ဉာဏ၊ ဗိုလ် (ရဲဘော်သုံးကျိပ်)

ရဲဘော်သုံးကျိပ် ဝင် ဗိုလ်ဉာဏ ကို ၁၉၁၄ ခုနှစ်တွင် တောင်ငူခရိုင် ဖြူးမြို့နယ် ကျောက်တိုင်ကျေးရွာ ၌ ဦးဘပု၊ ဒေါ်မြစ် တို့မှ ဖွားမြင်သည်။ ဗမာလူမျိုး ဗုဒ္ဓဘာသာ ဝင် ဖြစ်သည်။ အမည်ရင်းမှာ မောင်မောင် ဖြစ်သည်။ တို့ဗမာအစည်းအရုံး သို့ ဝင်သောအခါ သခင်မောင်မောင် ဖြစ်လာခဲ့သည်။ ထိုင်းနိုင်ငံ ဗန်ကောက်တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည် ခံယူရာ တွင် ဗိုလ်ဉာဏ ဖြစ်လာခဲ့သည်။

ဗိုလ်ဉာဏ
မွေးသက္ကရာဇ်၁၉၁၄ ခုနှစ်
မွေးဖွားရာဒေသဖြူးမြို့နယ် တောင်ငူခရိုင်
အမည်ရင်းမောင်မောင်
သခင်အမည်သခင်မောင်မောင်
ဗိုလ်ဘွဲ့အမည်ဗိုလ်ဉာဏ
မိဘအမည်ဦးဘပု၊ ဒေါ်မြစ်
နိုင်ငံသား
လူမျိုးမြန်မာ
ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ
ပညာအရည်အချင်းသတ္တမတန်း၊ ကညွတ်ကွင်းမြို့
အလုပ်အကိုင်ဆားမှော်သကြားစက်
ဆုတံဆိပ်လွတ်လပ်ရေး မော်ကွန်းဝင် တတိယဆင့်
ကွယ်လွန်ရက်၄ ဧပြီ ၁၉၄၂

ကျောင်းသားဘဝ နှင့် ပညာရေးရာ

ကညွတ်ကွင်း မြို့တွင် သတ္တမတန်း အထိ ပညာ သင်ကြားခဲ့သည်။

အသက်မွေးမှုဘဝ

ကချင်ပြည်နယ် ဆားမှော် သကြားစက်တွင် အလုပ်လုပ်ကိုင်ခဲ့သည်။

အမျိုးသားနိုင်ငံရေးဆောင်ရွက်ချက်

ဖြူးမြို့ တို့ဗမာအစည်းအရုံး သို့ ဝင်ရောက်၍ နိုင်ငံရေး ကို တက်ကြွစွာ ဆောင်ရွက်ခဲ့သည်။ သခင်ကိုယ်တော်မှိုင်းသခင်မြ တို့ဗမာ အစည်းအရုံး မှ ဗိုလ်ဉာဏ အား ဂျပန်နိုင်ငံ သို့ စစ်ပညာ သင်ကြားရန် စေလွှတ်ခဲ့သည်။

မြန်မာမျိုးချစ် လူငယ် စတုတ္ထ အသုတ်နှင့် အတူ ၈ ဇူလိုင် ၁၉၄၁ ခုနှစ်တွင် ကိုရီယုမာရူး သင်္ဘောဖြင့် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ရာ ၂၂ ဇူလိုင် ၁၉၄၁ ခုနှစ်တွင် ရှန်ဟိုင်းသို့ ရောက်ရှိခဲ့သည်။ ၂၄ ဇူလိုင် ၁၉၄၁ ခုနှစ်တွင် ရှန်ဟိုင်းမှ လေယာဉ်ပျံ ဖြင့် ဂျပန်နိုင်ငံ ကျူးရှုးကျွန်း နာဂါစကီးမြို့ အနီးရှိ ရေတပ်စခန်းသို့ ရောက်ရှိခဲ့သည်။ ထိုမှ တဆင့် ဟာကိုနီ တောင်ပေါ်စခန်း မြို့သို့ သွားရောက်ကာ အပန်းဖြေ ခဲ့ကြသည်။ ၈ ဩဂုတ် ၁၉၄၁ ခုနှစ်တွင် တိုကျိုမှ ဟိုင်နန်ကျွန်းသို့ လေယာဉ်ပျံ ဖြင့် သွားရောက်ရာ ၁၁ ဩဂုတ် ၁၉၄၁ ခုနှစ်တွင် ရောက်ရှိခဲ့သည်။ ဟိုင်နန်ကျွန်းနှင့် တိုင်ဝမ်ကျွန်း တွင် စစ်ပညာများ သင်ကြားခဲ့သည်။

ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ထားဝယ်စစ်ကြောင်း ဖြင့် မြန်မာနိုင်ငံတွင်း ချီတက်ကာ ဗြိတိသျှတပ်များကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သည်။ ထားဝယ်စစ်ကြောင်း သည် ၈ မတ် ၁၉၄၂ ခုနှစ်တွင် အမှတ် ၅၅ ဂျပန်တပ်များနှင့် အတူ ရန်ကုန်မြို့ကို သိမ်းပိုက် နိုင်ခဲ့သည်။ ထို့နောက် ရန်ကုန်စစ်ဌာနချုပ်၏ တာဝန်ပေးချက်အရ ဗိုလ်ကြီးဉာဏ သည် ဖာပွန်မြို့တွင် ငြိမ်ဝပ်ပိပြားရေး တာဝန်များ ထမ်းဆောင်ခဲ့သည်။

ဆုတံဆိပ်ရေးရာ

၂၇ မတ် ၁၉၅၉ ခုနှစ်တွင် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုနောက်ဆုံး ကဏ္ဍ၌ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နှင့် လူမျိုး လွတ်လပ်ရေးအတွက် သက်စွန့်ဆံဖျား ကြိုးပမ်း ဆောင်ရွက်ခဲ့မှုကြောင့် နိုင်ငံတော်က ကျေးဇူးဆပ်ခြင်း အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးမော်ကွန်းဝင် (တတိယဆင့်) တံဆိပ် ချီးမြှင့်ဂုဏ်ပြုခြင်း ခံခဲ့ရသည်။

ဘဝနိဂုံး

၄ ဧပြီ ၁၉၄၂ ခုနှစ်တွင် ဖာပွန်မြို့ ၌ ငြိမ်ဝပ်ပိပြားရေး တာဝန်များ ထမ်းဆောင်နေစဉ် ကရင်လက်နက်ကိုင်တပ်များ၏ ချုံခို တိုက်ခိုက်မှု ကြောင့် ကျဆုံးခဲ့ပြီး ခေါင်းဖြတ် ယူသွားခြင်း ခံရသည်။ တတိယမြောက် ကျဆုံးသွားသော ရဲဘော်သုံးကျိပ်ဝင် ဖြစ်သည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.