ဘုန်းမြင့်၊ ဗိုလ် (ရဲဘော်သုံးကျိပ်)

ရဲဘော်သုံးကျိပ် ဝင် ဗိုလ်ဘုန်းမြင့် ခေါ် သခင်တင်အေး ကို ၃ ဇန်နဝါရီ ၁၉၂၀ ပြည့်နှစ်တွင် သာယာဝတီ ခရိုင် လက်ပံတန်း မြို့နယ် ကွမ်းခြံရွာ တွင် ဦးဘ၊ ဒေါ်ရွှေခဲ တို့မှ ဖွားမြင်သည်။ ဗမာလူမျိုး ဗုဒ္ဓဘာသာ ဖြစ်သည်။ အမည်ရင်း ကိုတင်အေး ဖြစ်သည်။ တို့ဗမာ အစည်းအရုံးသို့ ဝင်ရောက်သော အခါ သခင်တင်အေး ဖြစ်လာခဲ့သည်။ ဂျပန်အမည်မှာ ချင်းဒါစိန်ဂျိ ဖြစ်သည်။ ဗိုလ်အမည်များ ခံယူရာ တွင် ဗိုလ်ဘုန်းမြင့် ဖြစ်လာခဲ့သည်။

ဗိုလ်ဘုန်းမြင့်
မွေးသက္ကရာဇ်၃ ဇန်နဝါရီ ၁၉၂၀
မွေးဖွားရာဒေသကွမ်းခြံရွာ၊ လက်ပံတန်းမြို့နယ်၊ သာယာဝတီခရိုင်
အမည်ရင်းကိုတင်အေး
သခင်အမည်သခင်တင်အေး
ဗိုလ်ဘွဲ့အမည်ဗိုလ်ဘုန်းမြင့်
ဂျပန်အမည်Chinda Seiji
မိဘအမည်ဦးဘ၊ ဒေါ်ရွှေခဲ
နိုင်ငံသား
လူမျိုးမြန်မာ
ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ
ပညာအရည်အချင်းအလယ်တန်းဆရာဖြစ်သင်တန်းအောင်၊ နဝမတန်းအောင်
အလုပ်အကိုင်သစ်ကုန်သည်
ဆုတံဆိပ်လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်)၊ နိုင်ငံဂုဏ်ရည် (ပထမဆင့်)
လက်မှတ်

ကျောင်းသားဘဝနှင့် ပညာရေးရာ

လက်ပံတန်းမြို့ ဆရာကြီး ဦးစိန်၏ မြန်မာဘာသာ အထက်တန်းကျောင်း မှ နဝမတန်း အောင်မြင်ခဲ့သည်။ ထို့နောက် မင်းလှမြို့ နော်မန်ကျောင်း တွင် အလယ်တန်း ဆရာဖြစ် သင်တန်း ဆက်လက် တက်ရောက်ခဲ့ရာ ၁၉၄၁ ခုနှစ်တွင် ထူးချွန်စွာ အောင်မြင်သဖြင့် ရွှေတံဆိပ် ချီးမြှင့်ခြင်း ခံခဲ့ရသည်။ မင်းလှမြို့နယ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။

အသက်မွေးမှု ဘဝ

၁၉၅၈ ခုနှစ် ဖဆပလ အကွဲတွင် နိုင်ငံရေးလောက မှ အနားယူ၍ သစ်ကုန်သည် လုပ်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ဆိုရှယ်လစ် စီးပွားရေးတည်ဆောက်မှု ကော်မတီ အဖွဲ့၏ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၆၆ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ ဆောက်လုပ်ရေး ဝန်ကြီးဌာန တွင် လုပ်ငန်းစစ်ဆေးရေး အဖွဲ့ဝင် အဖြစ်ဆောင်ရွက်ခဲ့သည်။

အမျိုးသားနိုင်ငံရေးဆောင်ရွက်ချက်

ဂျပန်နိုင်ငံသို့ စစ်ပညာ သင်ကြားရန် စေလွှတ်သည့် ဒုတိယ အသုတ် မြန်မာမျိုးချစ်လူငယ် များနှင့် အတူ ၁၃ ဧပြီ ၁၉၄၁ ခုနှစ်တွင် ကိုရှိုမာရူး သင်္ဘောဖြင့် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ရာ ၂၈ ဧပြီ ၁၉၄၁ ခုနှစ်တွင် ဂျပန်နိုင်ငံ အိုဆကာ မြို့သို့ ရောက်ရှိခဲ့သည်။ ထိုမှ တဆင့် တိုကျိုမြို့သို့ ရောက်ရှိခဲ့သည်။ ထို့နောက် ဟာကိုနီ တောင်ပေါ်စခန်းမြို့တွင် အပန်ဖြေခဲ့ကြသည်။ ၉ မေ ၁၉၄၁ ခုနှစ်တွင် လေယာဉ်ပျံဖြင့် တိုကျိုမှ ဟိုင်နန်ကျွန်းသို့ ထွက်ခွာလာရာ ၁၀ မေ ၁၉၄၁ ခုနှစ်တွင် ရောက်ရှိခဲ့သည်။ ဟိုင်နန်ကျွန်း နှင့် တိုင်ဝမ်ကျွန်း တို့တွင် စစ်ပညာများ သင်ကြားခဲ့သည်။

ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) မြန်မာနိုင်ငံ တွင်း ချီတက် တိုက်ခိုက်ရန် စစ်ကြောင်းများ အသီးသီး သတ်မှတ်သော အခါ ဗိုလ်ဘုန်းမြင့်သည် ဂျပန်တပ်မ အမှတ် ၅၅ ၏ ဆက်သွယ်ရေး အရာရှိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၇ ဇူလိုင် ၁၉၄၂ ခုနှစ်တွင် ဘီအိုင်အေ ကို ဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ဖွဲ့စည်းသောအခါ ဗိုလ်ကြီးအဆင့်ဖြင့် တာဝန် ထမ်းဆောင် ခဲ့သည်။

ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလတွင် တိုင်း၇ ( သရက်၊ အာလံ၊ မကွေး၊ မင်းဘူး) တွင် မျိုးချစ်ဗမာ့တပ်မတော် ပီဘီအက်(ဖ်) တပ်ရင်း ၁၀၃ ၏ တပ်ရင်းမှူး အဖြစ် ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တိုက်ခိုက်ခဲ့သည်။ မင်းလှလေယာဉ်ကွင်းကို ရဲဘော်သုံးယောက်တည်း ဖြင့် စီးနင်းတိုက်ခိုက်ရာ ဂျပန် ၇ ဦး သေ၍ လက်နက်ခဲယမ်းမီးကျောက် အမြောက်အမြား ကို ဖျက်ဆီး နိုင်ခဲ့လေသည်။

ပါတီနိုင်ငံရေး

ဗမာပြည် ဆိုရှယ်လစ်ပါတီဝင် ဖြစ်သည်။ ၁၉၅၀ ပြည့်နှစ်တွင် ဗမာပြည် ဆိုရှယ်လစ် ပါတီ နှစ်ခြမ်းကွဲသောအခါ ဗမာပြည် အလုပ်သမား လယ်သမားပါတီ တွင် ပါဝင်ခဲ့သည်။ ဗမာပြည် အလုပ်သမား လယ်သမားပါတီ သာယာဝတီ ခရိုင် အတွင်းရေးမှူး အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၅၂ ခုနှစ် - ပထမ အကြိမ် ပါလီမန် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် ဗမာပြည် အလုပ်သမား လယ်သမား ပါတီ အမတ်လောင်းအဖြစ် မင်းလှ အနောက်ပိုင်း အုတ်ဖို မဲဆန္ဒနယ်မြေမှ ဝင်ရောက်အရွေးခံရာ လွှတ်တော်အမတ် အဖြစ် ရွေးကောက် တင်မြှောက်ခံရသည်။ ၁၉၅၆ ခု ဒုတိယအကြိမ် ပါလီမန် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် ပမညတ အမတ်လောင်း အဖြစ် မိုးညို မြို့နယ်မှ ဝင်ရောက်အရွေးခံရာ ရှုံးနိမ့်ခဲ့သည်။ ၁၉၅၅ မှ ၁၉၆၂ ခုနှစ် အထိ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု (ပမညတ) တွင် ပါဝင်၍ နိုင်ငံရေး ဆောင်ရွက်ခဲ့သည်။

ဆုတံဆိပ်ရေးရာ

၂၇ မတ် ၁၉၅၉ ခုနှစ်တွင် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုနောက်ဆုံး ကဏ္ဍ၌ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နှင့် လူမျိုး လွတ်လပ်ရေးအတွက် သက်စွန့်ဆံဖျား ကြိုးပမ်း ဆောင်ရွက်ခဲ့မှုကြောင့် နိုင်ငံတော်က ကျေးဇူးဆပ်ခြင်း အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်) တံဆိပ် ချီးမြှင့်ဂုဏ်ပြုခြင်း ခံခဲ့ရသည်။

၇ ဇွန် ၁၉၈၀ ပြည့်နှစ်တွင် နိုင်ငံတော်၏ အကျိုးကို ဦးစီးဆောင်ရွက်ခဲ့သည့် အတွက် နိုင်ငံဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ချီးမြှင့်ခြင်း ခံခဲ့ရသည်။

ဘဝနိဂုံး

၂၈ ဇူလိုင် ၁၉၈၉ ခုနှစ်တွင် လက်ပံတန်း မြို့တွင် ကွယ်လွန်ခဲ့သည်။

ကိုးကား

    ကျော်ငြိမ်း (သုတေသနအရာရှိ) (၁၉၉၈)။ ရဲဘော်သုံးကျိပ်။ ပထမ အကြိမ်။ အင်းဝ စာအုပ်တိုက်။

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.