ပျူမြို့ပြနိုင်ငံများ

ပျူမြို့ပြနိုင်ငံများ (အင်္ဂလိပ်: Pyu city-states ဆိုသည်မှာ ဘီစီ ၁၀၀ မှ အေဒီ ၈၄၀ နှစ်အတွင်း ယခုခေတ် (မြန်မာ)၏ အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် တွေ့ရှိရသော မြို့ပြများ အစုအဝေးကို ရည်ညွှန်းသည်။ "ပျူ"ကို Pyuu (ပျူး) (သို့) Pyus (ပျူစ်) ဟုလည်းဆို၍ တရုတ်တို့က 'ဖျောက်' (Pyao) ဟုမှတ်တမ်းတင်ခဲ့ကြသည်။ ပျူသမိုင်းကို အဓိက သမိုင်းကြောင်း နှစ်ခုအားဖြင့် သိရသည်- ကျောက်ထွင်းစာများတွင် တွေ့ရသော ပျူတို့၏ ယဉ်ကျေးမှု လက်ကျန်အရ သော်လည်းကောင်း (အချို့ကို ပါဠိဘာသာ ဖြင့်တွေ့ရသည်။ သို့ရာတွင် အချို့ကို ပျူအရေးအသားမူ သို့မဟုတ် ပျူဘာသာအခွဲဖြစ်သော ဂုပ္ပတအရေးအသား အဖြစ်တွေ့ရသည်)၊ တရုတ်ပြည်အင်ပါယာသမိုင်းတွင် ထိန်းသိမ်းထားသော တရုတ်ခရီးသွားများနှင့် ကုန်သည်အချို့၏ မှတ်တမ်းတိုများ အားဖြင့်လည်းကောင်း သိရသည်။

အရေးပါသော ပျူမြို့ပြနေရာများအား မြေပုံပေါ်တွင် တွေ့ရပုံ

ပျူတို့သည် နောက်ပိုင်းတွင် ဗမာမျိုးနွယ်စုများ၏ တစ်စိတ်တပိုင်းဖြစ်လာသော တရုတ်-တိဘက်များနှင့် လူမျိုးကွဲ ထိမ်းမြားလက်ထပ်ခြင်းများ ရှိသော်လည်း ဗမာ(ဗမာလူမျိုး) နှင့် မတူကွဲပြားသော လူမျိုးစုဖြစ်သည်ဟု ယုံကြည်ရဖွယ်ရှိသည်။ ဗမာ သို့မဟုတ် ဗမာ မျိုးနွယ်ကို တည်ထောင် ဖြစ်ပေါ်လာစေသော ဘိုးဘေး သုံးဦးအနက် တစ်ခုဖြစ်သော ပျူတို့သည် ဖော်ပြပါ အုပ်စုသုံးစု၏ ရောနှောမှုမှ ဖြစ်ပေါ်လာသည်ဟု ယုံကြည်ကြသည်-(၁) ကျောက်ခေတ်၊ ကြေးဝါခေတ်နှင့် သံခေတ်တို့ကတည်းက ထင်ရှားမှုမရှိသော ဒေသတွင်း နေထိုင်သူအနည်းစု၊ (၂) ဟိန္ဒူဘာသာဗုဒ္ဓဘာသာ တို့နှင့်အတူ ၎င်းတို့၏ ယဉ်ကျေးမှုနှင့် စာပေတို့ကိုတပါတည်း သယ်ဆောင်လျက် ဆက်တိုက် ဝင်ရောက်လာသော အိန္ဒိယနိုင်ငံမှ ပြောင်းရွှေ့အခြေချ ဝင်ရောက်လာသူများနှင့် (၃) နောက်ဆုံးအုပ်စုမှာ မြောက်ဘက်မှ ဝင်ရာက်လာသည်ဟု ယုံကြည်ရသော တိဘက်တို-ဘားမင်း အုပ်စုတို့ဖြစ်သည်။[1]

ရှေးဦး အခြေချနေထိုင်မှု

နောင်တွင် ဗမာဟု ခေါ်တွင်သည့် ဒေသသို့ ပျူတို့သည် BC ၁ ရာစု သို့မဟုတ် ထို့ထက်စော၍ ရောက်ရှိလာပြီး မြို့ပြနိုင်ငံများဖြစ်သည့် ဘိန္နက၊ မွန်ဂါမို၊ သရေခေတ္တရာ၊ ဗိဿနိုးမြို့၊ မြောက်ဘက်ရှိ ကွတ်ခိုင်၊ သံလွင်မြစ် အရှေ့ဘက်ခြမ်းရှိ ဟန်လင်းကြီး၊ အရှေ့မြောက်ဘက်၌သံတွဲနှင့် အရှေ့ဘက်ရှိ ရိုးမမြို့ပြနိုင်ငံများတို့ကို တည်ထောင်ခဲ့သည်။ [2] ပျူတို့သည် မြို့များကို တည်ထောင်ခဲ့ရာ ၎င်းတို့မှာ AD ၄-၈ ခုနှစ်တွင် သရေခေတ္တရာ(ပြည်)၊ မိုင်းမော၊ ဗိဿနိုး (အမှန်စင်စစ် ဟိန္ဒူနတ်ဘုရား ဗိဿနိုးကို အစွဲပြု ခေါ်ဆိုခြင်း ဖြစ်သည်) (ခမာတပ်များ AD၂၁၀ မှ ၂၂၅ ထိ သိမ်းပိုက်ထားခဲ့သည်)၊ AD ၁ မှ ၄ ခုနှစ်တွင် တောင်တွင်းကြီး၊ AD ၂ မှ ၉ ခုနှစ်တွင် ဟန်လင်း (ဝက်လက်)၊ (ဟန်လင်းကြီး)၊ တကောင်း(သပိတ်ကျင်း)၊ ဝတီ(နထိုးကြီး)၊ မိုင်းမော(ပင်းလေး)(မြစ်သား)၊ ဘိန္နက(ပျော်ဘွယ်) တို့ဖြစ်သည်။[2] ထိုခေတ်ကာလတွင် မြန်မာနိုင်ငံသည် တရုတ်မှ အိန္ဒိယသို့ ကုန်းလမ်းခရီး ကုန်သွယ်လမ်း တစ်စိတ်တစ်ဒေသ ဖြစ်ခဲ့သည်။ သက္ကရာဇ် ၉၇ မှ ၁၂၁ ထိ တရုတ်နိုင်ငံဆိုင်ရာ ရောမသံတမန်များသည် ခရီးသွားရာ၌ ဗမာနိုင်ငံကို ဖြတ်သော ကုန်းလမ်းခရီးကို ရွေးချယ်ခဲ့ကြသည်။ သို့သော်လည်း ပျူတို့သည် သရေခေတ္တရာသို့ သွားရန် ဧရာဝတီမြစ်တလျောက် အခြားလမ်းတစ်ခု၊ အနောက်ဖက်၌ အိန္ဒိယသို့သွားရန်နှင့် အရှေ့ဘက်၌ အရှေ့တောင်အာရှ ကျွန်းဆွယ်သို့သွားရန် ရေလမ်းခရီးကိုလည်းကောင်း လမ်းဖွင့်ပေးခဲ့သည်။

ပျူမြို့ပြနိုင်ငံများနှင့် ၎င်းတို့၏ အိမ်နီးချင်းများကို ပြသော AD ၈၀၀ အာရှတိုက်မြေပုံ

ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ

တရုတ်သမိုင်း အထောက်အထားများက ပျူတို့သည် တိုင်းနိုင်ငံ ၁၈ ခုကို ချုပ်ကိုင်ခဲ့ပြီး ကြင်နာ၍ အေးချမ်းသော လူမျိုးများဟူ၍လည်းကောင်း၊ လှပတင့်တယ် ကျက်သရေရှိသော ပျူလူမျိုးဟူ၍ လည်းကောင်း မှတ်တမ်းတင်ခဲ့သည်။ ပျူတို့ကြားတွင် ခိုက်ရန်ဖြစ်ပွားသည်ဟု မှတ်တမ်း မရှိသလောက်ပင် ဖြစ်သည်။ အငြင်းပွားမှုများကို ကြီးကြပ်သူများပါသော နှစ်ဦးရင်ဆိုင် တိုက်ခိုက်ခြင်း သို့မဟုတ် ပြိုင်ပွဲများ ပြုလုပ်ခြင်းအားဖြင့် ဖြေရှင်းကြသည်။ ပျူတို့သည် ပိုးထည်အစစ်အစား ပိုးထည်ကဲ့သို့ ပျော့ပြောင်းနူးညံ့သော လက်ပံပင်လျှော် (ပိုးချည်ထည်)နှင့် ယက်လုပ်သော အဝတ်အထည်များကို ဝတ်ဆင်ကြသည်။ ထိုသို့အားဖြင့် ပိုးချည်ထုတ်သော ပိုးကောင်လေးများကိုသတ်ရန်မလိုတော့ပေ။ ပြစ်မှုကျူးလွန်ပါက ကြိမ်ဒဏ်ပေးပြီး ကြီးမားသော ပြစ်မှုများကျူးလွန်ပါက သေဒဏ်ကျရောက်သော်လည်း ထောင်ရှိသည်ဟု သိမှတ်ရခြင်းမရှိပါ။ ပျူတို့သည် ထေရဝါဒ ဗုဒ္ဓဘာသာဝင်များဖြစ်သည်။ ကလေးအားလုံးသည် ဘုန်းတော်ကြီးကျောင်းများတွင် အသက် ခုနစ်နှစ်မှ နှစ်၂၀ အတွင်း သာမဏေ ဘဝဖြင့် ပညာသင်ဆည်းပူးကြသည်။

မြန်မာနိုင်ငံတွင်တွေ့ရှိရသည့် ဟန်လင်းဗိဿနိုး၊ သရေခေတ္တရာပျူမြို့ဟောင်းများသည် ဗုဒ္ဓဘာသာကိုအခြေခံ၍ တည်ထောင်ခဲ့သည့် မြို့ပြနိုင်ငံများဖြစ်သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံအတွက်သာမက အရှေ့တောင်အာရှဒေသဆိုင်ရာအတွက်ပါ အရေးပါသော ဗုဒ္ဓဘာသာကိုအခြေပြုသည့်အားလျော်စွာ ထင်ရှားကျန်ရှိနေသော ပျူခေတ်စေတီကြီးများ၊ ဗိသုကာလက်ရာမြောက် ဂူဘုရားများ၊ စာပေအထောက်အထားများဖြစ်သည့် ကမ္ဗည်း တံဆိပ်၊ အရိုးအိုးစာ၊ ပိဋကတော်ကောက်နုတ်ချက်ပါ ရွှေပေလွှာများ (ခင်ဘကုန်းမှတူးဖော်ရရှိ၊ တန်ဖိုးကြီးမား၍ နိုင်ငံတော်အဆင့် သိမ်းဆည်းထား) ကျောက်စာများ၊ အေဒီ ၂ ရာစုမှ ၉ ရာစုခန့်ထိတွေ့ရသော ကျောက်ဆစ်လက်ရာများ၊ ကျောက်ဆစ်ရုပ်ကြွင်းများ၊ အနုသုခုမ ဆိုင်ရာ ကြေးရုပ်ငယ်များ၊ ငွေဒင်္ဂါးများ၊ ပျူအမှတ်အသား၊ စာအရေးအသားနှင့် လက်ရေးစင်းရာပါထင်ရှားသည့် အုတ်ချပ်များ၊ မြို့ပြအသွင်သဏ္ဌာန်နှင့် လက္ခဏာရပ် များသည် ပျူယဉ်ကျေးမှုအမွေအနှစ်တန်ဖိုး များပင်ဖြစ်သည်။

ထို့ပြင် နန်းတော်တည်နေပုံ၊ မြို့ရိုး၊ တံတိုင်း၊ ကျုံး၊ မြို့ဝင်ပေါက်တံခါးများ၊ ရေအသုံးချမှုစနစ်နှင့် ရေသွင်းစိုက်ပျိုးသောစနစ်များစသည့် အရှေ့တောင်အာရှဒေသဆိုင်ရာအတွက် အရေးပါသောပြောင်းလဲမှုအဖြစ် ဗုဒ္ဓယဉ်ကျေးမှုကိုအခြေပြုသည့် မြို့ပြဆိုင်ရာ တွေ့ရှိချက်များဖြစ်သည်။ ထူးခြားချက်မှာ မြှုပ်နှံသင်္ဂြိုဟ်မှုပုံစံပင်ဖြစ်သည်။ ရှေးဟောင်းပျူသင်္ချိုင်းများကို မြို့၏တောင်ပိုင်းတွင် တွေ့ရသည်။ ဗိဿနိုးမိဖုရားသင်္ချိုင်းမှာ ကျောက်ထွင်းအိုးကြီးများအဖြစ် တွေ့ရ၏။ မီးသင်္ဂြိုဟ်၍ အရိုးပြာများကို ထည့်သွင်းမြုပ်နှံကြသည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၅ဝဝ ခန့်ကဖြစ်သည်။ သာမန်အဆင့်မြှုပ်နှံမှုကို မြေအိုးငယ်ကလေးများနှင့် သူ့အချိန်ကျမှ မြှုပ်နှံလေ့ရှိသည်။ ယခုတွေ့ ရှိရသည့် သာမန်အဆင့်ပျူသင်္ချိုင်းမှာ လွန်ခဲ့ သောနှစ်ပေါင်း ၂ဝဝဝ ခန့်က ဖြစ်သည်။ မြင့်မြတ်သည့်အရှင်သူမြတ်များကိုမူ ရွှေရောင်အဆင်းရှိ ကြေးအိုးကြီးများနှင့် မြုပ်နှံလေ့ရှိ သည်။ သေဆုံးသူအချို့၏ အရိုးအစကလေးများနှင့် သံမယ်နကလေးများ ထည့်သွင်းမြှုပ်နှံထားသည်ကိုလည်း တွေ့ရ၏။ အုတ်ချပ်များ ပေါ်တွင်ရေးသားထားသည့် အမှတ်အသား များသည်လည်း တစ်ခုနှင့်တစ်ခု မတူချေ။ ပျူခေတ်သည် သံခေတ်အတွင်းကျရောက်၍ သံရည်ကျိုဖိုကြီးများကို လေကြောင်းပေါ်မူတည်၍ တည်ဆောက်ထားကြောင်း၊ တရုတ်နိုင်ငံမှ လာရောက်လေ့လာချက်အရဆိုလျှင် ဤမျှကြီးမားသည့် သံရည်ကျိုဖိုမျိုး တရုတ်နိုင်ငံမှာပင်မရှိဟုဆိုကြောင်း ဆိုစမှတ်ပြုကြသည်။[3]

ရွှေ့ပြောင်း အခြေချခြင်း

ပျူမြို့ပြနိုင်ငံတို့သည် ပျူနိုင်ငံတော်အဖြစ် မည်သည့် အခါကမှ စည်းလုံး ပေါ်ထွန်းခဲ့ခြင်း မရှိခဲ့ပေ။ သို့ရာတွင် ပို၍ အင်အားကြီးသော မြို့များသည် ထင်ရှားလာပြီး အင်အားငယ်သော မြို့များမှ အခွန်အတုပ် တောင်းခံခြင်းများ ပြုလုပ်ခဲ့သည်။ အင်အားအကြီးမားဆုံးမြို့မှာ သရေခေတ္တရာ ဖြစ်သည်။ ရှေးဟောင်းသုတေသန အထောက်အထားများအရ တည်ထောင်ခဲ့သမျှသော မြို့များအနက် အင်အား အကြီးမားဆုံးဟု ညွှန်းဆိုသည်။

၎င်းမြို့ကို တည်ထောင်သည့် ခုနှစ်သက္ကရာဇ်ကို မသိရပေ။ ပျူသမိုင်းအရ AD ၉၄ ခုနှစ် မင်းဆက်အပြောင်းအလဲ မပြုမီက ဖြစ်ဖွယ်ရာ ရှိသည်။ ၇ ရာစုတွင် ပျူတို့သည် ၎င်းတို့၏ မြို့တော်ကို မြောက်ဘက် ခြောက်သွေ့သော ဟန်လင်းကြီးဘက်သို့ ရွှေ့ခဲ့သည်။ သရေခေတ္တရာကိုမူ ကူးသန်းရောင်းဝယ်မှုကို ထိန်းချုပ်သော ဒုတိယ ဗဟိုချက်မမြို့အဖြစ် ထားရစ်ခဲ့သည်။ နေရာအတိအကျမသိရသော မြောက်ဘက်မြို့တော်ကို ပို၍ အရေးပေးမှုကြောင့် ၆၅၆ ခုနှစ်တွင် သရေခေတ္တရာသည် အလွယ်တကူ စွန့်ပစ်ခြင်း ခံရတော့သည်။ အချို့သော သမိုင်းဆရာများက မြို့တော်သည် ဟန်လင်းကြီးဖြစ်ပြီး တကောင်းရှေးမြို့ဟောင်းနှင့် ဆက်နွယ်ကောင်း ဆက်နွယ်လိမ့်မည်ဟု ယုံကြည်ကြသည်။ မြို့တော်သစ် မည်သည့်နေရာတွင် တည်ခဲ့စေကာမူ ၉ ရာစုအလယ်ပိုင်းတွင် တရုတ်ပြည် နန်းဇောင်း[မှတ်စု 1] တိုင်းနိုင်ငံ၏ လုယက်ဖျက်ဆီးခြင်းကို ခံရသည်။ ပျူတို့လွှမ်းမိုးမှု ကာလလည်း ချုပ်ငြိမ်းရတော့သည်။ [4]

ဘာသာစကား

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ပျူစာပေ

ယခု မြန်မာနိုင်ငံ၏ အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် ပျူဘာသာစကားကို တွေ့ရှိရသည်။ ကျောက်စာများအရ ပျူဘာသာစကားသည် ၎င်းတို့၏ ယဉ်ကျေးမှု အကြွင်းအကျန်များအဖြစ် ကျွန်ုပ်တို့ သိရှိရသည် (အချို့ကို ပါဠိဘာသာအားဖြင့် တွေ့ရသည်။ သို့ရာတွင် ပျူဘာသာသို့ ပြန်ဆိုထားသည် သို့မဟုတ် ပျူဘာသာနှင့် အနည်းငယ် လွဲသော ဂုပ္ပတ စာများတွင် တွေ့ရသည်)။ ပျူဘာသာစကားသည် AD ၅ ခုနှစ်တွင် ရခိုင်ပြည်မြောက်ပိုင်း၌ အစပြုခဲ့သည်။ မြစေတီဘုရားကျောက်စာကို ပျူ၊ မွန်၊ ဗမာနှင့် ပါဠိဘာသာများဖြင့် AD ၁၁၁၃ တွင် ရေးထိုးခဲ့သည်။ ပျူဘာသာစကားကို AD ၁ ရာစုနှစ်နှင့် မွန်ဘာသာစကားကို AD ၅ ရာစုနှစ်တို့တွင် ရေးထိုးထားသော မှတ်တမ်းများရှိပြီး၊ ဗမာစကားကိုမူ AD ၁၁ ရာစုနှစ်မှသာ ရေးထိုး မှတ်တမ်းတင်ခဲ့သည်။တရုတ်သမိုင်းများတွင် ပျူတို့ကို ‘ပအိုင်းဝ်’ဟု မှတ်တမ်းတင်ခဲ့သည်။ သို့သော် ပျူတို့ကမူ ၎င်းတို့ကိုယ် ၎င်းတို့ တရိကုလဟု ခေါ်ဆိုသည်။ အေဒီ၇၅၅ တွင် တရုတ်တို့ကို အောင်နိုင်ရန်အတွက် နန်ချိုနှင့် တိဘက်တို့ မဟာမိတ်ဖွဲ့ခဲ့သည့် မှတ်တမ်းများရှိသည်။ နန်ချိုရှင်ဘုရင် ကိုလိုဖန်သည် ပျူတို့နှင့် ဆက်သွယ်ခဲ့သည်။ ပျူရှင်ဘုရင်များကို မဟာရာဇာများ ဟူ၍လည်းကောင်း၊ ဝန်ကြီးများကို မဟာသိန ဟူ၍လည်းကောင်း ခေါ်ကြသည်။ နန်ချိုသည် ပျူစစ်သားများကို ဟနွိုင်းသို့ AD ၈၆၃ တွင် သွားရောက် တိုက်ခိုက်စေသည်။ AD ၈၃၂ တွင် နန်ချိုသည် ပျူတို့၏ ဟန်လင်းရွာကို လုယက်ခဲ့သည်။

တောင်ပိုင်းအိန္ဒိယစာ အရေးအသားကို အသုံးပြုသော ပျူ ကမ္ဗည်းစာများက ဗိကရာမမင်းဆက် AD ၆၇၃ မှ ၇၁၈ အထိ အုပ်ချုပ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ပျူကျောက်စာများအရ ဗိကရာမ အမည်ရှိ မင်းတို့၏ အမည်များနောက်၌ ဗိဿနိုးကို ထည့်ကြသည်။ အလားတူဓလေ့ထုံးစံကို BC ၁၀၀ တွင် အိန္ဒိယ ဂုပ္ပတခေတ်သရေခေတ္တရာ၊ တောင်ဘက်၌ မွန်ထိုင်းကမ္ဘောဒီးယားတို့တွင် တွေ့ရသည်။ ဂါရုဒ ပေါ်တွင် မတ်တပ်ရပ်လျက်ရှိသော ဗိဿနိုးရုပ်ထု၏ လက်ဝဲဘက်တွင် ကြာပန်းပေါ်တွင် မတ်တပ်ရပ်လျက်ရှိသော လက်ချမီးရှိသည်။ ထို့ပြင် ဗြာမင်သျှီဝ(သီဝ ဟုလည်းခေါ်သည်)နှင့် ဗိဿနိုးတို့၏ ပလ္လင်များကိုလည်း တွေ့ရသည်။ ဗာမင်ဆိုသောအမည်သည် အိန္ဒိယ ပါလဝ ဩဇာ လွှမ်းမိုးမှုများကို ညွှန်ပြသည်။အိန္ဒိယ အမည် ဖော်ပြထားသော ဗာမင်မင်းဆက်သည် အိမ်နီးချင်း ပြိုင်ဘက် မြို့တော်ရှိကြောင်းကို ညွှန်ပြသည်။ သို့သော် ယနေ့ထိ တူးဖော်ချက်များအရ ပြည်မြို့ဟောင်းသည်သာ တစ်ခုတည်းသော ပျူတို့၏ နေရာဒေသဖြစ်သည်။ [4] တရုတ်ရာဇဝင် မှတ်တမ်းတွင် ချန်ယိစိန်က မုတ္တမပင်လယ်ကွေ့ တဝိုက်ရှိ မွန်တို့၏ ဒေသတွင် အခြေချသော အိန္ဒိယမှ ဆင်းသက်သော ဒြာဝိဒိယန် မျိုးနွယ်စုအမည်ဖြစ်သော ပံသဝဟူ၍ ရွာနာမည်ကို ပေးခဲ့သည်။ ဤအုပ်စုသည် ဗိဿနိုးကို ‘မွန်ယဉ်ကျေးမှုဖြင့် သိမ်းပိုက်မှု’၏ ရှေ့ဆောင်အုပ်စုဖြစ်သည်။ ဤသို့ဖြင့် ၎င်းရွာ/မြို့ကို မြန်မာနိုင်ငံ တောင်ပိုင်းရှိ မွန်ဒေသနှင့် ဆက်သွယ်လျက် ရာမညပူရမြို့ဟူ၍ ခေါ်ဆိုစေသည်။ တကောင်းမင်းဆက်ကို ဒွတ္တဘောင်မင်းကြီး၏ မယ်တော်နှင့် ခမည်းတော်တို့၏ အကြောင်းမှတ်တမ်းတွင် ရှင်းလင်းစွာ ထည့်သွင်း ဖော်ပြထားသည်။ ဗိဿနိုးဘုရင်မ၏ မျိုးရိုးအလိုက် ဆင်းသက်သော မှတ်တမ်းမှာမူ အနည်းငယ် အပြောင်းအလဲရှိသည်။ သို့သော် သရေခေတ္တရာမင်းများနှင့် အစဉ်ရောထွေးလျက် ရှိသည်။ ဤအရာအားလုံးတွင် ဒေသဆိုင်ရာ ကွပ်ကဲအုပ်ချုပ်မှု၊ ဟိန္ဒူသို့မဟုတ် ဗုဒ္ဓဘာသာ ဂိုဏ်းများ၏ အားပေး ထောက်ခံမှုများ သဘာဝလွန် ဖြစ်ရပ်များနှင့် ချိတ်ဆက်မှုများ ပြုလုပ်ထားသည်။ [5][6] [7][7][8][9][10]

လက်ရှိအခြေအနေ

သရေခေတ္တရာဟန်လင်းဗိဿနိုး မှလွဲ၍ ကျန်ပျူမြို့များမှာ ပျောက်ကွယ်ကုန်ပြီးဖြစ်သည်။ ယင်းမြို့ဟောင်းသုံးမြို့ကို ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနဦးစီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။ ၂၀၁၄ ခုနှစ်တွင် ပျူမြို့ဟောင်းသုံးမြို့ကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။

ယဉ်ကျေးမှု ဝန်ကြီးဌာနက ပျူမြို့ ၃ မြို့ကို ကမ္ဘာ့အမွေအနှစ် စာရင်း (World Heritage List) ဝင်နိုင်ရေးအတွက် ၂၀၁၁ ခုနှစ်ကတည်းက စတင် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ ပြင်ဆင်နိုင်ရန်အတွက် ယူနက်စကိုက အမေရိကန်ဒေါ်လာ ၃ သောင်း ကူညီခဲ့ပြီး အီတလီနိုင်ငံက ယူရို ၄ သိန်းနှင့် ရှေးဟောင်း ပညာရှင်များပါ ပို့လွှတ်ပြီး ထိန်းသိမ်းနည်း အတတ်ပညာများ သင်ကြားပေးခဲ့သည်။ ထို့အပြင် ပျူမြို့ဟောင်းများအတွက် Management Plan ရေးဆွဲရန် သီရိလင်္ကာနိုင်ငံမှ ပညာရှင်များ၊ ပျူရှေးမြို့ဟောင်းများနှင့် ပတ်သက်၍ ပြုစုမည့် စာတမ်းများကို တည်းဖြတ်ရန် အင်္ဂလန်မှ ပညာရှင်တွေများလည်း ငှားရမ်းခဲ့ကြောင်း သိရသည်။

အစောပိုင်းတွင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ အကြံပေးအဖွဲ့ International Council on Monuments and Sites (ICOMOS) က ဒေသတွင်း လိုအပ်ချက်များနှင့် စီမံခန့်ခွဲမှု ကိစ္စများစွာ လိုအပ်ချက်များ ရှိနေသည့်အတွက် နောက်ထပ် ၂ နှစ်ခန့် ကြာမှသာ အမွေအနှစ် စာရင်းဝင်အဖြစ် တင်ပြရန် ကန့်ကွက်ခဲ့သေးသည်။

သို့သော် သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုး ရှေးဟောင်းမြို့သုံးမြို့ကို World Heritage List ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ကာတာနိုင်ငံဒိုဟာမြို့တွင် ပြုလုပ်ခဲ့သည့် ကမ္ဘာ့အမွေအနှစ် ကော်မတီ၏ ၃၈ ကြိမ်မြောက် အစည်းအဝေးတွင်တွင် မဲခွဲဆုံးဖြတ်၍ အတည်ပြု ၍ သတ်မှတ်လိုက်သည်။ အစည်းအဝေးတွင် တက်ရောက်လာသည့် နိုင်ငံများက ပျူမြို့ဟောင်းသည် မြန်မာတို့၏ ရှေးအကျဆုံး မြို့ပြဖြစ်သကဲ့သို့ အရှေ့တောင်အာရှ ဒေသတွင် ကျန်ရှိခဲ့သည့် တန်ဖိုးကြီးမားသော နန်းမြို့တော်ကြီးဖြစ်ကြောင်း၊ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ၊ ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားခဲ့ရာ နေရာဖြစ်သည့်အတွက် လေ့လာစရာ စံပြ ပြယုဂ်အဖြစ် သတ်မှတ်ရမည့် နေရာတစ်ခုဖြစ်သည်ဟုဆိုကာ ထောက်ခံကြသည်။

လက်ရှိတွင် မြို့ဟောင်း ဧရိယာအတွင်း နေထိုင်နေသည့် ဒေသခံများကိုလည်း နေအိမ်များမှ ဖယ်ရှားခြင်း ပြုလုပ်မည် မဟုတ်ကြောင်း၊ ကာကွယ်ထိန်းသိမ်းရေး ဇုန် နယ်မြေများ သတ်မှတ်ထားပြီး ဖြစ်သည့်အတွက် ဒေသခံများအနေဖြင့် အဆောက်အအုံ တိုးချဲ့ဆောက်လုပ်ခြင်း ပြုလုပ်မည်ဆိုပါက ရှေးဟောင်း အဆောက်အအုံများအပေါ် သက်ရောက်မှု ရှိမရှိ ကွင်းဆင်းစစ်ဆေးပြီးမှသာ အဆောက်အအုံသစ် ဆောက်လုပ်ရန် ခွင့်ပြုသင့် မပြုသင့်စဉ်းစားဆုံးဖြတ်မည် ဟုလည်း သိရသည်။

အဆိုပါမြို့ဟောင်းနယ်မြေများကို ကာကွယ်ထိန်းသိမ်းမှုတွင် ကူညီရန်အတွက် Panasonic ကုမ္ပဏီနှင့် ANA လေကြောင်းလိုင်း ကလည်း နှုတ်ကတိပေး ကမ်းလှမ်းထားသည်ဟု ဆိုသည်။ [11]

ပျူ ပုတီးများ

ကိုးကားထားသော စာအုပ်များ

  • Janice Stargardt: The ancient Pyu of Burma, Cambridge, 1990, ISBN 1-873178-01-8
  • Than Tun, "The Story of Myanmar Told in Pictures", <year?>
  • Elizabeth Moore, Myanmar Historical Research Journal, 2004.
  • D.G.E. Hall, A History of the South East Asia, New York, 1968.
  • G.E. Harvey, History of Burma, London, 1925

မှတ်စု

  1. နန်‌ကျောက်ဟုလည် ရေးသည်၊ နန်ချောင်၊ နန်ကျောင် စသဖြင့်လည်း ရေးကြသည်၊ နန်ချိုဟုပင် ရေးသေးသည်။

ကိုးကား

  1. Dr Than Tun (History Professor, Mandalay University) ‘The Story of Myanmar told in pictures’.
  2. Dr Than Tun , “The Story of Myanmar told in pictures”
  3. သီရိခေတ္တရာ (သို့မဟုတ်) သရေခေတ္တရာ ပျူမြို့ဟောင်းဆီသို့ | Ministry Of Information
  4. Chinese imperial history
  5. (Perso-Arab authors) of 9-10 AD
  6. (Elizabeth Moore, Myanmar Historical Research Journal 2004)
  7. BURMA, D. G 1960. Page 8
  8. Elizabeth Moore 2004
  9. D. G . E. HALL, “BURMA”
  10. D. G . E. HALL, BURMA
  11. ရှေးဟောင်းအမွေအနှစ် စာရင်းဝင် မြို့ဟောင်းများတွင် စည်းကမ်းချက်များ ထုတ်မည်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.