မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ | |
---|---|
အင်္ဂလိပ် အမည် | Burma Socialist Programme Party |
ခေါင်းဆောင် | ဦးနေဝင်း |
တည်ထောင်ခြင်း | ၄ ဇူလိုင် ၁၉၆၂ |
ဖျက်သိမ်းခြင်း | ၁၈ စက်တင်ဘာ ၁၉၈၈ |
ဆက်ခံ | တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ |
နိုင်ငံရေး သဘောတရား | မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၊ အမျိုးသားရေးဝါဒ |
အရောင် | အနီ |
ပါတီအလံ | |
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
အာဏာသိမ်းခြင်း
(၁၉၆၂) ခုနှစ်၊ မတ်လ၊ (၂) ရက်နေ့တွင် တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပြီး တပ်မတော်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော တော်လှန်ရေးကောင်စီအဖွဲ့ ပေါ်ပေါက်ခဲ့သည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်
(၁၉၆၂) ခုနှစ်၊ ဧပြီ (၃ဝ) ရက်က တော်လှန်ရေးကောင်စီက မိမိ၏ ဝါဒသဘောထား ကြေညာချက် ဖြစ်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို တိုင်းပြည်သို့ တင်ပြခဲ့ပါသည်။ လမ်းစဉ်ပါတီကို တော်လှန်ရေးကောင်စီကပင် (၁၉၆၂) ခုနှစ်၊ ဇူလိုင် (၄)ရက်ကပင် ပေါ်ထွက် ခဲ့ပါသည်။ တော်လှန်ရေးကောင်စီသည် လမ်းစဉ်ပါတီ၏ တွေးခေါ်မြော်မြင်ရေး သဘောတရား ဖြစ်သော လူနှင့်ပတ်ဝန်းကျင်တို့၏ အညမည သဘောထားစာတမ်းကို (၁၉၆၃) ခု၊ ဇန်နဝါရီ (၁၇)ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ တော်လှန်ရေးကောင်စီသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၏ မူဝါဒအရပ်ရပ်ကို သင်ကြား ပို့ချပေးသည့် ဗဟိုနိုင်ငံရေး သိပ္ပံ ကျောင်းကို ဖွင့်လှစ် ထူထောင်ပေးခဲ့ပါသည်။ ဗဟိုနိုင်ငံရေးသိပ္ပံကျောင်းသည် ထိုစဉ်ကာလက အမြုတေပါတီဟု ခေါ်သော ကေဒါပါတီတွင် တာဝန် ထမ်းဆောင်ရမည့် အရန်ပါတီဝင်များကို အခြေခံနိုင်ငံရေး သင်တန်းဟု ခေါ်သော ကေဒါသင်တန်းသို့ တစ်သုတ်ပြီးတစ်သုတ် တက်ရောက်စေခဲ့ပါ သည်။ ထိုကေဒါများဖြင့်ပင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ စည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်စေခဲ့ပါသည်။ တော်လှန်ရေးကောင်စီသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို အကောင်အထည်ဖော်ဆောင်ပေးမည့် စီးပွားရေး လုပ်ငန်းရပ်များကို သူ့အစီအစဉ်နှင့်သူ တစ်ခုပြီးတစ်ခု ဆောင်ရွက်ခဲ့ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲအတည်ပြုခြင်း
(၁ဝ)နှစ်ခန့် ကြာပြီးသောအခါ တော်လှန်ရေးကောင်စီသည် လမ်းစဉ်ပါတီကို ကေဒါပါတီ အဖြစ်မှ ပြည်သူ့ပါတီ အဖြစ်သို့ တိုးချဲ့ပြောင်းလဲ စည်းရုံး ပေးခဲ့ပါသည်။ မရှေးမနှောင်းမှာပင် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ရေးဆွဲပြီး ပြည်သူ့ဆန္ဒ ခံယူမှုဖြင့် အတည်ပြုခဲ့ပြီး တော်လှန်ရေးကောင်စီအစိုးရ နေရာတွင် နိုင်ငံတော်ကောင်စီအစိုးရကို ဖွဲ့စည်းကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။
လမ်းစဉ်ပါတီကို ဖျက်သိမ်းခြင်း
(၁၉၈၈) ခုနှစ် စက်တင်ဘာ (၁၈) ရက်သို့ ရောက်သောအခါ လမ်းစဉ်ပါတီဥက္ကဋ္ဌကြီး၏ ညွှန်ကြားမှုဖြင့်ပင် လမ်းစဉ်ပါတီကို ဖျက်သိမ်းခဲ့ပါသည်။ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ နိုင်ငံရေးသက်တမ်းသည် စုစုပေါင်း (၂၆) နှစ်ခန့် ကြာခဲ့ပါသည်။
လမ်းစဉ်ပါတီ၏ ဖြစ်စဉ်တစ်ရပ်လုံးကို ဝေဖန်သုံးသပ်ခြင်း
လမ်းစဉ်ပါတီ၏ ဖြစ်စဉ်တစ်ရပ်လုံးကို ဝေဖန်သုံးသပ်ရမည်ဆိုလျှင် အပိုင်းနှစ်ပိုင်း ပါဝင်ပါသည်။
ပထမပိုင်းမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ထူထောင်စပြုသော ကာလအပိုင်း ဖြစ်ပါသည်။
- ယင်းကာလပိုင်းတွင် တော်လှန်ရေးကောင်စီသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို အကောင်အထည် ဖော်သောအားဖြင့် စီးပွားရေးလုပ်ငန်းရပ်များကို ပြည်သူပိုင် ပြုလုပ်ခဲ့ပါသည်။ ပြည်သူပိုင်လုပ်ငန်းများအားဖြင့် စီးပွားရေးစီမံကိန်းများကို ချမှတ်ပြီး ဆောင်ရွက်ခဲ့ပါသည်။ အောင်မြင်သည်များလည်း ရှိခဲ့ပါသည်။ မအောင်မြင်သေးသည်များလည်း ရှိခဲ့ပါသည်။
- တပ်မတော်အရာရှိများ ခေါင်းဆောင်သော တော်လှန်ရေးကောင်စီအဖွဲ့သည် မြန်မာနိုင်ငံတွင် ဆိုရှယ်လစ်စီးပွားရေး စနစ်ကို ထူထောင်မှသာလျှင် ပြည်သူလူထုအများစု၏ အကျိုးစီးပွားကို ဆောင်ရွက်နိုင်လိမ့်မည် ဟူ၍ ယုံကြည်ခဲ့သောကြောင့်ပင် ဆိုရှယ်လစ်လမ်းစဉ်ကို ချမှတ်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် တော်လှန်ရေးကောင်စီ၏ ရည်ရွယ်ချက်သည်ကောင်းသော ရည်ရွယ်ချက်ပင်ဖြစ်ပေသည်။
- လမ်းစဉ်ပါတီ၏ သက်တမ်းတစ်လျှောက်လုံးတွင် ပါဝင်၍ အဆင့်ဆင့် တာဝန်ယူဆောင်ရွက်ခဲ့ကြသော တပ်မတော်မှ အရာရှိ၊ အကြပ်၊ တပ်သားများ အပါအဝင် တို့သည်လည်းကောင်း၊ အရပ်သား ပြည်သူများမှ ပါတီသို့ ဝင်ရောက်လာပြီး ပါတီက ပေးအပ်သော တာဝန်များကို ဆောင်ရွက်ခဲ့သူတို့သည် လည်းကောင်း၊ မိမိတို့၏ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသည်မှာ အမှန်ပင် ဖြစ်ပါသည်။ လမ်းစဉ်ပါတီဝင်တို့သည် ပုထုဇဉ် လူသားများ ဖြစ်ကြသည့်အလျောက် အပြောမှား၊ အဆိုမှား၊ လုပ်ကိုင်ဆောင်ရွက်မှုမှားများကို ပြုလုပ်ခဲ့မိကြသည်မှာလည်း အမှန်ပင် ဖြစ်ပါသည်။ မိမိတို့၏ အမှားများကို ပြင်ဆင်နိုင်သလောက်၊ ပြင်ဆင်ခဲ့သည်မှာလည်း အမှန်ပင် ဖြစ်ပါသည်။ မိမိတို့ ပါတီဝင်များအကြားတွင် တစ်ဦးနှင့်တစ်ဦး၊ တစ်စုနှင့်တစ်စု၊ အထင်အမြင်မှားမှုများ၊ အငြင်းပွားမှုများ၊ ယှဉ်ပြိုင်မှုများ ရှိခဲ့ကြသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ပြည်သူတို့နှင့် ဆက်ဆံရာတွင် မပြေမလည်မှုများလည်း ရှိခဲ့ပါသည်။ ပြည်သူတို့က စိတ်ကွက်ခြင်း၊ မကြည်ညိုခြင်း များလည်း ရှိခဲ့ပါသည်။ ဤသို့ ဖြစ်ရသည်မှာ နိုင်ငံရေးပါတီများ၏ ဖြစ်စဉ်အသီးသီးတွင် တွေ့ကြုံရလေ့ရှိသော အခြင်းအရာများ ဖြစ်ကြပါသည်။ ထို့ကြောင့် လမ်းစဉ်ပါတီ၏ နောက်ပိုင်းကာလများတွင် ပါတီ၏ဩဇာအရှိန်အဝါ ကျဆင်းသလောက် ကျဆင်းခဲ့သည်မှာလည်း အမှန် ဖြစ်ပါသည်။
- လမ်းစဉ်ပါတီသည် တောင်သူလယ်သမားများ၊ အလုပ်သမားများနှင့် ပြည်သူအလွှာအသီးသီးနှင့် နှီးနှောဖလှယ်ပွဲများ လုပ်ခြင်းအားဖြင့် စည်းစည်းရုံးရုံး ရှိခဲ့သည်မှာလည်း အမှန်ပင် ဖြစ်ပါသည်။ လမ်းစဉ်ပါတီ၏ သက်တမ်း တစ်လျှောက်လုံးကို ခြုံကြည့်လျှင် လမ်းစဉ်ပါတီသည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိရောက်စွာ ကာကွယ်စောင့်ရှောက် နိုင်ခဲ့သည်မှာ အမှန်ဖြစ်သည်။ ဆန်၊ဆီ အစရှိသော အခြေခံ စားကုန်များ၊ ကုန်ဈေးနှုန်း မကြီးမားရအောင် ဈေးနှုန်းသက်သာအောင် ထိန်းသိမ်းပေးခဲ့သည်မှာလည်းအမှန်ပင် ဖြစ်ပါသည်။
- သို့ရာတွင် အထွေထွေ ကုန်ထုတ်လုပ်မှုတွင် ရည်မှန်းသလောက် မအောင်မြင်ခဲ့ပါ။ ပြည်သူပိုင် ဈေးဆိုင်များမှ ကုန်ပစ္စည်းများကို ရောင်းချ ဖြန့်ဝေရာတွင်လည်း မပြေလည်မှုများ ရှိခဲ့ပါသည်။ မြန်မာပြည်တွင်းသို့ ဝင်ရောက်လာသော မှောင်ခို ပစ္စည်းများကို လမ်းတွင် ဖမ်းဆီးသိမ်းယူရာတွင် ပါတီဝင်များ၏ တာဝန်မကင်းခဲ့ပေ။ ရန်ကုန်မြို့သို့ ရောက်သောအခါ ဖမ်းဆီးခြင်းမရှိဘဲ ကုန်ဈေးနှုန်းများ ကြီးခဲ့ပါသည်။ ပါတီဝင်များက ဩဇာညောင်းသော သမဝါယမအသင်းများသည်လည်း ပါတီကို ပံ့ပိုးပေးရသည့် အဖွဲ့အစည်းများကဲ့သို့ ဖြစ်နေခဲ့ပါသည်။ လမ်းစဉ်ပါတီ သက်တမ်းတွင် သုံးကြိမ်တိတိ ငွေစက္ကူများကို မတရားပစ္စည်းများအဖြစ် ကြေညာခဲ့သည့်အတွက် တစ်ပြည်လုံး၊ တစ်နိုင်ငံလုံးရှိ စားသုံးသူ ပြည်သူတစ်ရပ်လုံး ထိခိုက်နစ်နာ ခဲ့ပါသည်။
- ဤသို့သော အကြောင်းများကြောင့် ပြည်သူလူထုက လမ်းစဉ်ပါတီ အစိုးရအပေါ်တွင် မကျေမနပ် ဖြစ်နေခဲ့ပါသည်။ ဤသို့သော အကြောင်းအရာများကို သိမြင်လာခဲ့သော လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးက (၁၉၈၈)ခုနှစ် ဇူလိုင် (၂၃)ရက်တွင် ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်း၌ ကျင်းပခဲ့သော ဗဟိုကော်မတီ အစည်းအဝေး၌ ပါတီစုံ ကြိုက်သလား၊ တစ်ပါတီကို ကြိုက်သလား ဟူသော ပြဿနာကို ပြည်သူလူထုထံ တင်ပြပြီး ပြည်သူ့ဆန္ဒ ခံယူရမည်ဟူ၍ မိန့်ကြားကာ ပြည်သူလူထုများ လှုပ်ရှားလာအောင် လမ်းခင်းပေးခဲ့ပါသည်။ လမ်းစဉ်ပါတီကို ဖျက်သိမ်းခဲ့သည်မှာလည်း အရေးအခင်းကြောင့် ဖျက်သိမ်းခဲ့ရသည် မဟုတ်။ လမ်းစဉ်ပါတီသည် မိမိဘာသာ မိမိဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။
- ထို့ကြောင့် လမ်းစဉ်ပါတီသည် မိမိ၏ အမှားများကို ပြင်နိုင်လောက်သော အင်အား ရှိပါလျက် ပြင်နိုင်ခွင့်မရဘဲ ဖျက်သိမ်းမှုနှင့်သာ ကြုံခဲ့ရပေသည်။ လမ်းစဉ်ပါတီဝင်အများစုသည် ဖရိုဖရဲ ဖြစ်သွားခဲ့ရပါသည်။ မြန်မာနိုင်ငံတွင် ဆိုရှယ်လစ်လမ်းစဉ်ကို ထူထောင်မည် ဟူသော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ရာတွင် အောင်မြင်မှု မရရှိခဲ့ရခြင်း၏ အခြေခံ အကြောင်းမှာ မြန်မာနိုင်ငံ၏ အထွေထွေ ခေတ်နောက်ကျမှုကြီး ဟူသော သမိုင်း ဘဝကြောင့်သာ ဖြစ်ပါသည်။
အားနည်းချက်များ
- ခေါင်းအေးအေးနှင့် ပြန်ပြီး စီရင် သုံးသပ်သော အခါ ဆိုရှယ်လစ် စီးပွားရေး စနစ်ကို တည်ဆောက်နိုင်ရန် လိုအပ်သော ရုပ်ပိုင်းဆိုင်ရာ အကြောင်းတရားများနှင့် စိတ်ပိုင်းဆိုင်ရာ အကြောင်းတရားများ လုံလောက်စွာ ဖြစ်ပေါ် တိုးတက်ခြင်း မရှိသေးသောကြောင့်သာ ဖြစ်ပါသည်။
- မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု စွမ်းအားစုသည် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုနှင့် လျော်ညီသော ကုန်ထုတ်လုပ်မှုကို ထောက်ပံ့ ပေးနိုင်သော အတတ်ပညာ၊ နည်းပညာ၊ အဆင့်အတန်းသည် လည်းကောင်း၊ အလွန်ပင် နိမ့်ကျ နေသေးသောကြောင့် ဖြစ်ပါသည်။
- စီးပွားရေး ပညာနှင့် နည်းပညာ ရပ်များကို တတ်ကျွမ်းသော ပညာတတ် လူတန်းစားများ၏ အင်အားကလည်း နည်းပါး နေသေးသောကြောင့် ဖြစ်ပါသည်။
- မြန်မာပြည်၏ သယံဇာတ ပစ္စည်း အင်အားများကလည်း စက်မှုနိုင်ငံကြီး တစ်ခု ဖြစ်ပေါ်လာနိုင် လောက်အောင် အခြေပြု ပေးနိုင်သော အကြောင်းတရားမရှိ။
- မြန်မာနိုင်ငံ၏ လူလတ်တန်းစားနှင့် ငွေပင်ငွေရင်း ရှိသော အရင်းရှင် ပေါက်စ လူတန်းစားများ ကလည်း အင်အားမရှိ၊ ကျွန်ုပ်တို့နိုင်ငံတွင် တစ်နည်းအားဖြင့် 'ဝ' မရှိသောကြောင့် 'ဝိ'မလုပ်နိုင်ခဲ့။
- ထို့ကြောင့် ဆိုရှယ်လစ် စီးပွားရေးစနစ် တည်ဆောက်ရန် အချိန် မရောက်ခဲ့သေးသည်မှာ အမှန်ပင် ဖြစ်သည်။ ဤသည်ပင်လျှင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ လမ်းခုလတ်တွင် ရပ်စဲခြင်း ခံခဲ့ရသော အကြောင်းတရားဖြစ်သည်။
နိဂုံး
ထို့ကြောင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို ဆောင်ရွက်ခဲ့ကြသော တပ်မတော်သည် လည်းကောင်း၊ လမ်းစဉ်ပါတီသည် လည်းကောင်း၊ ပြည်သူ့ ဝန်ထမ်းများ အားလုံးသည် လည်းကောင်း၊ မိမိတို့ တာဝန်များကို မိမိတို့ တတ်နိုင်သလောက် ဆောင်ရွက် ခဲ့ကြပေသည်။ ထို့ကြောင့် လမ်းစဉ်ပါတီသည် အကြီးအကျယ် မှားခဲ့သည်ဟု မဆိုနိုင်ပါ။ မြန်မာနိုင်ငံ၏ သမိုင်းပေးကံ အကြောင်း မလှသောကြောင့် သာပင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်သည် မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှ ဇာတ်လမ်း မပြီးသေးခင် ဆင်းခဲ့ရပေသည်။ ထို့ကြောင့် သဗ္ဗေသတ္တာ ကမ္မသကာ ဟူ၍သာ ပြောရပေတော့မည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌများ (၁၉၆၂-၁၉၈၈)
ဥက္ကဋ္ဌ | သက်တမ်း | မှတ်ချက် | ||||
---|---|---|---|---|---|---|
№ | ပုံ | အမည် (မွေးဖွား-သေဆုံး) |
စတင် | ပြီးဆုံး | ကြာမြင့်ချိန် | |
၁ | ဦးနေဝင်း (၁၉၁၁-၂၀၀၂) |
၄ ဇူလိုင် ၁၉၆၂ | ၂၃ ဇူလိုင် ၁၉၈၈[1] | ၂၆ နှစ်၊ ၁၉ ရက် | တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ (၁၉၆၂-၁၉၇၄)၊ ဝန်ကြီးချုပ် (၁၉၆၂-၁၉၇၄) နှင့် သမ္မတ (၁၉၇၄-၁၉၈၁) | |
၂ | ဦးစိန်လွင် (၁၉၂၃-၂၀၀၄) |
၂၆ ဇူလိုင် ၁၉၈၈ | ၁၂ ဩဂုတ် ၁၉၈၈[1] | ၁၇ ရက် | သမ္မတ လည်း ဖြစ်သည် (၁၉၈၈)။ | |
၃ | ဒေါက်တာမောင်မောင် (၁၉၂၅-၁၉၉၄) |
၁၉ ဩဂုတ် ၁၉၈၈ | ၁၈ စက်တင်ဘာ ၁၉၈၈[2] | ၃၀ ရက် | သမ္မတ လည်း ဖြစ်သည် (၁၉၈၈)။ | |
နိုင်ငံတော်သမ္မတ
၁၉၆၂ ခုနှစ်မှ ၁၉၈၈ခုနှစ် အထိမြန်မာနိုင်ငံကို တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်ခဲ့သော အစိုးရဖြစ်သည်။ ပါတီဥက္ကဋ္ဌမှာ ဦးနေဝင်း (ဗိုလ်ချုပ်ကြီးနေဝင်း) ဖြစ်သည်။ ပါတီဥက္ကဋ္ဌမှာ နိုင်ငံတော်သမ္မတ ရာထူးကို လွတ်တော်ကိုယ်စားလှယ်များ၏ မဲဆန္ဒအလျှောက် ရရှိသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံအစိုးရကို ဖွဲ့စည်းပြီး ပထမဆုံး နိူင်ငံတော်သမ္မတ အဖြစ်တာဝန်ယူသူမှာ ဦးနေဝင်း ဖြစ်သည်။ ဦးနေဝင်းနောက်တွင် ဦးစန်းယု၊ ဦးစိန်လွင်တို့လည်း သမ္မတအဖြစ် တာဝန်ယူခဲ့သည်။ နောက်ဆုံးနိုင်ငံတော်သမ္မတ အဖြစ်တာဝန်ယူသူမှာ ဒေါက်တာမောင်မောင်ဖြစ်သည်။
ဒုတိယသမ္မတ
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥပဒေတို့တွင် အနည်းငယ်ပြောင်းလဲမှုများအရ ၁၉၈၅ခုနှစ်တွင် ဒုတိယသမ္မတရာထူးကိုဖန်တီးခဲ့သည်[3]
အမည် | စတင်ရက် | ကုန်ဆုံးရက် | နိုင်ငံရေးပါတီ | သမ္မတ | မှတ်စု |
---|---|---|---|---|---|
ဦးအေးကို | ဒီဇင်ဘာ ၁၉၈၅ | ၂၇ ဇူလိုင် ၁၉၈၈ | မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ | ဦးစန်းယု | [4][5][6] |
၂၇ ဇူလိုင် ၁၉၈၈ | ၁၂ ဩဂုတ် ၁၉၈၈ | ဦးစိန်လွင် | [7] | ||
၁၉ ဩဂုတ် ၁၉၈၈ | ၁၈ စက်တင်ဘာ ၁၉၈၈ | ဒေါက်တာမောင်မောင် | [8][9] | ||
နိူင်ငံတော်ကောင်စီ
ဦးကြာစန်း
ဝန်ကြီးချူပ်
ဝန်ကြီးချုပ် | သက်တမ်း | နိုင်ငံရေးပါတီ | ||||
---|---|---|---|---|---|---|
№ | ပုံ | အမည် (မွေးဖွား-သေဆုံး) |
စတင် | ပြီးဆုံး | ကြာမြင့်ချိန် | |
(၁) | ဦးနေဝင်း (၁၉၁၁-၂၀၀၂) |
၂ မတ် ၁၉၆၂ | ၄ မတ် ၁၉၇၄ | ၁၂ နှစ်၊ ၂ ရက် | တပ်မတော် / မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ | |
(၂) | ဦးစိန်ဝင်း (၁၉၁၉-၁၉၉၃) |
၄ မတ် ၁၉၇၄ | ၂၉ မတ် ၁၉၇၇[10] | ၃ နှစ်၊ ၂၅ ရက် | တပ်မတော် / မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ | |
(၃) | ဦးမောင်မောင်ခ (၁၉၂၀-၁၉၉၅) |
၂၉ မတ် ၁၉၇၇ | ၂၆ ဇူလိုင် ၁၉၈၈[1] | ၁၁ နှစ်၊ ၁၁၉ ရက် | တပ်မတော် / မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ | |
(၄) | သူရထွန်းတင် (၁၉၂၀-) |
၂၆ ဇူလိုင် ၁၉၈၈ | ၁၈ စက်တင်ဘာ ၁၉၈၈[2] | ၅၄ ရက် | တပ်မတော် / မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ | |
ဝန်ကြီး ဌာနများ
အာဏာသိမ်းခံရခြင်း
မြန်မာနိုင်ငံတွင် ၁၉၆၂-ခုမှစ၍ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်ကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဖြင့် တစ်ပါတီအာဏာရှင် အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့ပါသည်။ ထိုသို့ အကောင်အထည်ဖော်ခဲ့ရာ (၂၆)နှစ်အကြာ ၁၉၈၈-ခုနှစ်တွင် ပြည်သူလူထုတစ်ရပ်လုံး၏ ကြီးမားကျယ်ပြန့်သော အုံကြွဆန့်ကျင်မှု ပေါ်ပေါက်ခဲ့ရပြီး သမိုင်းဝင် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးနှင့် ရင်ဆိုင်ခဲ့ရပါသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ စနစ်ကြီးသည်လည်း ချုပ်ငြိမ်းခဲ့ရပြီး ၁၉၈၈-ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးစောမောင်ခေါင်းဆောင်သောတပ်မတော်မှ အာဏာသိမ်းယူခဲ့ရာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ကို ဖွဲ့စည်း၍ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါသည်။
အစိုးရပြုတ်ကျရခြင်း၏အဓိကအကြောင်းရင်း
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဦးဆောင်သောအစိုးရပြုတ်ကျရခြင်း၏အဓိကအကြောင်းရင်းမှာမိမိအစိုးရမှထုတ်ဝေခဲ့သော ငွေစက္ကူများကို တရားမဝင် ငွေကြေးများအဖြစ် အကြိမ်များစွာ ကြေငြာခဲ့ခြင်းကြောင့်ဖြစ်သည်။
ကိုးကား
- ၈၈၈၈ အရေးအခင်းကာလတွင် နုတ်ထွက်
- ၈၈၈၈ အရေးအခင်းကာလတွင် အာဏာသိမ်းခံရပြီး ဖြုတ်ချခံရ
- https://books.google.com/books?id=i6sUDb06Di4C
- https://hdl.handle.net/2027/mdp.39015073049077
- https://hdl.handle.net/2027/osu.32435024019804
- https://books.google.com/books?id=_MbMq8JApboC
- https://books.google.com/books?id=p4MLAAAAIAAJ
- https://hdl.handle.net/2027/osu.32435024019804
- https://books.google.com/books?id=L8ER4ChMrsUC
- နိုင်ငံ၏ စီးပွားရေး ပြဿနာများကြောင့် ရာထူးမှ ဖယ်ရှားခံရ