ဗမာအကြိုသမိုင်း
ကနေ့ ဗမာနိုင်ငံလို့ ပေါ်နေတဲ့ မြေနေရာဟာ ဘယ်တုန်းက စပေါ်သလဲ၊ လူတွေ ဘယ်တော့လောက်က စလာနေသလဲ။ အခု ရာသီဥတု အခြေအနေနဲ့ အခု အကောင်၊ အခု အပင်တွေ ဘယ်တုန်းက စပြီး ဖြစ်ပေါ် ရောက်ရှိ ပေါက်ဖွား နေသလဲလို့ သိချင်ကြမယ်။ ဘူမိဗေဒနဲ့ ရှေးဟောင်း သုတေသန တူးဖော်ရေးတွေက ဒီမေးခွန်း တချို့ကို ဖြေနိုင်ပါတယ်။
ဘူမိဗေဒ အခြေခံ
(အရင် အနှစ် သန်း ၆၀၀ က သန်း ၅၀၀ အတွင်း) ကမ်ဗရိယ ကာလမှာ၊ ကနေ့ ဗမာနိုင်ငံ နေရာဟာ ပင်လယ်ပြင်ကြီးပဲ ရှိသေးတယ်။ (အရင် အနှစ်သန်း ၃၅၀ က ၃၀၅ သန်းအတွင်း) အောက် ကာဗွန်နီဖာရာ ကာလမှာတော့၊ စောစောက အဖြစ်နဲ့ ပြောင်းပြန်၊ အခု သံလွင်မြစ် နေရာအထိ ဗမာမြေဟာ အင်မတန်ကြီးမားတဲ့ တိုက်ကြီးတခုရဲ့ အရှေ့ဘက် ကမ်းခြေ ဖြစ်ခဲ့ရပြန်တယ်။ ဒီလို ပြောင်းလဲ လာတာတွေဟာ၊ ကမ္ဘာမြေတွေ မောက်လာအောင် ချိုင့်ကျသွားအောင် ပြင်းထန်တဲ့ လှုပ်ရှားမှုတွေကြောင့် ဖြစ်တာပါပဲ။ (အရင် သန်း ၁၈၀ က ၁၃၅ သန်း အတွင်း) ဂျူရစစ် ကာလမှာ၊ ဗမာရဲ့ အရှေ့ဘက် ကမ်းရိုးဟာ အရှေ့ဘက်ကို ချဲ့ထွင် တိုးထွက် သွားတဲ့အတွက် အခု လောနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ် နိုင်ငံတွေ အထိ ပြန့်ထွက်သွားတယ်။ နောက်တခါ (အရင် အနှစ် သန်း ၇၀ က သန်း ၄၀ အတွင်း) ဧဩဆင်း ကာလမှာ အခု ဗမာနိုင်ငံမြေဟာ တိုက်ကြီးတစ်ခုရဲ့ အရှေ့ဘက်မှာ ရှိနေရာက နောက်က တိုက်ကြီးတစ်ခုရဲ့ အနောက်ဘက် ကမ်းခြေဒေသ ဖြစ်လာပြန်တယ်။ အဲဒီအခါက ဗမာနိုင်ငံ မြေ အနေအထားဟာ အခု အခါနဲ့ တူညီဖို့ ဧရာဝတီမြစ်ဝ တစ်ခုပဲ လိုတော့တယ်လို့ ဆိုရမယ်။
ရာသီဥတု
အရင် နှစ်ပေါင်း ၈၀,၀၀၀ က ၁၀,၀၀၀ အတွင်း ကာလကို စတုတ္ထရေခဲခေတ် လို့ ခေါ်တယ်။ မြောက်ယာဉ်စွန်းတန်းရဲ့ မြောက်ဘက်ကျတဲ့ ဒေသတွေမှာ ရေခဲ ဖုံးနေတယ်။ တောင်ဘက်ဖြစ်တဲ့ ဗမာမြေ နေရာမျိုးမှာတော့ မိုးအလွန်များလို့ မိုးစွေကာလ ကြုံရပြန်တယ်။ အခု ဗမာနိုင်ငံမှာ ရတဲ့ မိုးရေချိန် လက်မထက် ၃ ဆလောက် ပိုရွာမယ်။ သဘောကတော့ ဗမာမြေ နေရာဟာ အခုလိုပဲ တောင်တွေ မြစ်တွေ ရှိနေပြီ။ အလယ်ပိုင်း ဒေသမှာလဲ အနောက်ရိုးမ တောင်တန်းကြီး ကွယ်နေလို့ မိုးရိပ်ကျတဲ့ ဒေသရှိမယ်။ ဒါပေမဲ့ မြောက်ဘက် အရပ်တွေမှာရော ပင်လယ်ကမ်းခြေတွေမှာပါ မိုးအင်မတန်များလို့ ချောင်းတွေလဲ ပိုလာမယ်။ ဧရာဝတီ မြစ်ကြီးဟာလဲ အခုထက် အများကြီး ပိုကျယ်မယ်။ အဲဒီလို အခါမျိုးမှာ အခုပေါက်နေတဲ့ အပင်မျိုး၊ အခု ရှိနေတဲ့ သားကောင်မျိုးနဲ့ မတူတဲ့ အကောင်တွေ၊ အပင်တွေ ရှိအုံးမယ်။ ဒီလို မိုးများတဲ့ အချိန်ကနေပြီး အရင်နှစ်ပေါင်း ၁၅,၀၀၀ က စပြီး မိုးပါးလာလိုက်တာ အရင်နှစ်ပေါင်း ၁၀,၀၀၀ လောက် ရောက်တဲ့အခါ ကနေ့ ဗမာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ရာသီဥတုမျိုး ဖြစ်လာပါတယ်။
ရှေးလူ
ပိသေကန်သရိုပတ် လို့ ခေါ် လူစစ်စစ် မဟုတ်သေးတဲ့ ရှေးလူ တမျိုးကို ပီကင်းနဲ့ ဂျာဗားမှာ အရင် နှစ်ပေါင်း ၄၄၀,၀၀၀ ကစပြီး နေထိုင်ခဲ့ကြောင်း သိရတယ်။ အလားတူ ရှေးလူ တမျိုးဟာ ဗမာနိုင်ငံရဲ့ အလယ်ပိုင်းမှာ နေသွားကြတဲ့ အထောက်အထား ရှိပါတယ်။ ဒီရှေးလူတွေကို အကြိုသမိုင်း လေ့လာတဲ့ အနောက်နိုင်ငံ ပညာရှင်များက အညာသား လို့ နာမည် ပေးထားတယ်။ သူတို့ စားသောက် နေထိုင်ပုံကိုတော့ အညာသိယ ဓလေ့ လို့ ခေါ်ပါတယ်။ သူတို့ကနေပြီး ဆင့်ကဲဖြစ်စဉ် အရ ခေတ်လူ ဖြစ်လာမယ်လို့ ထင်ရပါတယ်။ အဲဒီလူတွေဟာ ကျွမ်းကျင်တဲ့ မုဆိုးကောင်းတွေ ဖြစ်ပြီး မီးကို နိုင်နင်းစွာ အသုံးချတတ်တဲ့သူတွေ ဖြစ်ပါတယ်။
လက်နက်ကိရိယာ
ရှေးလူတွေ သုံးစွဲတဲ့ လက်နက် ကိရိယာဟာ အကုန်လုံး ကျောက်နဲ့ လုပ်တာတွေ မဟုတ်ပါဘူး။ ဝါးချွန်နဲ့ သစ်သား တင်းပုတ်ကို အသုံးများမယ်လို့ မုချ ယူဆနိုင်ပါတယ်။ ကျောက်နဲ့ လုပ်ထားတဲ့ အသွားကိုလဲ သစ်သား လက်ကိုင် တပ်ထားမှ အသုံးချနိုင်တဲ့ ကိရိယာ ဖြစ်လာတယ်။ မီးတုတ်ဟာလဲ အားကိုးရတဲ့ လက်နက်တစ်မျိုး ဖြစ်တယ်။ ဒါပေမဲ့ ကျောက်သွား ကျောက်လက်နက်သာ မပျက်မစီး ကျန်ရစ်ခဲ့လို့ ဒီလူတွေကို ကျောက်ခေတ်ဟောင်း လူတွေလို့ ခေါ်လေ့ခေါ်ထ ရှိနေပါတယ်။ သူတို့ ထားရစ်ခဲ့တဲ့ ကျောက်လက်နက်တွေကို စစ်ဆေး ကြည့်တဲ့အခါ သုံးမျိုး သုံးစား တွေ့ပါတယ်။ ပထမ တစ်မျိုးကို စဉ်းဓားလို့ ခေါ်တယ်။ ရိုက်ဖဲ့ဖို့ လွယ်မယ့် ကျောက်ပြား တစ်တုံးကို မျက်နှာတစ်ဖက်က အသွားပေါ်အောင် ဖဲ့ယူတဲ့ လက်နက်မျိုး ဖြစ်တယ်။ ဒုတိယ လက်နက်ကတော့ ခုတ်ဓား ဖြစ်ပါတယ်။ ကျောက်ပြားပြားကို အသွားပေါ်အောင် နှစ်ဖက်စလုံးက ဖဲ့တဲ့ အသွားမျိုး ဖြစ်တယ်။ တတိယ တစ်မျိုးကတော့ ကျောက်တစ်ဖက်ပြား၊ တစ်ဖက်ခုံးမှာ အသွားဖော်ယူတဲ့၊ တံစည်း (ပဲခွပ်) မျိုး ဖြစ်တယ်။ ဗမာမြေပြင်မှာ လက်နက်လုပ်စရာ ကျောက်ဆိုရင် မီးသင့်ကျောက်နဲ့ သစ်သားကျောက်ပဲ ရှိတယ်။ သစ်သားကျောက်နဲ့ လုပ်ရင် လက်နက်ဟာ ညံ့ပေမယ့် သစ်သားကျောက်ပဲ လွယ်လွယ်ရလို့ တွေ့သမျှ လက်နက် အားလုံးလိုလိုဟာ သစ်သားကျောက်နဲ့ပဲ လုပ်တယ်။ ဒီ လက်နက် အားလုံးရဲ့ ရှစ်ဆယ်ရာနှုန်းဟာ ပဲခွပ်တွေပဲ ဖြစ်တယ်။ ဒါကြောင့် တစ်ခါတလေ အညာသိယ ဓလေ့ကို ပဲခွပ်ဓလေ့ လို့လဲ ခေါ်တတ်တယ်။
ခေတ်လူ
ဟောမောဆပီယန် လို့ ခေါ်တဲ့ အခုခေတ် လူဟာ စောစောက ပြောတဲ့ ရှေးလူကပဲ ဆင်းသက်တာ ဖြစ်မယ်။ အရင် အနှစ် ၄၀,၀၀၀ က ၃၀,၀၀၀ အတွင်း ပေါ်ပေါက်ခဲ့တယ်။ ကမ္ဘာလူမျိုးကြီး သုံးမျိုးအနက် မွန်ဂိုလွိုက် အမျိုးဟာ အဲဒီအခါကပဲ စပြီး ဗမာမြေပေါ်မှာ နေခဲ့တယ်လို့ ဆိုနိုင်တယ်။ မွန်ဂိုလွိုက်မှာ မြောက်ဘက်အမျိုး တောင်ဘက်အမျိုး သမုဒ္ဒရာထဲက ကျွန်းတွေအမျိုး အမေရိကဘက် ရောက်သွားတဲ့ အမျိုးရယ်လို့ ခွဲခြားရာမှာ ဗမာမြေပေါ်က အမျိုးဟာ တောင်ဘက်နေ အမျိုး ဖြစ်တယ်။ ဆိုလိုတာကတော့ ဗမာမြေပေါ်က မွန်ဂိုလွိုက်ဟာ ကိုယ်လုံးသေးတယ်၊ ဦးခေါင်းလုံးလဲ အလယ်အလတ် လောက်ကပဲ ရှိတယ်။ မြောက်ပိုင်းအမျိုး လောက်လဲ မျက်ပေါက် မကျဉ်းဘူး၊ ကျွန်းပေါ် အမျိုးလောက်လဲ မျက်ရစ်တွေ မများဘူး။
နာမယ်သစ်
အရင် အနှစ် ၆၀၀,၀၀၀ က ၁၂,၀၀၀ အထိကို ကျောက်ဟောင်း၊ အရင်အနှစ် ၁၂,၀၀၀ က ၉,၀၀၀ အထိကို ကျောက်လယ်၊ အရင်အနှစ် ၉,၀၀၀ က ၅,၀၀၀ အထိကို ကျောက်သစ် လို့ အခေါ် တွင်နေပါပြီ။ ဒါပေမဲ့ ဒီနာမည်တွေရော သတ်မှတ်တဲ့ နှစ်အပိုင်းအခြားတွေပါ အနောက်အာရှနဲ့သာ ဆိုင်တယ်။ အခြား နေရာတွေမှာ ဒီရက်စွဲတွေ အတိုင်း ပိုင်းလို့လဲ မမှန်ဘူး။ ဒီနာမည်တွေ အတိုင်း ခေါ်လို့လဲ သိပ် မဆီလျော်ဘူးလို့ ယူဆတဲ့ လူ ရှိပါတယ်။ အရှေ့တောင်အာရှ အတွက် ဆိုရင် လက်နက် စသုံး စွဲတတ်တဲ့ အရင် အနှစ် ၆၀၀,၀၀၀ က အရင်အနှစ် ၄၂,၀၀၀ အထိကို ကျောက်ကာလ လို့ တစ်မျိုးထဲ ခေါ်သင့်တယ်။ ခေတ်လူ စပေါ်တဲ့ အချိန်လောက် (၄၂,၀၀၀) ကစပြီး အရင် အနှစ် ၂၂,၀၀၀ အထိကို သစ်သား ကာလ လို့ ခေါ်သင့်တယ်။ အရှေ့တောင် အာရှက လူတွေဟာ အဲဒီကာလ အတွင်းမှာ သစ်ဝါးနဲ့ လုပ်တဲ့ ပစ္စည်း ကိရိယာတွေကို ပိုသုံးလာတယ်။ ဒီနောက် အရင်အနှစ် ၂၂,၀၀၀ က ၁၀,၀၀၀ အထိကို ဒေသစွဲ ကာလလို့ ခေါ်သင့်တယ်။ လူတွေဟာ ကိုယ့်ဒေသကလေးမှာသာ ကိုယ်နေပြီး တခြား အုပ်စုတွေနဲ့ အဆက်ဖြတ် နေတတ်လို့ပါပဲ။ ဒါပေမဲ့ အဲဒီ ကာလ အတွင်းမှာ စိုက်ခင်း ပျိုးခင်းလေးလဲ နဲနဲ စစိုက်တယ်။ ကျောက်လက်နက်ကိုလဲ တစ်စိတ်တစ်ပိုင်း ချောအောင် သွေးတယ်။ အိုးကိုလဲ စပြီး လုပ်ကြည့်တယ်။ ဒါပေမဲ့ ဂူမှာပဲ ဆက်နေသေးတယ်။ မုဆိုး တံငါ အဖြစ်နဲ့ပဲ အသက်မွေးရသေးတယ်။ အရင် အနှစ် ၁၀,၀၀၀ က စပြီးတော့ တောင်ပေါ်က ဂူကို စွန့်ခဲ့ပြီး မြေဩဇာ ကောင်းတဲ့ လွင်ပြင်ကို ဆင်းလာခဲ့တယ်။ စိုက်ပျိုး မွေးမြူရေးကို လုပ်တယ်။ ဒါကြောင့် အရင် အနှစ် ၁၀,၀၀၀ က ၂,၀၀၀ ထိကို ချဲ့ထွင်ရေး ကာလ လို့ ခေါ်သင့်တယ်။ ဒီကာလ အတွင်းမှာ အရင် အနှစ် ၈,၀၀၀ လောက်က စပြီး စပါး စိုက်ပျိုးရေး စတယ်လို့ ဆိုနိုင်ပါတယ်။ ခရစ်နှစ် စတဲ့ အရင် အနှစ် ၂၀၀၀ ရဲ့ ဒီဘက်ပိုင်းကိုတော့ အားပြိုင် ကာလ လို့ ခေါ်ရမယ်။ အရှေ့တောင် အာရှမှာ တရုတ် ယဉ်ကျေးမှုတွေ၊ ကုလား ယဉ်ကျေးမှုတွေ၊ ဥရောပ ယဉ်ကျေးမှုတွေ ဖောက်ထွင်း ဝင်ရောက်လာပြီး အားပြိုင်ကြလို့ပါပဲ။ ဒီလို နာမည် အသစ်ပေးပုံနဲ့ နှစ်အပိုင်းအခြား အသစ် လုပ်ထားပုံဟာ ဗမာနိုင်ငံရဲ့ အဖြစ်အပျက်တွေနဲ့လည်း ဆီလျော်ပါတယ်။
ပြဒါးလင်းဂူ (ပဒတ်လိုဏ်)
(တောင်ကြီးခရိုင် ရွာငံ မြို့နယ်ထဲမှာ ရှိတယ်၊ အနီးဆုံး ရွာဖြစ်တဲ့ ညောင်ချပ်နဲ့ ၄ မိုင်ဝေးတယ်။ ညောင်ချပ်က မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၆ မိနစ်နဲ့၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၈ မိနစ်မှာ ရှိတယ်။ ပြဒါးလင်းဂူတွေဟာ ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၁,၀၀၀ မြင့်တယ်)။
ဂူတွေမှာ လူနေခဲ့စဉ် အခါတုန်းက အခုလို ရေ ပါးရှားမယ် မဟုတ်ပါဘူး။ ရှေးအခါက ဂူမှာ နေတဲ့ လူတွေဟာ ရန်သူကြောက်လို့ ရေထွက် စခန်းမှာလဲ ကပ်မနေဘူး။ ရေထွက် စခန်းနဲ့ သိပ်ဝေးတဲ့ နေရာမှာလဲ မနေဘူး။ ရန်သူ ချဉ်းကပ်လာရင်လဲ လွယ်လွယ် မြင်ရမယ်၊ မခုခံသင့်ဘူး ပြေးရမယ် ဆိုရင်လဲ မလွယ်ပေါက် ရှိရမယ်။ မြောက်ဘက်က တိုက်တဲ့ လေအေးကို ကြောက်လို့ ဂူပေါက်ကလဲ တောင်ဘက်ကို လှည့်နေရမယ်။ အဲဒီလို အရည်အချင်းတွေ အားလုံးကို ကြည့်ပြီးတော့မှ ဒီဂူတွေမှာ ရွေးနေ သွားတာ ဖြစ်တယ်။ ရှေးဟောင်း သုတေသနက တူးလို့ ဂူတွင်းကရတဲ့ အရိုးကို ကာဗွန် စစ်ဆေးနည်းနဲ့ စမ်းသပ်တဲ့ အခါ အရင် နှစ်ပေါင်း ၁၁,၀၀၀ က သတ်ဖြတ် စားသောက်ပြီး ပစ်သွားတဲ့ အရိုးတွေလို့ သိရတယ်။ နှစ်ပေါင်း အရာအထောင် နေပြီး လူတွေ မီးဖို အဖြစ်နဲ့ သုံးသွားတဲ့ နေရာမှာလဲ ပြာထုဟာ ၃-၄ ပေ ရှိကျန်ရစ်တယ်။ စားကြွင်း သောက်ကြွင်းကို စွန့်ပစ်တဲ့ အမှိုက်ပုံက တွေ့ရတဲ့ သားကောင်ရဲ့ အရိုး၊ သားကောင်ရဲ့ ဦးချိုတွေဟာ အရိုင်းမျိုးတွေရဲ့ အရိုးနဲ့ ဦးချိုတွေ ဖြစ်တယ်ဆိုတာ သိရပါတယ်။ နံရံမှာ ရေးဆွဲခဲ့တဲ့ အရုပ်တွေဟာလည်း အမဲလိုက်တဲ့ အခါ သားကောင် များများရဖို့ နတ်ကိုးတဲ့ အရုပ်တွေလို့ ထင်တယ်။ အခု ပြောခဲ့တဲ့ အချက်တွေ အားလုံး ပေါင်းလိုက်ရင် တောင်သူ မဟုတ် မုဆိုးပဲ ဖြစ်ရမယ်။ ရှေးအခေါ်အတိုင်း ဆိုရင် ကျောက်ခေတ်ဟောင်း ကုန်ခါနီး ကာလက လူတွေ ဖြစ်ပါတယ်။ ဝေါဟာရ အသစ် အတိုင်း ပြောရရင်တော့ အရင်အနှစ် ၂၂,၀၀၀ က ၁၀,၀၀၀ အတွင်း ဒေသစွဲ ကာလလူတွေ ဖြစ်တယ်။ ကျောက်လက်နက်ကို အသွားလောက် နဲနဲပေါက်အောင် သွေးပြီ။ ဥယျာဉ်လဲ စမ်းစိုက်ကြည့်ပြီ။ မြေအိုးကိုလဲ ဖုတ်တတ်ပြီ။
ဂူပန်းချီ
ပြဒါးလင်းဂူလို့ နာမည်ပေးထားတဲ့ ဂူထဲမှာ အနောက်တောင်က အရှေ့မြောက် တန်းနေတဲ့ နံရံတစ်ခု ရှိတယ်။ ဒီ နံရံပေါ်မှာ လူရဲ့ လက်ဝါး နှစ်ဖက် အရုပ်၊ အခြေ လေးချောင်း သားကောင်တွေ အရုပ်၊ ငါးလို့ ထင်ရတဲ့ အကောင် တစ်ကောင်ရဲ့ အရုပ်၊ နေရုပ် တစ်ရုပ် ရေးထားခဲ့ပါတယ်။ မြေနီနဲ့ ရေးတယ်။ အရုပ်ပေါ်အောင် ကောက်ကြောင်း ယူပြီးတော့ ကောက်ကြောင်း အတွင်းမှာ ဆေးဘိန်းသွင်းတဲ့ နည်းနဲ့ ရေးခဲ့တယ်။ အကြိုသမိုင်းခေတ်က လူတွေပဲ ရေးခဲ့တယ်လို့ ချက်ချင်း ပြောနိုင်တာက ဂူက စိမ့်ထွက်တဲ့ ထုံးရေဟာ အရုပ်ပေါ်မှာ ကျပါများလို့ ထုံးကျောက်သား တထပ် ပါးပါးဖုံးနေတာကို တွေ့ရတာကြောင့်ပါပဲ။ ဒါ့ကြောင့် နောက်ပိုင်းလူတွေ ဝင်ရေးတာ မဟုတ်ဘူးလို့ ရဲရဲ ပြောရဲပါတယ်။ အဲဒါအပြင် အရုပ်ရေးဖို့ သွေးလက်စ မြေနီခဲကို တူးဖော် တွေ့ရှိရလို့လဲ ဖြစ်ပါတယ်။ ရေးခြယ်တဲ့ အရုပ်တွေဟာ အကြိုသမိုင်း ကာလက ဓလေ့တွေနဲ့ ကိုက်ညီ နေပါတယ်။ အရင် အခေါ်အတိုင်း သတ်မှတ် ပြောရရင် ကျောက်ဟောင်း ကုန်ခါနီး ကာလ မုဆိုးတို့ရဲ့ ဓလေ့နဲ့ဆိုင်တဲ့ အရုပ်တွေပဲ ဖြစ်ပါတယ်။
ပထမဦးဆုံး လက်ဝါး နှစ်ဖက်ကို တွေ့ပါတယ်။ လက်ညှိုးတွေ အဆစ် အပိုင်းလေးတွေ ပြုတ်နေတာကိုလဲ သတိထားမိတယ်။ ချစ်ခင် လေးစားသူ သေရင် ကျန်ရစ်ခဲ့တဲ့ လူက ဆုံးရှုံးတဲ့ အထိမ်းအမှတ် အနေနဲ့ လက်ချောင်းကလေးတွေကို ဖြတ်ပစ်တယ်။ ဖြတ်ပစ်တဲ့ အခါ မှော်ဆရာနဲ့ ဖြတ်မယ်။ ပြီးတော့မှ လက်ကို ဆေးလူးပြီး နံရံမှာ ရိုက်ပစ်ခဲ့မယ် ဆိုတဲ့ သဘောမျိုး ဖြစ်မလားလို့ တွေးကြည့်မိပါတယ်။
နောက်တစ်ရုပ်က ငါးလို အကောင်မျိုးပဲလို့ ထင်တယ်။ နတ်ကိုးပြီးတော့၊ စားသောက်ပုံကို ရည်ညွှန်းတာ ဖြစ်မယ်လို့ ထင်စရာ အကြောင်း ရှိပါတယ်။ နွားနဲ့တူတဲ့ အကောင်မျိုး အရုပ်လဲ အနီရောင်နဲ့ ခြယ်ထားတာ ရှိပါတယ်။ အသေးစိတ် သရုပ်ဖော်ထားတာ မဟုတ်တော့ နာမယ် အတိအကျ ပေးလို့ မရပါဘူး။ ဒါ့အပြင် ဒီအရုပ်တွေ ရေးဆွဲတဲ့ လူဟာ ပုံတူ ရေးခြယ်နည်းမျိုး ရေးတာလဲ မဟုတ်ဖူး။ သူရည်မှန်းတဲ့ အကောင်ကလဲ ယခုခေတ် ယဉ်ပါးအောင် မွေးထားတဲ့ နွားမျိုးလဲ အတိအကျ ဟုတ်မယ် မထင်ဘူး။
နောက်တစ်ကွက်မှာတော့ ဆင်လို အကောင်ကြီးတွေ တစ်ရုပ်ပေါ် တစ်ရုပ် ထပ်ပြီး အများကြီး ရေးထားတဲ့ သဘောမျိုး မြင်ရတယ်။ ထုံးကျောက်ကလဲ တစ်စိတ်တစ်ပိုင်း ဖုံးထားလို့ တစ်ကောင်မှ ပီသအောင် မမြင်ရတော့ပါဘူး။
နောက်တစ်ရုပ်ဟာ ဝက်နဲ့ တော်တော်လေး ဆင်တယ်။ ဒီအရုပ်တွေဟာ သတင်းပို့တဲ့ အရုပ်တွေ မဟုတ်ဘူး။ ဆိုလိုတာက မှတ်တမ်း အဖြစ်နဲ့ ရေးခဲ့တာလဲ မဟုတ်ဘူး။ နတ်ကို ပူဇော် ပသတာနဲ့ပဲ ဆိုင်မယ်လို့ ယူဆပါတယ်။
ကွေ့ကွေ့ကောက်ကောက် မျဉ်းနှစ်ကြောင်းကြားမှာ နေရုပ် ရေးဆွဲထားတာဟာလဲ တစ်ချို့ ထင်သလို နေထွက် ရှုခင်းကား မဖြစ်နိုင်ဘူး။
စောစောက တင်ပြခဲ့တဲ့ အတိုင်း အရင် အနှစ် ၁၅,၀၀၀ က ၁၀,၀၀၀ တွင်း တဖြေးဖြေး မိုးပါးလာတယ်။ အအေးဓာတ် လျော့လာတယ်။ တစ်ဖက်က နေကလဲ ပိုပူလာတယ်။ အပူအအေး အားပြိုင်ရာမှာ အပူက နိုင်လာတာတွေ့ရလို့ နေကို ရှိခိုး ပူဇော်တာလဲ ဖြစ်နိုင်တယ်။
အခြေလေးချောင်း အကောင်ကြီးကြီး နောက်နားက အကောင်ငယ်ငယ် ရုပ်ကိုလဲ တွေ့ရတယ်။ တစ်ချို့က နွားမကြီး နောက်ကို သားငယ်လိုက်တဲ့ပုံ ဖြစ်မယ်လို့ ထင်ကြတယ်။ ကျနော်တို့ကတော့ အဖြစ်အပျက်ကို မှတ်တမ်းတင်တဲ့ပုံ ဖြစ်မယ် မဟုတ်ဘူးလို့ ထင်တယ်။ အကောင်ကြီးကြီးနားမှာ အကောင်ငယ်ငယ် ရေးမိတာပဲ ဖြစ်မယ်။
ကျနော်တို့က မှတ်တမ်းတင်ဖို့ ၁၉ ဧပြီ၊ ၁၉၇၃ မှာ ရောက်သွားပါတယ်။ အရင် အဖွဲ့ တစ်ဖွဲ့က ၉ ဇန်နဝါရီ ၁၉၆၉ မှာ ရောက်တယ်။ သူတို့ မှတ်တမ်းမှာ မပါတဲ့ အရုပ် တစ်ရုပ်ကိုလဲ ကျနော်တို့ တွေ့ပါတယ်။ သမင်ရုပ်နဲ့တော့ တော်တော်တူတယ်။
စောစောက ဆင်တွေ အများကြီး စုပြီး ရေးခဲ့တဲ့ အရုပ်နားမှာပဲ ဆွဲထားခဲ့ပါတယ်။
ဒီ အရုပ်တွေ အားလုံးကို ခေတ်ပြိုင် ဓလေ့ဆင်တဲ့ ပြင်သစ်တောင်ပိုင်း၊ စပိန် မြောက်ပိုင်းက ဂူနံရံ အရုပ်တွေနဲ့ ယှဉ်ကြည့်မယ် ဆိုရင် ဒီက အများကြီး ညံ့ပါတယ်။ ရေးဆွဲသွားတဲ့ လူတွေက သဘာဝနဲ့ အနီးစပ်ဆုံး ဖြစ်အောင် တုပြီး ရေးဆွဲတဲ့ နည်းကိုလဲ မသုံးဘူး။ အလင်းအမှောင်၊ အရောင်နုရင့် ကစားပြီး ရေးနည်းကိုလည်း မသုံးဘူး။ ဒါ့ကြောင့် လူတစ်ချို့ ထင်သလို အရုပ်တွေဟာ ရှင်သန် လှုပ်ရှားနေတယ် ဆိုတာလဲ မဟုတ်ပါဘူး။ ဒီပုံ အားလုံးဟာ အရင် အနှစ် ၁၅,၀၀၀ က ၁၀,၀၀၀ အတွင်း ရေးသွားတဲ့ မုဆိုးတွေရဲ့ နတ်ကိုးကွယ်တဲ့ အရုပ်တွေပဲ ဖြစ်မယ်လို့ ယူဆပါတယ်။
တောင်သူ
အရင် အနှစ် ၁၀,၀၀၀ ကျော်လာတဲ့ အခါ ဗမာမြေပေါ်က မုဆိုးတွေဟာ တောင်သူ ဖြစ်လာကြတယ်။ ကောက်ပင်ကိုလဲ စိုက်တယ်။ ကျွဲ နွား ကိုလဲ မွေးတယ်။ စိုက်ပျိုး မွေးမြူရေး လုပ်တဲ့အခါ ဧရာဝတီမြစ်ရိုးမှာ ရွာတည်ပြီး နေကြတယ်။ ရုက္ခဗေဒ ပညာရှင်တွေက ဗမာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှနဲ့ အိန္ဒိယ အရှေ့ပိုင်းမှာပဲ ပူအိုက် စွတ်စိုတဲ့ မုတ်သုန်ရာသီ ရှိတဲ့ နေရာတွေမှာ ဆန်စပါး စိုက်ပျိုးခြင်း စမယ်လို့ ယူဆကြပါတယ်။ အရှေ့တောင် အာရှမှာ ဆန်စိုက်ပျိုးရေးဟာ အရင် အနှစ် ၈,၀၀၀ ကပဲ ရှိခဲ့မယ်လို့ မှန်းပါတယ်။ စာရေးဆရာ အိပ်ဂျီဝဲရေးတဲ့ ကမ္ဘာ့သမိုင်း အခြေပြ စာအုပ်ထဲမှာ အရင် အနှစ် ၃,၅၀၀ လောက်က အိမ်ကြက်ကို ဗမာနိုင်ငံမှာ စတင်မွေးတယ်လို့ ယူရန်ရှိကြောင်း ရေးခဲ့ပါတယ်။
ဆည်မြောင်း
ဗမာနိုင်ငံ အလယ်ပိုင်းဟာ ခြောက်သွေ့တယ်။ ဒါပေမဲ့ မြေပြန့်တယ်။ မြေဩဇာ ကောင်းတယ်။ ဆည်မြောင်းနဲ့ ရေပေးနိုင်မယ် ဆိုရင် စိုက်ခင်းပျိုးခင်း ကောင်းကောင်း ဖြစ်မယ်။ ဒါ့ကြောင့် ဒီနေရာတွေမှာပဲ ဆည်မြောင်း လုပ်ငန်းကို အရင် အနှစ် ၁၀,၀၀၀ ကပဲ စခဲ့မယ်လို့ မှန်းဆပါတယ်။ ရေပေါများတဲ့ အောက်ပိုင်း ဒေသမှာတော့ စွတ်စိုလွန်း အားကြီးလို့ ရောဂါ ထူပြောမယ်၊ နေတဲ့လူ နဲမယ်။ ရှေးအခါကလဲ လူဦးရေ အင်မတန် နဲလေတော့ ဗမာ အလယ်ပိုင်းမှာပဲ ဆည်မြောင်း လုပ်ငန်းနဲ့ တောင်သူတွေ အနေများမယ်လို့ ယူဆပါတယ်။
သမိုင်းခေတ်
အက္ခရာတင် မှတ်တမ်းရှိတဲ့ ကာလကိုသာ သမိုင်းခေတ်လို့ ခေါ်တယ်။ ဒါ့ကြောင့် ဗမာနိုင်ငံမှာ အရင် အနှစ် ၂,၀၀၀ ကမှ အကြိုသမိုင်းခေတ် ကုန်ပြီး သမိုင်းခေတ် စပါတယ်။
ဒေါက်တာ သန်းထွန်း
https://www.myanmarisp.com/History/PreHistory/prehis0011/%5Bလင့်ခ်သေ%5D