တို့ဗမာအစည်းအရုံး
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းကြရာတွင် တခန်းတကဏ္ဍအဖြစ်ပါဝင်လျက် ထင်ရှားပေါ်လွင်ခဲ့သော တို့ဗမာအစည်းအရုံးကြီးသည် သက္ကရာဇ် ၁၂၉၂ ခု (ခရစ်သက္ကရာဇ် ၁၉၃၀ ခုနှစ်)လောက်တွင် စတင်ပေါ်ပေါက်လာခဲ့လေသည်။
ဗမာပြည်သည် - တို့ပြည်
ဗမာစာသည် - တို့စာ
ဗမာစကားသည် - တို့စကား
တို့ပြည်ကို - ချစ်ပါတို့စာကို - ချီးမြှင့်ပါ
တို့စကားကို - လေးစားပါ
တို့ဗမာ အစည်းအရုံး သခင်ပါတီ | |
---|---|
တည်ထောင်သူ | သခင်ဘသောင်း |
ဆောင်ပုဒ် | ဗမာပြည်သည် - တို့ပြည် ဗမာစာသည် - တို့စာ |
သီချင်း | တို့ဗမာ သီချင်း |
တည်ထောင်ခြင်း | ၁၉၃၀၊ မေလ ၃၀ ရက် |
နိုင်ငံရေး သဘောတရား | လက်ဝဲ ဝါဒ၊ အမျိုးသားရေးဝါဒ |
မြန်မာ့သမိုင်း |
---|
|
|
|
|
|
ဟူသော ကြွေးကြော်သံတို့ဖြင့် တို့ဗမာအစည်းအရုံးဟူ၍ လူငယ်များက ဖွဲ့စည်းတည်ထောင်ကြလေသည်။
တည်ထောင်ခြင်း
“ကိုင်း.. အချင်း တို့ဗမာတို့၊“အသင်တို့ငါတို့အကျင့်ဆိုးကလေးဖြစ်သော ကိုယ့်အိမ်မှကိုယ့်အိမ်မှတ်ထားသော သေးသိမ်သည့်ညံ့ဖျင်းသည့်အကျင့်ဆိုးကလေးကို အစဉ်ဖျောက်ပြီး မြစ်ကြီးနားမှ ထားဝယ်အရောက်ဖြစ်သောဗမာနိုင်ငံကြီးတခုလုံးကိုတို့အိမ်ကြီးဖြစ်သည်ဟုမှတ်ကြပါကုန်။“
“အို .. ငါတိုနှင့်တမြေတည်းနေတရေတည်းသောက် တစ်နိုင်ငံတည်ဘွားဖြစ်သောဗမာကပြားအပေါင်း၊ အသင်တို့သည်ဗမာပြေဘွားများဖြစ်ကြသဖြင့် စင်စစ်မှာဗမာများပင်ဖြစ်ကြသည်မဟုတ်ပါလော။ အသင်တို့အမေ (သို့မဟုတ်အဖေ) အဘိုးအဖွားစသည်တို့မှာဗမာနိုင်ငံသားဗမာပြည်ဘွားဗမာပြည်သားများပင်မဟုတ်ကြပါလော။ သို့ဖြစ်ပါလျက်နှင့်အသင်တို့သည် အဘယ်ကြောင့်ဗမာများမဟုတ်လေယောင် လုပ်၍ နိုင်ငံခြားသားများကဲ့သို့အသင်တို့ငါတို့တိုင်းပြည်၏အရေးကိုလျစ်လျူရှုကြကာနေစိမ့်ကြပါသနည်း
ယခုအခါတွင်နိုင်ငံရင်းသားဗမာများတန်ခိုးမရှိသေး။ အသင်တို့ကိုယ်ကိုအသင်တို့ဗမာ ဟူ၍ မခေါ်ဆိုနိုင်ကြသေးသော်လည်းနောင်တနေ့သောအခါတွင်အသင်တို့သည်ကျွန်ုပ်တို့လဲဗမာပါဘဲဟု လူသိရှင်ကြားလိုသောခေတ် ရောက်၍ လာပါလိမ့်မည်။ ဤအချက်မှာအရှေ့အရပ်မှနေထွက်သကဲ့သို့မလွဲသောအချက်ကြီးဖြစ်သည်ကိုလည်းငါ့ရှင်တို့သတိမူကြပါကုန်”
“ကိုင်း.. အသို့ဆိုမည်နည်း၊ ဗမာတိုင်းဘွား အသင်ကပြားတို့၊ အသင်တို့သည်။ အားဖြင့်ကျွန်ုပ်တို့လဲဗမာပါဘဲဟု ယခုပင်ဆိုလှဲ့ကြပါကုန်လော့။ အသင်တို့လည်းတို့နှင့်အတူစည်းလုံး၊ ယိုင်းပင်းဝိုင်းဝန်းကြပါကုန်လော့။ အသင်တို့ကိုယ်ကိုအသင်တိုတို့ဗမာဘဲသဘောထား၊ ဗမာနိုင်ငံကြီးနှင့်တကွဗမာအမျိုးသားအကုန်ကောင်းစားအောင်ကျင့်ဆောင်ကြမည်မဟုတ်ပါလော။“—တို့ဗမာအစည်းအရုံး ခြံအမှတ် (၃၃) ၊ ရေတာရှည်လမ်း၊ ဗဟန်း၊ ရန်ကုန်မြို့။, (၁၉၃၀ ပြည့်နှစ်၊ မေလ ၃၀ ရက်နေ့တွင်ထုတ်ဝေသောတို့ဗမာအစည်းအရုံး၏ကြေညာစာတမ်း၊ နိုင်ငံပြုစာစုအမှတ် (၁) အနှစ်ချုပ်)
တို့ဗမာအစည်းအရုံးကို စတင်တည်ထောင်သူမှာ သခင်ဘသောင်းဖြစ်၏။ သခင်ဘသောင်းအား သခင်လှဘော်၊ ကိုအုံးခင်(ဗမာ့ခေတ်သတင်းစာတိုက်ရှင်)၊ ကိုတင်စိန်၊ ကိုကျော်ထွန်းစိန်စသည့် လူငယ်တစုက အစပထမတွင် ကူညီအားပေးကြ၏။ နောက် သခင်ဗစိန်၊ သခင်သိန်းမောင်၊ သခင်ထွန်းရွှေတို့ပါလာကြ၏။ တို့ဗမာအစည်းအရုံးဝင်တို့သည် သခင်အမည်ခံရသဖြင့် လူအများက တို့ဗမာအစည်းအရုံးကို သခင်ပါတီဟူ၍လည်း ခေါ်ဆိုကြလေသည်။ ၁၉၃၀ ပြည့်နှစ် မေလ ၃၀ ရက်နေ့တွင် စတင်ဖွဲ့သည်။ ထိုအခြေအနေတွင် သခင်ဘသောင်းက ဦးဆောင်၍ မျိုးချစ်လူငယ်တစုက မြန်မာတိုင်းရင်းသားတို့၏ ဇာတိသွေးဇာတိမာန်ကို လှုံ့ဆော်ပေးပြီး တိကျပြတ်သားသော ဝါဒလမ်းစဉ်ဖြင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်မည့် အဖွဲ့အစည်းတခု ဖွဲ့စည်းရန် ကြံစည်ကြသည်။ အကြံရသည့်အတိုင်း ဆွေးနွေးတိုင်ပင်မှုများလည်း လုပ်ကြသည်။ ပထမဆုံး အလုပ်အမှုဆောင်များမှာ (၁) ဆရာတင့်( မြို့မကျောင်း) ဥက္ကဋ္ဌ၊ (၂) ကိုနု ( မြို့မကျောင်း) တက္ကသိုလ်ကျောင်သား အတွင်းရေးမှူး၊ (၃) ကိုခန့် (ပန်းတနော်) တွဲဖက်အတွင်းရေးမှူး၊ (၄) ကိုစံသိမ်း တက္ကသိုလ်ကျောင်းသား ငွေထိန်း၊ (၅) ဆရာဟိန်( မြို့မကျောင်း) ပြန်ကြားရေးမှူး၊ (၆) အမှုဆောင်များ (၁) သခင်ဘသောင်း၊ (၂) သခင်လေးမောင်၊ (၃) သခင်ဗစိန်၊ (၄) ဘတင်၊ (၅) ကိုအုန်း စသော တက္ကသိုလ်ကျောင်းသားများ ဖြစ်ကြသည်။
တို့ဗမာအစည်းအရုံးပေါ်စတွင် အစည်းအရုံးဝင်တို့အား သခင်တပ်၍ခေါ်ရသည်ကို လူအများက လွယ်လင့်တကူ တပ်၍ခေါ်ဆိုခြင်းမပြုကြဘဲ၊ သခင်ထည့်၍ ခေါ်ဆိုရမည်ကို ဦးလေးလျက်ရှိကြ၏။ တို့ဗမာအစည်းအရုံးဝင် အချင်းချင်းသာလျှင် တစ်ဦးကိုတစ်ဦး သခင်တပ်ကာ ခပ်တွင်တွင် ခေါ်ဆိုကြရလေသည်။ တရားပွဲတိုင်းမှာလည်း သခင်ဆိုသည်မှာ ဗမာတိုင်း သခင်ဖြစ်သည့်အကြောင်း၊ သူတစ်ပါးလက်အောက်တွင် ကျွန်သဘောက်ဖြစ်နေရသဖြင့် ကျေးစိတ်ကျွန်စိတ်တွေပပျောက်၍ သခင်စိတ်ပေါ်ပေါက်ကိန်းအောင်းလာရန်ဖြစ်သည့်အကြောင်းတို့မှစ၍ ရာဇဝင်ကိုးကားချက်များနှင့်တကွ ဇာတိမာန်တက်ကြွအောင် ရှင်းလင်းဟောပြောခြင်းတို့ဖြင့် တစတစ သခင်အမည် ယဉ်ပါးလျက် အသုံးများလာအောင် အားထုတ်ခဲ့ရလေသည်။
စည်းရုံးသော်လည်း မအောင်မြင်၊ တို့ဗမာအစည်းအရုံးမှာ ပျောက်ကွယ်လုမတတ်ပင်
တို့ဗမာအစည်းအရုံးဝင်တို့သည် တို့ဗမာသီချင်းကို သီဆိုလျက် တရားပွဲများကျင်းပကာ စည်းရုံးရေးကို ကြိုးစားကြသော်လည်း များစွာမအောင်မြင်ကြချေ။ တို့ဗမာအစည်းအရုံးဝင် သခင်တို့သည် လူငယ်များဖြစ်ကြသည်အားလျော်စွာ အခြားသော နိုင်ငံရေးအဖွဲ့အစည်းတို့နှင့်မတူ၊ နိုင်ငံရေးဟောပြောရေးသားမှုတို့တွင် တော်လှန်ရေးစိတ်ဓာတ်တက်ကြွလျက်၊ အသုံးအနှုန်း အပြောအဆိုတို့မှာလည်း ပြတ်သားပြင်းထန်ကြလေရာ အခြားသော နိုင်ငံရေးအဖွဲ့တို့က၎င်း၊ နိုင်ငံအစိုးရတို့က၎င်း လူငယ်တို့၏ ဝေဖန်ချက်တို့ကို ခံပြင်းလျက်ရှိကြလေသည်။ သို့ဖြင့် လူကြီးတို့၏ အားပေးထောက်ခံမှု မရသည့်ပြင် အာဏာပိုင်အစိုးရတို့၏ အငြိုအငြင်ကိုလည်း အခံရဆုံးသော အဖွဲ့ဖြစ်လေသည်။ မင်းဘေးစိုးဒဏ်ကို ကြောက်ရွံ့ကြသဖြင့်လည်း တို့ဗမာအစည်းအရုံးသခင်များကို အားမပေးဝံ့ကြကုန်။ ထို့ကြောင့် တို့ဗမာအစည်းအရုံးဝင်သခင်များ၏ စည်းရုံးရေးသည် အောင်မြင်တွင်ကျယ်ခြင်းမရှိလှဘဲ နောက်ဆုံးတွင် တို့ဗမာအစည်းအရုံး၌ သခင်ဗသောင်း၊ သခင်ဗစိန်၊ သခင်သိန်းမောင်တို့လောက်သာ ကျန်ရှိကာ ပျောက်ကွယ်လုမတတ်ပင် ရှိလေသည်။
တစ်ခါတစ်ရံမှ ထွက်ပေါ်လာသော တို့ဗမာအစည်းအရုံး
ထိုသို့ ပျောက်ကွယ်လုမတတ်ရှိသော်လည်း မြန်မာနိုင်ငံရေး လှုပ်ရှားလာသောအခါတိုင်းနှင့် နိုင်ငံရေးအချက်ကောင်းပေါ်လာသောအခါတို့တွင် ရန်ကုန်မြို့၊ ဗဟန်းရပ်၊ ရေတာရှည်လမ်းခြံအတွင်းမှ၊ တစ်ခါတရံထွက်ပေါ်လာသော တို့ဗမာအစည်းအရုံး၏ အသံများကို ကြားကြရလေသည်။ ဤသို့ ကြားကြရသဖြင့်လည်း တို့ဗမာအစည်းအရုံးသည် ဇွဲနဘဲကြီးစွာဖြင့် ရှိနေသေးသည်ကို သိရှိနိုင်လေသည်။ သက္ကရာဇ် ၁၂၉၅ ခု၊ နတ်တော်လ (၁၉၃၃ ခု၊ ဒီဇင်ဘာလ)တွင် ရွှေဘို အရှေ့ပိုင်းမဲဆန္ဒနယ်မှ မင်းတိုင်ပင်အမတ် အနိစ္စရောက်လေရာ၊ ကြားဖြတ်ရွေးကောက်ပွဲတစ်ခု ဖြစ်ပေါ်လာ၏။ ထိုကြားရွေးကောက်ပွဲတွင် တို့ဗမာအစည်းအရုံးမှ သခင်ဘသောင်း ဝင်ရောက်အရွေးခံပြီးလျှင် ရွှေဘိုနယ်တွင်၊ တရားပွဲများ ကျင်းပလေရာ တို့ဗမာဝါဒ ပြန့်ပြီးလျှင် လူသိများလာ၏။ ရွေးကောက်ပွဲပြီးသည်နှင့်တပြိုင်နက် တရားဟောကြသည့် သခင်ဗသောင်း၊ သခင်ဗစိန်၊ သခင်သိန်းမောင်နှင့် သခင်ထွန်းရွှေတို့အား ရွှေဘိုနယ်မှ ၂၄ နာရီအတွင်း ထွက်ခွာသွားရမည်ဟု ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၁၄၄ ကို အသုံးပြုကာ ရွှေဘိုတရားသူကြီးက နှင်ထုတ်လိုက်၏။ အမိန့်မနာခံသဖြင့် အဖမ်းခံကြရ၏။ မတရားအမိန့်ဖြစ်သောကြောင့် ဟိုက်ကုတ်တွင် အယူခံရာလွတ်လာ၏။ ဤသို့ အဖမ်းခံရသဖြင့်လည်း တို့ဗမာအစည်းအရုံးမှာ ပို၍ ထင်ရှားလာလေသည်။
ထို့နောက် တို့ဗမာအစည်းအရုံးကို သခင်ဗစိန်၊ သခင်သိန်းမောင်၊ သခင်ဟန်၊ သခင်လေးမောင်၊ သခင်ညီ၊ သခင်ထွန်းရွှေ စသည်တို့ ဆက်လက်ဆောင်ရွက်နေကြ၏။ သို့ဆောင်ရွက်နေရင်း သခင်ထွန်းအုပ်၊ သခင်ကံတင်၊ သခင်တင်မောင်၊ သခင်ဗို၊ သခင်ချန်ထွန်း၊ သခင်အောင်သန်း၊ သခင်ထွန်းဦး စသည်တို့ ဝင်ရောက်လာကြသည်သာမက အချို့မှာ သခင်အမည်မခံ တို့ဗမာအစည်းအရုံးကိုပင် မဝင်သေးသော်လည်း အားပေးလာကြသဖြင့် တစ်စတစ်စ အင်အားတိုးတက်လာလေသည်။ တို့ဗမာအစည်းအရုံးသည် အမျိုးသားနေ့၊ ဦးဝိစာရနေ့ စသော အထိမ်းအမှတ်နေ့ နိုင်ငံရေးတရားပွဲတို့တွင် ပါဝင်ဟောပြောကြသဖြင့်လည်း လူသိများလာ၏။ အခွန်ထမ်းတို့အရေး၊ အလုပ်သမားအရေး၊ တောင်သူလယ်သမား ဆင်းရဲသားတို့၏အရေးတို့ကို ဆောင်ရွက်ပေးသဖြင့်လည်း ထင်ရှားလာသည်။ တို့ဗမာအစည်းအရုံးဝင် လူငယ်အများအပြားမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းများ ဖြစ်ကြသည့်ပြင် တက္ကသိုလ်ကျောင်းသားသမဂ္ဂဝင်တို့နှင့် ရင်းနှီးကြသည်အားလျော်စွာ ထိုစဉ်က သမဂ္ဂလူကြီးများဖြစ်ကြသော ကိုနု (ဝန်ကြီးချုပ်)၊ ကိုအောင်ဆန်း(ကွယ်လွန်သူဗိုလ်ချုပ်)၊ ကိုလှဖေ (ဗိုလ်လက်ျာ)၊ ကိုလှရွှေ(ဗိုလ်လက်ျာ၏ညီ)၊ ကိုထွန်းစိန်(ဝတ်လုံတော်ရ)၊ ကိုသိန်းတင်(ညိုမြ)(အိုးဝေ)၊ ကိုဘဟိန်း (ကွယ်လွန်သူ)၊ ကိုသိန်းဖေ(သိန်းဖေမြင့်) အစရှိသူတို့နှင့် နိုင်ငံရေးတွင် အချို့နေရာ၊ အချို့ကိစ္စများ၌ လက်တွဲဆောင်ရွက်ခဲ့ကြလေသည်။ တို့ဗမာအစည်းအရုံးဝင် သခင်တို့သည် ခေတ်စာပေများကို လိုက်စားလေ့လာကြလျက် ပြင်သစ်သူပုန်အရေးတော်ပုံ၊ အိုင်းရစ်သူပုန်အရေးတော်ပုံ၊ ရုရှားသူပုန်အရေးတော်ပုံ၊ တရုတ်သူပုန်အရေးတော်ပုံတို့ကိုလည်း လေ့လာကြ၏။ တို့ဗမာအစည်းအရုံးသည် အရင်းရှင်၊ ဓနရှင်၊ နယ်ချဲ့ဝါဒကိုတိုက်ဖျက်၍ ဆင်းရဲသား၊ အလုပ်သမား လယ်သမား ပစ္စည်းမဲ့လူတန်းစားခေတ်ကို တည်ဆောက်မည့်လမ်းစဉ်ကို ချမှတ်ခဲ့လေသည်။
“ဗမာ” ဟူသော အသုံးအနှုန်း
("တို့" နောက်က) "ဗမာ" သည်မြန်မာများကိုရည်ညွန်းသောတရားဝင်အသုံးအနှုန်း (Formal Term) မဟုတ်ပေ၊ အမှန်စင်စစ်တရားဝင်အသုံးအနှုန်းသည် "မြန်မာ" ဖြစ်ပြီးဂျီစီဘီအေက၎င်း၏အမည်ဖြစ်သော "မြန်မာအသင်းချုပ်ကြီး" တွင်သုံးစွဲခဲ့သည်။ သို့သော်သခင်ဘသောင်းနှင့်အပေါင်းအဖော်များက၎င်းကိုအသံပျော့သည်ယူဆ။ မကြိုက်ကြ၊ အသံပြင်းပြင်းမာမာရှိစေရန်“ ဗမာ” ကိုအသုံးအနှုန်းအသစ်အဖြစ်တီထွင်ခဲ့ကြသည်။ [2]
တို့ဗမာအစည်းအရုံးဖွဲ့စည်းပြီးမရှေးမနှောင်းတွင်မြန်မာ့အလင်းသတင်းစာ၏စာတည်းချုပ်လည်းဖြစ်၊ အသက်ကြီးပိုင်းအမျိုးသားရေးသမားများကိုစွဲစွဲမြဲမြဲထောက်ခံသူလည်းဖြစ်သူ ဦးစိန်က "ဗမာ" အသုံးအနှုန်းသည်အစဉ်အလာဖြစ်သောမြန်မာစာလုံးပေါင်းသတ်ပုံကိုလုံးဝဥသုံယိုယွင်းပျက်စီးစေသည်ဟုရှတ်ချခဲ့သည်။ ထို့အပြင်သူ၏ မြန်မာ့အလင်းသတင်းစာမှတဆင့်ပြည်သူများအားမသင့်လျော်၊ မလျော်ကန်သောအမည်ပေးထားသည့်ထိုအဖွဲ့အစည်းတွင်မပါဝင်ကြရန်ဆော်သြရေးသားခဲ့သည်။[3] ထင်ရှားသောအသက်ကြီးပိုင်းအမျိုးသားရေးသမား ဦးဘဘေ (ဝိုင်အမ်ဘီအေအဖွဲ့ တည်ထောင်သူများမှ တစ်ဦး) သည်တို့ဗမာအစည်းအရုံးကိုဖော်ပြရာတွင်တို့“ဗမာ”အစား“ တို့မြန်မာ" ဟု ၁၉၃၀ ဆယ်စုနှစ်အလယ်ပိုင်းအထိသုံးစွဲခဲ့သည်။ [4]
သို့သော်လူငယ်အမျိုးသားရေးသမားများကသူတို့၏စိတ်ဓာတ်အင်အားကိုတက်ကြွစေသည်ဟုစွဲမြဲယုံကြည်သောကြောင့် ၄င်းတို့တီထွင်သောစာလုံးသစ်ကိုမစွန့်လွှတ်ကြပါ။ ထို့အပြင် "ဗမာ" ဝေါဟာရသည်မြန်မာပြည်အတွင်းမှီတင်းနေထိုင်ကြသောမွန်၊ ရခိုင်၊ ရှမ်း၊ ကရင်၊ ကချင်၊ ချင်းစသောလူနည်းစုအားလုံးအပါအဝင်မြန်မာအားလုံးကိုကိုယ်စားပြုကြောင်းသတ်မှတ်လာကြသည်။[5] ထို့အပြင်တို့ဗမာအစည်းအရုံးကိုထူထောင်သူတစ်ဦး ဖြစ်သောသခင်သိန်းမောင်ကရာဇဝင်များတွင် "မြန်မာ" ဟူသောဝေါဟာရကိုပြည်တွင်းအာဏာလုပွဲများတွင်လူနည်းစုများအပေါ်နှိမ်နင်းအနိုင်ယူသောလူများစုလူမျိုးအဖြစ်အစဉ်အလာအတိုင်းသုံးစွဲခဲ့ကြသည်။ "မြန်မာ" ဟူသောဝေါဟာရတွင်လူမျိုးများအကြားတွင်လူမျိုးရေးခွဲခြားမှုနှင့်ပဋိပက္ခသဘောဆောင်သောအကျိုးဆက်ရှိသည်ဟုထင်မြင်ကြသည်။ ထိုကြောင့်၎င်းတို့၏အသင်းကြီးအတွက် "ဗမာ' ဟူသောစာလုံးကိုရွေးချယ်ကြသည်ဟုပြောကြားခဲ့သည်။ ၎င်းတို့၏အဓိပ္ပာယ်ကောက်ယူချက်အရ“ တို့ဗမာ” ဟူသည်“ တို့အားလုံးဗမာ" ဟုတိုက်ရိုက်အဓိပ္ပာယ်ဆောင်ပြီး "မြန်မာနိုင်ငံအတွင်းနေထိုင်ကြကုန်သောစည်းလုံးညီညာသောရဲဘော်ရဲဘက်ပြည်သူများ" ဟုသွယ်ဝိုက်အဓိပ္ပာယ်ဆောင်သည်။[6][7]
ညီလာခံကျင်းပခြင်း
ပထမ သခင်ညီလာခံကွန်ဖရင့်
ထိုအချိန်က တိုင်းပြည်ရှိ သတင်းစာများနှင့်တကွ လူကြီးပိုင်း၏ အားပေးကူညီမှုကိုလည်း မရရှိကြသေး။ သခင်တရားပွဲများတွင် လက်ရှိနိုင်ငံရေးသမား လူကြီးများ၏အပြစ်ကို ဝေဖန်ထုတ်ဖော်ဟောပြောလေ့ရှိသဖြင့်လည်း လူကြီးတို့၏ ဝိုင်းပယ်ခံကြရ၏။ ထိုအတွင်း စာရေးဆရာကြီး မစ္စတာမောင်မှိုင်းအမည်ခံ ဆရာဦးလွန်းထံ ချဉ်းကပ်ကြ၏။ ဆရာကြီးကလည်း ဖျတ်ဖျတ်လတ်လတ်၊ ပြတ်ပြတ်သားသား ပြောဆို၍၊ ထောင်မကြောက်တန်းမကြောက် ရဲရဲဝံ့ဝံ့ ဆောင်ရွက်မည့်သူများကို အားပေးမည်ဟုဆိုကာ လက်ခံအားပေးလေသည်။ ဆရာကြီးပါလာလျှင်ပင် လူကြီးပိုင်းကလည်း ဂရုပြုလာ၏။
ဤသို့လျှင် တဖြည်းဖြည်း တစစ တိုးတက်လာရာ သက္ကရာဇ် ၁၂၉၆ ခု၊ တပေါင်းလတွင် တို့ဗမာအစည်းအရုံး၏ ပထမအကြိမ် သခင်ကွန်ဖရင့်ကြီးကို ရေနံချောင်းမြို့တွင် ကျင်းပနိုင်ခဲ့လေသည်။ ဆရာကြီး မစ္စတာမောင်မှိုင်းသည်လည်း ထိုအချိန်မှစ၍ သခင်ကိုယ်တော်မှိုင်းဟူသောအမည်ကို ခံယူလိုက်လေသည်။ သခင်ကွန်ဖရင့် အစည်းအဝေးကိုလည်း သခင်ညီလာခံဟု ကင်ပွန်းတပ်လေသည်။ ဤရေနံချောင်းသခင်ကွန်ဖရင့်ကိုလည်း အစိုးရက ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၁၄၄ နှင့် လူငါးယောက်ထက်ပို၍ မစုဝေးရဟု တားမြစ်ခံရသေး၏။
ဒုတိယအကြိမ် တို့ဗမာအစည်းအရုံး၏ ညီလာခံ
ဤသို့လျှင် ပထမညီလာခံကျင်းပပြီးသည်နောက် ဌာနချုပ်နှင့်တကွ နယ်အနှံ့စည်းရုံးရေးလုပ်ငန်းများမှစ၍ ကြိုးပမ်းလုပ်ဆောင်လာကြပြီးလျှင် ၁၂၉၈ ခု (၁၉၃၆ ခု၊ ဇွန်လ)သို့ရောက်သောအခါ တို့ဗမာအစည်းအရုံး၏ ဒုတိယအကြိမ်ညီလာခံကြီးကို မြင်းခြံမြို့၊ ကိုးဆောင်းကျောင်းတိုက်ကြီးအတွင်း၌ မဏ္ဍာပ်ကြီးဆောက်လုပ် ကျင်းပကြလေသည်။ ထိုညီလာခံတွင် သခင်ကိုယ်တော်မှိုင်းနှင့်တကွ သံဃာတော်များ၊ သာယာဝတီ၊ ပြည်၊ မင်းဘူး၊ မကွေး၊ စစ်ကိုင်း၊ ကျိုက္ခမီ၊ မန္တလေး၊ ရွှေဘို၊ မုံရွာ၊ ဖျာပုံ၊ ရန်ကုန်၊ အင်းစိန်၊ ပုသိမ်၊ မြင်းခြံစသော စီရင်စုများမှ ကိုယ်စားလှယ်များ တက်ရောက်ကြလျက်၊ တိုးတက်သိုက်မြိုက်စည်ကားလာလေသည်။ ဤညီလာခံအစည်းအဝေးကပင် ရောက်ရှိလာတော့မည့် ဗမာပြည်အုပ်ချုပ်ရေးသစ်ရွေးကောက်ပွဲတွင် အုပ်ချုပ်ရေးသစ်ကို တိုက်ဖျက်ပစ်ရန်အတွက် ဝင်ရောက်အရွေး ခံကြရန် ဆုံးဖြတ်ကြလေသည်။ ထိုညီလာခံ ပြီးဆုံးသည်နှင့်တပြိုင်နက် သခင်ဗစိန်၊ သခင်ညီ၊ သခင်အောင်သန်း၊ သခင်ထွန်းဦးနှင့် သခင်သိန်းတို့အား ညီလာခံမဏ္ဍာပ်မှာပင်လျှင် တရားဟောမှုနှင့် ဖမ်းလိုက်ပြန်ရာ တို့ဗမာအစည်းအရုံးမှာ ပိုမိုထင်ရှားသွားပြန်လေသည်။
တို့ဗမာအစည်းအရုံးနှင့်အုပ်ချုပ်ရေးသစ်
၁၉၃၅ ခု၊ မြန်မာနိုင်ငံအက်ဥပဒေအရ အိန္ဒိယပြည်နှင့် ဗမာပြည်ခွဲပြီးလျှင် ဗမာပြည်အားပေးအပ်မည့် အုပ်ချုပ်ရေးသစ် (ထိုအုပ်ချုပ်ရေးကို၊ ၉၁-ဌာနအုပ်ချုပ်ရေးဟူ၍လည်း ခေါ်ဆိုကြသည်) စတင်တော့မည်ဖြစ်ရာ ၁၉၃၆ ခု၊ နိုဝင်ဘာလတွင် ဤအုပ်ချုပ်ရေးသစ်အရ၊ ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲများ ကျင်းပကြပေတော့မည်။ တို့ဗမာအစည်းအရုံး၏ ဒုတိယအကြိမ် မြင်းခြံညီလာခံမှလည်း ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့သည်အတိုင်း ကိုယ့်မင်းကိုယ်ချင်းပါတီအမည်နှင့် သခင်အမတ်လောင်းများ ဝင်ရောက်အရွေးခံကြလေသည်။ သခင်သိန်းမောင်၊ သခင်မြ၊ သခင်အေး၊ သခင်ဗကွန်း၊ သခင်အံ့ကြီး၊ သခင်လှတင်၊ သခင်ဗဦး၊ သခင်ဗသန်းမှစ၍ သခင်အများ ဝင်ရောက်အရွေးခံကြသည့်အနက်၊ သခင်မြ၊ သခင်အံ့ကြီး၊ သခင်လှတင်တို့ သုံးဦးသာလျှင် မဲနိုင်၍ အမတ်ဖြစ်ကြသည်။
အခြားသခင်များမှာ အမတ်ပင်မဖြစ်သော်လည်း ရရှိသောမဲများမှာ မနည်းလှချေ။ ထိုရရှိသောမဲများကို ထောက်ဆ၍ တို့ဗမာအစည်းအရုံးနှင့် သခင်များကို လိုလားကြောင်း သိရှိရသည့်ပြင် ဤသို့ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြသဖြင့်လည်း တို့ဗမာအစည်းအရုံး၏ အင်အားမှာ သိသိသာသာကြီး တိုးတက်လာလေသည်။
တို့ဗမာအစည်းအရုံး၏ တတိယမြောက် သခင်ညီလာခံသဘင်ကို ပြည်မြို့၌ ၁၉၃ရ ခုနှစ်၊ မတ်လတွင်ကျင်းပပြုလုပ်ရာ ပရိသတ်မှာ အထူးပင်စည်ကားများပြားလှသည်။ ထိုညီလာခံအစည်းအဝေးမှ သခင်အမတ်များ လခယူရေး မယူရေးနှင့် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်သစ်များ ရွေးချယ်ရမည့်အရေးတို့ကိုပါ အကြိတ်အနယ် ဆွေးနွေးကြပြီးလျှင် သခင်အမတ်များ လစာငွေမယူကြရန် ဆုံးဖြတ်ကြလေသည်။
ထိုနောက် ဥက္ကဋ္ဌသစ်ရွေးကြရာတွင် သခင်သိန်းမောင်နှင့် သခင်ညီတို့ ယှဉ်ပြိုင်အရွေးခံကြရာ သခင်သိန်းမောင် အနိုင်ရရှိသွား၏။ ထိုညီလာခံတွင် သဘောကွဲလွဲမှုများ ဖြစ်ပေါ်လျက် မကျေနပ်ချက်များလည်း ပေါ်ထွက်ခဲ့လေသည်။ သခင်သိန်းမောင်နှင့် သခင်ဗစိန်တို့ အချင်းချင်း မသင့်သောကိစ္စလည်းရှိ၏။ သို့သော် အစစတို့ကို မျိုသိပ်ကာ ပြည်ဖုံးချလျက် ညီလာခံသဘင်အစည်းအဝေးကြီးမှာမူ အေးချမ်းသာယာစွာ ပြီးဆုံးခဲ့လေသည်။ ထိုညီလာခံပြီးသည်နောက် ဥက္ကဋ္ဌသစ်နှင့် အလုပ်အမှုဆောင်သစ်တို့သည် ဌာနချုပ်လုပ်ငန်းများကို ချမှတ်ကြသည်။ တို့ဗမာအစည်းအရုံးဌာနချုပ်လက်အောက်တွင် ‘ကိုယ့်မင်းကိုယ်ချင်းအဖွဲ့’ဟူသော ဥပဒေပြုလွှတ်တော်နှင့်တကွ ဒေသန္တရအဖွဲ့ဝင်ပုဂ္ဂိုလ်များ၏ အစုအဖွဲ့သည်၎င်း၊ ‘ဗမာ့လက်ရုံးတပ်’ဟူသော တို့ဗမာတပ်ဖွဲ့ကို၎င်း ဖွဲ့စည်းလိုက်ကြသည်။ တို့ဗမာလက်ရုံး တပ်တွင် ပင်ဖြူလှဖေ(ခေါ်) သခင်လှဖေက ဗိုလ်ချုပ်ပြုလုပ်၍၎င်း၊ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့တွင် သခင်မြက ခေါင်းဆောင်ပြု၍၎င်း ဆောင်ရွက်ကြရာ လက်ရုံးတပ်အင်အားလည်း တိုးတက်များပြားလာ၏။ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့ဝင်တို့သည် ဥပဒေပြုလွှတ်တော် စတင်စည်းဝေးသည့်နေ့မှာပင်လျှင် ဘုရင်ခံကြွရောက်လာသည်ကို အခြားပါတီဥပဒေပြု အမတ်တို့ကဲ့သို့ မတ်ရပ်ထကာ အရိုအသေမပြုခြင်း၊ နှုတ်မဆက်ခြင်းတို့ကို ပြောင်အတိအလင်း လုပ်ပြလိုက်ကြသဖြင့် ဥပဒေပြုလွှတ်တော်ရာဇဝင်တွင် မပေါ်ပေါက်ဘူးသေးသောအဖြစ်တို့ ပေါ်ပေါက်ကာ ကိုယ့်မင်းကိုယ့်ချင်း သခင်အမတ်တို့အပေါ်တွင် တိုင်းပြည်က အတော်ဂရုစိုက်လာကြလေသည်။
တို့ဗမာအစည်းအရုံးကြီး နှစ်ပက္ခကွဲပြီးလျှင် စတုတ္ထညီလာခံမှာ တကွဲတပြားစီဖြစ်သွားခြင်း
ဤသို့ တို့ဗမာအစည်းအရုံးကြီးအား တိုင်းပြည်နှင့်အဝှန်း အာရုံညွှတ်၍၊ အင်အားတိုးတက်ကြီးထွားလာစဉ်ပင်လျှင် ဖော်ပြခဲ့သည့် သခင်သိန်းမောင်နှင့် သခင်ဗစိန်တို့၏ မသင့်တင့်မှုသည် ရင့်မာကြီးထွားလာချေသည်။ နောက်ဆုံးတွင် သခင်သိန်းမောင်က သခင်ဗစိန်အား တို့ဗမာအစည်းအရုံးမှ ထုတ်ပစ်လေရာ ဥက္ကဋ္ဌသခင်သိန်းမောင်သည် အလုပ်အမှုဆောင်များနှင့် မတိုင်ပင်ဘဲ ထုတ်ပစ်သဖြင့် ထိုဥက္ကဋ္ဌအမိန့်သည် တရားဝင် မဝင် အလုပ်အမှုဆောင်တွင် အပြင်းအထန်ဖြစ်ကာ နှစ်ဘက်ဖြစ်သွားပြန်သည်။ ထိုမှတစ်ဖန် တစ်ပြည်လုံးရှိ တို့ဗမာအစည်းအရုံးတို့တွင် ဂယက်ရိုက်ကာ ဆူပွက်ကုန်ကြလေသည်။
ဤတွင် ဗမာပြည်လုံးဆိုင်ရာ အမှုဆောင်များက ဆရာကြီးသခင်ကိုယ်တော်မှိုင်းအားဆုံးဖြတ်ပေးရန် ပုံ၍ အာဏာကုန်လွှဲအပ်ကြလေသည်။ နောက်ဆုံး ဆရာကြီး၏အဆုံးအဖြတ်ကိုလည်း မနာယူကြသဖြင့် သခင်ဗစိန်တို့လူစုက သာယာဝတီ၊ သုံးဆယ်-ပန်းဆွဲ တွင်၎င်း၊ သခင်သိန်းမောင်တို့လူစုက မော်လမြိုင်မြို့တွင်၎င်း စတုတ္ထအကြိမ်ညီလာခံကို တကွဲတပြားစီ ကျင်းပကြလေသည်။ သာယာဝတီပန်းဆွဲညီလာခံတွင် ပန်းဆွဲဆရာတော်၊ ဆရာတော် ဦးကွာပိန္ဒဓိပတိ၊ ဆရာတော် ဦးဝါသဝ၊ ဦးဥတ္တမညီ ရှင်အရိယကြီး၊ သခင်ထွန်းအုပ်၊ သခင်ဗစိန်၊ သခင်အောင်သန်း၊ သခင်အေး၊ သခင်ညီ၊ သခင်ခင်အောင်၊ သခင်လှဖေ၊ သခင်ခ၊ သခင်ကျော်ရင်၊ သခင်ထွန်းဆိုင်၊ သခင်စောကြီး၊ သခင်အောင်ကြီး စသည်တို့ပါဝင်၍ မော်လမြိုင်ညီလာခံတွင် သခင်သိန်းမောင်၊ သခင်မြ၊ သခင်လေးမောင်၊ သခင်ထွန်းခင်၊ သခင်ထိပ်တင်ကိုယ်တော်ကြီး၊ သခင်လှဘော်၊ သခင်ဗမောင်ကြီး၊ သခင်သန်းထွန်း၊ သခင်ထွန်းစိန်၊ သခင်ဗရင်၊ သခင်စံထွန်းလှ စသည်တို့ ပါဝင်ကြလျက် တက္ကသိုလ်ကျောင်းမှထွက်၍ နိုင်ငံရေးလုံးလုံးလုပ်တော့မည်ဟု ဆုံးဖြတ်လာသူ သခင်အောင်ဆန်း၊ သခင်လှဖေ၊ သခင်တင်မောင်ကြီးစသော လူငယ်စုတို့လည်း တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ခဲ့ကြ၏။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းအားလည်း ပင့်ဆောင်ကာ ဆက်လက်လုပ်ဆောင်သွားကြ၏။
ဤတွင် တို့ဗမာအစည်းအရုံးကြီးမှာ ၂ ခုဖြစ်ကာ သခင်ကိုယ်တော်မှိုင်း တို့ဗမာအစည်းအရုံး၊ သခင်ဗစိန် တို့ဗမာအစည်းအရုံးဟုဖြစ်ပေါ်လာပြီးလျှင် နယ်အရပ်ရပ်ရှိ တို့ဗမာအစည်းအရုံးတို့လည်း ကွဲပြားကြလေကုန်၏။
ဒုတိယကမ္ဘာစစ်နှင့် တို့ဗမာအစည်းအရုံး
ဤသို့ တို့ဗမာအစည်းအရုံးကြီး နှစ်ခုဖြစ်ကာ လုပ်ဆောင်လာကြရာ လုပ်ငန်းဝါဒတို့သဘောမှာ ခြားနားခြင်းမရှိလှသဖြင့် ၁၃၀၀ ပြည့်တွင် ပေါ်ပေါက်လာသော ရေနံသပိတ်အရေးတော်ပုံ၊ ကျောင်းသားအရေးတော်ပုံ၊ တောင်သူလယ်သမားအရေးတော်ပုံတို့တွင် တို့ဗမာအစည်းအရုံး နှစ်ခုစလုံးကပင် ကူညီအားပေးရွက်ဆောင်ကြလေသည်။ ဤသို့လျှင် နိုင်ငံရေးရာတို့ကို အကြောင်းအားလျော်စွာ ရွက်ဆောင်လာကြရင်းပင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားမည့် အရိပ်အရောင်တို့လည်း ထွက်ပေါ်လာလေသည်။ တို့ဗမာအစည်းအရုံးကြီးသည်လည်း ဒုတိယကမ္ဘာစစ် ဖြစ်မည့်အရေးကို မျှော်တွေးကာ အာရုံစူးစိုက်လာကြသည်အားလျော်စွာ တို့ဗမာအစည်းအရုံးကြီးသည် ၁၉၄၁ ခုနှစ်တွင် ဂျပန်တို့နှင့် လျှို့ဝှက်ဆက်သွယ်ကြလေသည်။
ဤသို့ ဆက်သွယ်ရာတွင် အစည်းအရုံးကြီး ၂ ခုရှိလေရာ သခင်ကိုယ်တော်မှိုင်းအစည်းအရုံးသည် ဂျပန်ကြည်းတပ်မတော်နှင့်၎င်း၊ သခင်ဗစိန် တို့ဗမာအစည်းအရုံးကမူ ဂျပန်ရေတပ်မတော်နှင့်၎င်း အဆက်အသွယ်ပြုလုပ်ကြပြီးလျှင် ဂျပန်ပြည်သို့ တိတ်တဆိတ် လူငယ်ကိုယ်စားလှယ်များ စေလွှတ်ကြလေသည်။ ဗမာပြည်တွင်ရှိနေသော တို့ဗမာအစည်းအရုံးဝင် အမြောက်အမြားတို့လည်း ကာကွယ်ရေးဥပဒေနှင့် အဖမ်းအဆီးခံကြရသည်။
ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွား၍ ဂျပန်စစ်တပ်နှင့် ရဲဘော်သုံးကျိပ်ပါရှိလာခြင်း
တို့ဗမာအစည်းအရုံးတို့မှ လျှို့ဝှက်စေလွှတ်လိုက်သော လူငယ်များသည် ဂျပန်ပြည်တွင် စစ်လေ့ကျင့်ခဏ်းများ ယူလျက် ဗိုလ်မိုဃ်းကြိုးခေါင်းဆောင်ကာ ဗမာ့လွတ်လပ်ရေး တပ်မတော်ဟူသောအမည်ဖြင့် ဂျပန်တို့နှင့်အတူ ယိုးဒယားမှ ဗမာပြည်သို့ တိုက်ခိုက်ဝင်ရာက်လာကြလေသည်။ ဗမာနယ်အတွင်းသို့ ရောက်သောအခါ ရဲဘော်တို့သည် တရားဟောကာ တပ်သားစုဆောင်းလာသဖြင့် ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီ၊ အိုင်၊ အေ)သို့ ဝင်ရောက်လာကြသူတို့မှာ အထူးများပြားလာသည်သာမက၊ ရောက်လေရာအရပ်တိုင်းတို့ကလည်း ဗမာ့တပ်မတော်အား အထူးကြိုဆိုကြလေသည်။ ဤသို့လျှင် ဂျပန်ပြည်သို့ လျှို့ဝှက်စွာသွားရောက်ပြီး ဗမာ့လွတ်လပ်ရေးအတွက် ချီတက်လာကြသော ရဲဘော်သုံးကျိပ်တို့မှာ-
သခင်ဗစိန်တို့ အစည်းအရုံးမှ
သခင်ထွန်းအုပ်၊ ဗိုလ်စကြာ၊ ဗိုလ်နေဝင်း၊ ဗိုလ်စောအောင်၊ ဗိုလ်မြင့်ဆွေ၊ ဗိုလ်ဘုန်းမြင့်၊ ဗိုလ်စောနောင်၊ ဖော်မိုဆာတွင်ကျဆုံးသူ သခင်သန်းတင်(ဗိုလ်ရာမာဒါ)နှင့် ဗိုလ်မိုးညိုတို့ဖြစ်ကြသည်။
သခင်ကိုယ်တော်မှိုင်း အစည်းအရုံးမှ
ဗိုလ်တေဇ(ကွယ်လွန်သူဗိုလ်ချုပ်အောင်ဆန်း)၊ ဗိုလ်လက်ျာ၊ ဗိုလ်ရန်နိုင်၊ ဗိုလ်ရန်အောင်၊ ဗိုလ်ဇေယျ၊ ဗိုလ်မိုး၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်လရောင်၊ ဗိုလ်မင်းခေါင်၊ ဗိုလ်ဗလ၊ ဗိုလ်ညာဏ၊ ဗိုလ်မြဒင်၊ ဗိုလ်မင်းရောင်၊ ဗိုလ်မြင့်အောင်၊ ဗိုလ်လင်းယုန်၊ ဗိုလ်ဇင်ယော်၊ ဗိုလ်အောင်၊ ဗိုလ်ကျော်ဇော၊ ဗိုလ်တာရာ၊ ဗိုလ်ကျော်ဇော၊ ဗိုလ်ထိန်ဝင်း၊ ဗိုလ်တောက်ထိန်တို့ ဖြစ်ကြလေသည်။
ဂျပန်ခေတ် တို့ဗမာအစည်းအရုံး
၁၉၄၂ ခုနှစ်တွင် ဂျပန်တပ်မတော်နှင့်တကွ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီ၊ အိုင်၊ အေ)တို့ မြန်မာပြည်သို့ တိုက်ခိုက်ဝင်ရောက်လာသောအခါ အင်္ဂလိပ်စစ်တပ်တို့သည် မြန်မာပြည်မှဆုတ်ခွာ၍ အိန္ဒိယပြည်သို့ ပြေးကြလေကုန်၏။ ဆုတ်ပြေးကြသည့် အင်္ဂလိပ်တပ်များ၏နောက်က ထပ်ကြပ်မကွာလိုက်၍ တိုက်ခိုက်ကြရာတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဦးစီးကွပ်ကဲရလေသည်။ တိုက်ခိုက်သိမ်းပိုက်ပြီးသော နယ်အရပ်ရပ်ကို ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်ရန်အတွက် သခင်ထွန်းအုပ်က ခေါင်းဆောင်ရ၏။ သခင်ထွန်းအုပ်သည် နယ်အရပ်ရပ်တွင် ငြိမ်ဝပ်ပိပြားရေးအဖွဲ့များ(ပီ၊ ပီ၊ စီ)များဖွဲ့ကာ ထိန်းသိမ်းအုပ်ချုပ်သွားလေသည်။ မြန်မာတစ်ပြည်လုံးကို သိမ်းပိုက်မိသောအခါ၊ ဂျပန်တပ်မတော်သည် ဆင်းရဲသားအဖွဲ့ခေါင်းဆောင်ကြီး ဒေါက်တာဘမော်အား ရှာဖွေပြီးလျှင် တို့ဗမာ သခင်ခေါင်းဆောင်များနှင့်ပေါင်းလျက် စစ်အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းအုပ်ချုပ်စေသည်။ ထိုအချိန်တွင် တို့ဗမာအစည်းအရုံးနှင့် ဆင်းရဲသားအဖွဲ့တို့မှတစ်ပါး အခြားသောအဖွဲ့တို့မှာ ပျောက်ကွယ်လုမတတ်ရှိလေရာ ထိုနှစ်ဖွဲ့ကို ပေါင်းစပ်လိုက်ပြီးလျှင် တို့ဗမာဆင်းရဲသား အစည်းအရုံးဟု တည်ထောင်လိုက်ကြလေသည်။ ထိုအစည်းအရုံးဌာနချုပ် အကြီးအကဲမှာ သခင်နု (ယခုဝန်ကြီးချုပ်ဦးနု) ဖြစ်လေသည်။ ထို့နောက် ယင်းအစည်းအရုံးသည် မဟာဗမာအစည်းအရုံး ဖြစ်လာလေသည်။
ဂျပန်တော်လှန်ရေး
ဤသို့လျှင် မြန်မာပြည်၌ ဂျပန်စစ်လက်အောက်ခံ အစိုးရတို့အုပ်ချုပ်နေရာမှ၊ ၁၉၄၃ ခု၊ ဩဂုတ်လ ၁ ရက်နေ့သို့ ရောက်သောအခါ ဂျပန်က မြန်မာပြည်အား လွတ်လပ်ရေးကို ကမ္ဘာသိကြေငြာပေးအပ်သဖြင့် မြန်မာပြည်သည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်တိုင်းပြည် ဖြစ်လာလေသည်။ ထိုလွတ်လပ်သော မြန်မာပြည်အုပ်ချုပ်ရေးတွင် ဒေါက်တာဘမော်အား နိုင်ငံတော်အဓိပတိ တင်မြှောက်၍ အဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များပါဝင်သော အစိုးရအဖွဲ့ကို ဖွဲ့စည်းလေသည်။ ထိုအစိုးရအဖွဲ့တွင် သခင်ထွန်းအုပ်နှင့် သခင်ဗစိန်တို့ မပါဘဲရှိသဖြင့် တို့ဗမာအစည်းအရုံးဝင် အချို့သည် မကျေမနပ်ရှိကြလေကုန်၏။ နောက်ဆုံးတွင် ယင်းတို့နှစ်ယောက်မှာ ရှိုနန်ခေါ် စင်္ကာပူမြို့သို့ ရောက်သွားကြလေသည်။ လွတ်လပ်ရေးကို ကမ္ဘာသိကြေငြာ၍ ပေးအပ်စေကာမူ ဂျပန်တို့၏ ရက်စက်ကြမ်းကြုတ်သော ဖက်ဆစ်အပြုအမူတို့ကို ကျိတ်မှိတ်ခံနေကြရသော မြန်မာတို့မှာ အချိန်ကောင်းကို စောင့်မျှော်လျက်ရှိကြ၏။
၁၉၄၅ ခုနှစ်သို့အရောက်တွင်မူ ဂျပန်တို့စစ်ရေးနှိမ့်ကာ မဟာမိတ်တပ်တို့သည် မြန်မာပြည်သို့ပြန်လည်တိုက်ခိုက် ဝင်ရောက်လာကြလေသည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်နေဝင်း၊ သခင်သန်းထွန်း၊ သခင်စိုး၊ သခင်ဗဟိန်း၊ သခင်ဗိုလ်စသော လူငယ်များသည် မဟာမိတ်တပ် တို့နှင့်ဆက်ကာ ဂျပန်တို့အားတော်လှန်၍ မြန်မာပြည်မှ မောင်းထုတ်ကြပြန်သည်။ ဂျပန်တို့ မြန်မာပြည်မှ လုံးဝထွက်ပြေးဆုတ်ခွာကြရသောအခါ အင်္ဂလိပ်မဟာမိတ်တပ်များ ဝင်ရောက်လျက် ကက်စဘီခေါ် စစ်ဘက်မြို့ပြအုပ်ချုပ်ရေးအဖွဲ့များက အုပ်ချုပ်ကြလေသည်။
ဂျပန်တော်လှန်ရေးပြီး အခြေအနေ
ထိုအချိန် ၁၉၄၅ ခုနှစ်တွင် ရန်ကုန်မြို့၌ရှိနေကြသော တို့ဗမာအစည်းအရုံးဝင် သခင်ဟောင်းများဖြစ်သူ သခင်လေးမောင်၊ သခင်အေး၊ သခင်သိန်းမောင်၊ သခင်ဗသောင်း၊ သခင်ညီ၊ သခင်ကျော်စိန်၊ သခင်မြင့်၊ သခင်ဗရန်၊ သခင်ဗရင်၊ သခင်ခင်မောင် စသည်တို့သည် သခင်ကိုယ်တော်မှိုင်းအား ဥက္ကဋ္ဌတင်ပြီးလျှင် တို့ဗမာအစည်းအရုံးဌာနချုပ်ကို ပြန်လည်ဖွင့်လှစ်ကာ ဆက်လက်ဆောင်ရွက်ကြလေသည်။ သခင်အောင်ဆန်း၊ သခင်မြ၊ သခင်သန်းထွန်းစသည့် သခင်ဟောင်းတို့ကမူ တို့ဗမာအစည်းအရုံးတွင် ဆက်လက်ပါဝင်ခြင်းမပြုတော့ဘဲ (ဖ၊ တ၊ ပ၊ လ) ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ ဟူသောအမည်မှ (ဖ၊ ဆ၊ ပ၊ လ) ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ဟူသော အမည်သို့ ပြောင်းယူကာ ပါတီအလိုက်ရော တစ်ဦးချင်းပါ ပါဝင်နိုင်သောအဖွဲ့ချုပ်ကို ဖွဲ့စည်းလိုက်၏။
တို့ဗမာအစည်းအရုံးကလည်း ဖ၊ ဆ၊ ပ၊ လ နှင့်ဆက်သွယ်လိုက်ကြ၏။ သို့သော် မကြာမီပင် သဘောကွဲကာ ဖ၊ ဆ၊ ပ၊ လ မှ နုတ်ထွက်လိုက်ကြလေသည်။ ဗြိတိသျှအစိုးရသည် ကက်စဘီအစိုးရကို ရုပ်သိမ်းပြီးနောက် ဘုရင်ခံဟောင်းဖြစ်သူ ဆာဒေါ်မန်စမစ်အား ၁၉၃၅ ခုနှစ်၊ မြန်မာပြည်အုပ်ချုပ်ရေးဥပဒေအရ အုပ်ချုပ်စေသည်။ ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် ဗမာပြည်အား ဒိုမီနီယန်လွတ်လပ်ရေးပေးအပ်ရန် လာပါသည်ဟုဆိုကာ ပြည်သူတို့အား ဖိတ်ခေါ်လေရာ တို့ဗမာအစည်းအရုံးသည် ထိုအုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်ဆောင်ရွက်လေသည်။ သခင်ရန်အောင်သည် ဝန်ကြီးအဖြစ်၎င်း၊ သခင်ညီ၊ သခင်အေး၊ သခင်ကျော်စိန်၊ သခင်လူထွန်းတို့သည် ဥပဒေပြုအမတ်များအဖြစ်နှင့်၎င်း ဆောင်ရွက်ကြ၏။ မကြာမီ သခင်ထွန်းအုပ် ပြန်လည်ရောက်ရှိလာရာ သခင်ထွန်းအုပ်လည်း ဝန်ကြီး တစ်နေရာက ပါဝင်ဆောင်ရွက်လေသည်။ ဤသို့လျှင် ဆာဒေါ်မန်စမစ်အုပ်ချုပ်ရေး လုပ်ကိုင်နေစဉ် ဗမာနိုင်ငံပုလိပ်အဖွဲ့ကြီးနှင့် အမှုထမ်းပေါင်းစုံအဖွဲ့ကြီးတို့၏ သပိတ်အရေးတော်ပုံများ ပေါ်ပေါက်လာရာ ဗြိတိသျှအစိုးရသည် ဘုရင်ခံ ဆာရယ်ဂျီနယ် ဒေါ်မန်စမစ်အား ပြန်၍ခေါ်ရလေတော့သည်။ ယင်း၏ နေရာတွင် ဘုရင်ခံအဖြစ် ဆာဟင်နရီနိုက် ခေတ္တရောက်ရှိလာပြီးမကြာမီပင်လျှင် ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် ရောက်လာလေတော့၏။
ဆာ ဟူးဘတ်ရန့်စ် ရောက်ရှိလာပြီး မကြာမတင်ပင် (ဖ၊ ဆ၊ ပ၊ လ)နှင့်စေ့စပ်၍ ဗိုလ်ချုပ်အောင်ဆန်းအား အစိုးရအဖွဲ့ဖွဲ့ရန် လွှဲအပ်လေသည်။ ဗိုလ်ချုပ်အောင်ဆန်း အစိုးရဖွဲ့သောအခါ တို့ဗမာအစည်းအရုံး၏ ကိုယ်စားလှယ်အဖြစ် ဂျာဗားမှ ပြန်လည်ရောက်ရှိလာသော သခင်ဗစိန်အား ဝန်ကြီးအဖွဲ့တွင် ထည့်သွင်းခန့်ထားလေသည်။ ထိုအချိန်တွင် တို့ဗမာအစည်းအရုံးကြီး၏ အာဘော်ဖြစ်သော နေ့စဉ်ထုတ် သခင်သတင်းစာကို သခင်အေးနှင့် သခင်ထွန်းအုပ်တို့က တာဝန်ယူထုတ်ဝေကာ အရေးကြီးသော နိုင်ငံရေးကိစ္စ အဝဝတို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားလျက်ရှိလေသည်။ နောက်များမကြာမီ ၁၉၄၇ ခုနှစ်တွင်၊ ဗမာ့လွတ်လပ်ရေးကိစ္စအတွက် ဆွေးနွေးရန် ဗြိတိသျှအစိုးရက ဘိတ်ခေါ်လေရာ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဖေ၊ ဂဠုံဦးစော၊ ဦးတင်ထွဋ်တို့နှင့်အတူ တို့ဗမာအစည်းအရုံး၏ ကိုယ်စားလှယ်အဖြစ် သခင်ဗစိန်လည်း လိုက်ပါသွား၇လေသည်။ ထိုလန်ဒန်ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် သဘောကွဲလွဲကြလေရာ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်နှင့် တပြိုင်နက် တို့ဗမာအစည်းအရုံး သခင်ဗစိန်သည် ဗိုလ်ချုပ်အောင်ဆန်း (ဖ၊ ဆ၊ ပ၊ လ)အစိုးရအဖွဲ့မှ နုတ်ထွက်လိုက်လေသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဆာမောင်ကြီး၊ ဗိုလ်မှူးအောင်၊ မြို့မ-ဦးသန်းကြွယ်၊ အခြားတိုင်းရင်းသားခေါင်းဆောင်များနှင့်အတူ ပင်လုံညီလာခံတွင် တက်ရောက်ခဲ့ပြီး၊တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးဖော်ဆောင်သည့် ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့သည်။
ထို့နောက် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့သို့ ရောက်သောအခါ ဗိုလ်ချုပ်အောင်ဆန်းအစိုးရအဖွဲ့မှာ လူသတ်သမားတို့လက်ချက်ဖြင့် အစိုးရအဖွဲ့ဝင် ဝန်ကြီး ၆ ဦး၊ အမှုထမ်း ၂ ဦးတို့နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းပါ ကွယ်လွန်ကြရရှာလေသည်။
လွတ်လပ်ရေးရရှိပြီး နောက်ပိုင်း
ဗြိတိသျှအစိုးရသည် ဖ၊ ဆ၊ ပ၊ လ ဒုတိယဥက္ကဋ္ဌ သခင်နုအား အစိုးရဖွဲ့ရန် အပ်နှင်းပြီးလျှင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့သို့ ရောက်ရှိသောအခါ မြန်မာပြည်အား လွတ်လပ်သောပြည်ထောင်စုသမ္မတနိုင်ငံတော်ဟူ၍ ကမ္ဘာသိကြေငြာပေးအပ်လေ၏။ တို့ဗမာအစည်းအရုံးသည်ကား အတိုက်အခံအစည်းအရုံးအဖြစ် ဆက်လက်တည်ရှိလျက် အစည်းအရုံးဝင်သခင်ဟောင်းအချို့တို့သည် တို့ဗမာအစည်းအရုံးမှ ဖယ်ခွာ၍ အဖွဲ့သစ်များတည်ထောင်သွားကြကုန်သော်လည်း သခင်ဟောင်း အချို့တို့သည်ကား တို့ဗမာအစည်းအရုံးဟူသောအမည်ဖြင့် ယခုတိုင် ဆက်လက်လုပ်ဆောင်လျက် ရှိကြလေသတည်း။
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)
- တို့ဗမာအစည်းအရုံးသမိုင်း၊ ၁၉၇၆။ စာမျက်နှာ ၁၂၇ မှ ၁၃၂ အထိ
- တို့ဗမာမှတ်တမ်း၊ အတွဲ ၁ အမှတ် ၂ စာ ၂
- တို့ဗမာမှတ်တမ်း၊ အတွဲ ၁ အမှတ် ၂ စာ ၃
- သူရိယ၊ ရက်စွဲ ၂၄ ဇူလိုင် ၁၉၃၆ စာ ၁၁-၂ ၂၇ ဇူလိုင် ၁၉၃၆ စာ ၅၀၊ ၃၁ ဇူလိုင် ၁၉၃၆ စာ ၁၃-၄
- (က) တို့ဗမာအစည်းအရုံးနှင့်မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်များအသင်းကြီး၏ဒုတိယအကြိမ်မြောက်နှစ်ပတ်လည်ညီလာခံတွင်ပြောကြားသောဥက္ကဌသခင်လေးမောင်၏မိန့်ခွန်း၊ မြင်းခြံ ၁၉၃၆ (ရန်ကုန် ၁၉၃၆) စာ ၁၀ (ခ) တို့ဗမာအစည်းအရုံး၊ ဗမာဝါဒနှင့်စည်းမျဉ်းဥပဒေ (၁၉၃၇? ပထမအကြိမ်ပုံနှိပ်သည်။ ရည်ညွန်းရန်ကုန်၊ မြန်မာရုပ်ရှင်၊ ၁၉၃၉) စာ ၁၁-၂
- ခင်မောင်လတ် (ed ။ ) မီးတုတ်သခင်သိန်းမောင်ကြီး စာ ၅၄
- မြန်မာအမျိုးသားရေးလှုပ်ရှားမှုတွင်တို့ဗမာအစည်းအရုံးနှင့်သခင်များပေါ်ပေါက်လာပုံ (ဇော်စိုးဝင်း) ရင်းမြစ်: လူသားမျိုးနွယ်နှင့်လူမှုသိပ္ပံဂျာနယ်၊ လူသားမျိုးနွယ်နှင့်လူမှုသိပ္ပံဘွဲ့လွန်ကျောင်း၊ အိုကာယာမားတက္ကသိုလ်၊ ဂျပန်