျိုးသားနိုင်ငံရေးဆောင်ရွက်ချက်

၁၉၄၀ ပြည့်နှစ်တွင် ကမာရွတ် တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်၍ နိုင်ငံရေး ဆောင်ရွက်ခဲ့သည်။ ဂျပန်နိုင်ငံသို့ စစ်ပညာသွားသင်ရန် သခင်ထွန်းအုပ် သခင်ဗစိန် တို့ဗမာအစည်းအရုံးမှ သခင်သန်းတင်အား ရွေးချယ်ခဲ့သော်လည်း မိဘနှစ်ပါးက သဘောမတူ၍ မလိုက်ရပေ။ နောက်ဆုံးတွင် သခင်သန်းတင်က အစာငတ်ခံ ဆန္ဒပြသည့်အတွက် မိဘနှစ်ပါးက ခွင့်ပြုရသည်။ ထိုအချိန်တွင် မြန်မာမျိုးချစ်လူငယ် စတုတ္ထအသုတ်သည် ဂျပန်နိုင်ငံသို့ ၈ ဇူလိုင် ၁၉၄၁ ခုနှစ်၌ ကိုရီယူမာရူး သင်္ဘောဖြင့် ထွက်ခွာသွားပြီဖြစ်၍ မမီတော့ပေ။ ထိုသို့မမီတော့သော်လည်း သခင်ထွန်းအုပ်က ထိုင်းနိုင်ငံကို အရောက်လာရန် မှာခဲ့သည့်အတွက် သခင်သန်းတင်သည် တိုင်းပြည်နှင့်လူမျိုးလွတ်လပ်ရေးအတွက် မဖြစ်မနေဆောင်ရွက်မည်ဟု ခိုင်မာသော သန္နိဋ္ဌာန် ဖြင့် ၁၂ ဇူလိုင် ၁၉၄၁ ခုနှစ်တွင် စွန့်လွှတ်စွန့်စားစွာ ရန်ကုန်မြို့မှ မော်လမြိုင် ထိုမှတဆင့် မြဝတီသို့ သွားရောက်ခဲ့ပြီး ထိုင်းမြန်မာနယ်စပ်ရှိ တောတောင်အထပ်ထပ်ကို ဖြတ်ကျော်၍ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ရှိခဲ့သည်။ မဲဆောက်မြို့ရှိ ဂျပန်သံအမတ် က သခင်သန်းတင်အား ဂျပန်အဝတ်အစား များ လဲလှယ်ဝတ်ဆင်ပေးပြီး လေယာဉ်ဖြင့် ဗန်ကောက်မြို့သို့ သွားရောက်ရန် စီစဉ်ပေးခဲ့သည်။

ဘဝနိဂုံး

သခင်သန်းတင်သည် စစ်ပညာသင်ကြားရန် ၁၅ ဩဂုတ် ၁၉၄၁ ခုနှစ်တွင် ဗိုလ်ထိန်ဝင်းနှင့် အတူ ဒေလီမာရူးသင်္ဘောဖြင့် ဂျပန်နိုင်ငံသို့ ထွက်ခွာခဲ့ရာ လမ်းခရီးတွင် အဖျားရောဂါ ဖြစ်ပွားခဲ့သည်။ ဒေလီမာရူးသင်္ဘော တိုင်ဝမ်ကျွန်းသို့ ဆိုက်ရောက်သောအခါ ဂျပန်စစ်ဖက်အရာရှိများက တိုင်ပေ စစ်ဆေးရုံသို့ ပို့ပေးခဲ့သည်။ ထို ဆေးရုံတွင် အူအတက်ပေါက်မှုကို ခွဲစိတ်ကုသမှု ခံယူနေစဉ် ကွယ်လွန်ခဲ့သည်။

ဆုတံဆိပ်ရေးရာ

၂၇ မတ် ၁၉၅၉ ခုနှစ်တွင် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု နောက်ဆုံးကဏ၌ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နှင့် လူမျိုးလွတ်လပ်ရေးအတွက် သက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် နိုင်ငံတော်က ကျေးဇူးဆပ်ခြင်းအထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးမော်ကွန်းဝင် (တတိယဆင့်) တံဆိပ် ချီးမြှင့် ဂုဏ်ပြုခြင်း ခံခဲ့ရသည်။ [1]

ကိုးကား

  1. ကျော်ငြိမ်း (သုတေသနအရာရှိ) (၁၉၉၈)။ ရဲဘော်သုံးကျိပ်။ ပထမ အကြိမ်။ အင်းဝ စာအုပ်တိုက်။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.