လာချိဒ်လူမျိုး

လာချိဒ်လူမျိုး

လာချိဒ်လူမျိုးသည် တိဗက်၊ မြန်မာအစုဝင်ဖြစ်သည်။ မြန်မာအုပ်စုမှ မရူ၊ အဇီး အုပ်စုခွဲတွင် ပါဝင်သည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနား တစ်ဖက်ကမ်း ဓားလွယ်ခုတ်အရပ်ရှိ ဆဒုံးမှ လောခေါင် တောင်တန်းတစ်လျှောက် ကျေးလက်ဒေသများကား အဇီး၊ လာချိဒ်နှင့် မရူလူမျိုးတို၏ စုဝေးနေထိုင်ရာ အရပ်ဖြစ်သည်။

လာချိဒ်လူမျိုးစုတို့ သည် ဆဒုံး၊ အထက်ဖီမော်၊ ဂေါ်လမ်စသည့် နယ်များတိုင်အောင် ပျံနှံနေထိုင်ကြသည်။ အထူးသဖြင့် အင်မိုင်ခ မြစ်ဝှမ်း အောက်ပိုင်းတွင် အများဆုံး နေထိုင်ပုံရသည်။ အင်မိုင်ခ မြစ်ဝှမ်းသည် မရူ၊ လာချိဒ်နှင့် အဇီးတို၏နေရင်းဒေသ ဖြစ်နေပေသေးသည်။

လရှီလူမျိုး မှ လာချိဒ်လူမျိုးသို့

လာချိဒ် တိုင်းရင်းသားများကို လရှီလူမျိုးဟု လူသိများကြသည်။ ယခင်က လာချိဒ်လူမျိုးကို ဂျိမ်းဖော့တို့က (လရှီ)၊ လော်ဝေါ့်တို့က (လချစ်)၊ ဇိုင်ဝါးတို့က (လချီး)၊ လီဆူးတို့က (အာချဖာ့) ဟု ခေါ်ဆိုကြပါသည်။ ၁၉၇၀−ခု၊ ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့၊ ရန်ကုန်မြို့၌ ကျင်းပသော ပြည်ထောင်စုနေ့ အခမ်းအနားတွင် ကချင်ပြည်နယ် ဒေသပါတီရေးရာမှူး ဦးဂျီဘော့မ်ဇုန်းနှင့် ကျောင်းဆရာကြီး ဦးမဒိန်ဇုန်းခေါယိန်းတို့မှ မိမိတို့မျိုးနွယ်ကို ယနေ့မှ စတင်၍ လာချိဒ်ဟု ခေါ်စေလိုကြောင်း တင်ပြခဲ့သည်။ ထိုအချိန်မှစ၍ နိုင်ငံတော် အစိုးရက လာချိဒ်ဟု ခေါ်တွင် အသိအမှတ်ပြုလာခဲ့သည်။[1]

သမိုင်းကြောင်း

လာချိဒ်မျိုးနွယ်စုအချို့ မေခမြစ်အထက်ပိုင်း ချုံဒါမံဘယ်လန်(Cung Dan be Lang:)ဒေသတွင် နေထိုင်ချိန် ဘီစီ(၄)ရာစုခန့် ခရစ်သက္ကရာဇ်(၁၅)ရာစု အစောပိုင်းတွင် ချူးဒါမ်ငယော်ဒေသမှ လာချိဒ်လူမျိုးများ ဆင်းသက်လာကြသည်။ ယခု မြစ်ကြီးနားအရှေ့မြောက်ဘက် ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ် မြောက်ဘက် ထော့လန်ဒေသအတွင်း တည်ရှိသည်။

လာချိဒ် တိုင်းရင်းသားများသည် နယ်ချဲ့တော်လှန်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှု့တွင် ပါဝင်ခဲ့သည်။ သီပေါမင်းလက်ထက် ၁၈၈၅−ခုနှစ် တတိယအင်္ဂလိပ်မြန်မာ ကျူးကျော်စစ်ကာလ နယ်ချဲ့အင်္ဂလိပ်များ အထက်မြန်မာနိုင်ငံတွင် ရောက်ရှိလာချိန်၊ မြန်မာပြည် အရှေ့မြောက်ဘက် လာချိဒ်မျိုးနွယ်စု အများဆုံးနေထိုင်သော မေခမြစ်တလျှောက် ချန်းမော်ခုန်းဒေသသို့ တရုတ်ဇို့လိုကွမ်းနှင့် ဇိုဆိုင်းရိတို့၏ ကျူးကျော်ရန်ကိုလည်း တွန်းလှန်တိုက်ထုတ်ခဲ့သည်။ ၎င်းတို့ ၂ဦးကို ချန်းမော်ခုန်းဒေသ ပဒေါ့လွင်ပြင်တွင် အသေရရှိခဲ့သောနေ့မှ တရုတ်ကျူးကျော်ရန် ငြိမ်းခဲ့သည်။

ဖက်ဆစ်ဂျပန်တော်လှန်ရေးအပြီး ဒုတယအကြိမ် အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ရာ နယ်ချဲ့အင်္ဂလိပ်လက်အောက်မှ လွတ်မြှောက်နိုင်ရေးအတွက် လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် လာချိဒ် တိုင်းရင်းသား စော်ဘွားများအား ဆက်သွယ်စည်းရုံးလာခဲ့သည်။ ပင်လုံစာချုပ်ချုပ်ဆိုရာတွင်လည်း လာချိဒ်မျိုးနွယ်စုများ ပါဝင်ခဲ့သည်။ ပင်လုံစာချုပ်တွင် လာချိဒ်ကိုယ်စားလှယ်တော် အဖြစ်−

  1. မျိုးဆက်စဉ် (၅၇) ဇောင့်လဂွေကျန်းလုတ်(ဝဏ္ဏကျော်ထင်)
  2. မျိုးဆက်စဉ် (၆၇) ဇောင့်မတောင်တိန့်ခေါဆောင် (ဝဏ္ဏကျော်ထင်)
  3. မျိုးဆက်စဉ် (၆၈) ဆရာကြီး ဆောင်ချန်းဇုန်းတို့ ပါဝင်ခဲ့ကြသည်။


လာချိဒ်၊ အဇီးနှင့် မရူလူမျိုးတို့သည် တစ်မျိုးနှင့် တစ်မျိုး အလွန်တူကြသည့်အပြင် ဘာသာစကားမှာလည်း နီးနီးကပ်ကပ် တူကြ သောကြောင့် တစ်မျိုးပြောသောစကားကို တစ်မျိုးက နားလည်ကြသည်။ လာချိဒ်စကားသည် မရူစကားမှပင် ဆင်းသက်လာသည် ဟု အချို့ပညာရှင်တို့က ဆိုကြသည်။ သို့ရာတွင် လာချိဒ်စကားမှာ ဗမာစကားနှင့် ပို၍နီးစပ်ကြောင်း တွေ့ရသည်။ ဝေါဟာရများ တူညီနေပုံ ဥပမာဆောင်ပုံ၊ စကားစပ်ဟပ်ပုံတို့ မှာ ဗမာစကားနှင့် တစ်ထပ်တည်းပင် ဖြစ်သည်၊ လာချိဒ်လူမျိုးတို့သည် မရူနှင့် အဇီးလူမျိုးတို့ထက် တရုတ်နယ်စပ်နှင့် နီးနီးကပ် နေထိုင်ကြသည်။ လာချိဒ်၊ အဇီးနှင့် မရူလူမျိုးစုတို့သည် မျက်နှာပုံပန်းတွင် ဗမာနှင့် တူလေသည်။ ရှေးက မြန်မာနိုင်ငံအတွင်း ဧရာဝတီမြစ်ရိုး တစ်လျောက် ဆင်းသက်လာကြသော တိဗက် ၊ မြန်မာလူမျိုးစုတို့မှ ကျန်ရစ်ခဲ့သည့် လူမျိုးစုများ ဖြစ်ပေသည်။ နတ်ကိုးကွယ်သူများ ဖြစ်သော်လည်း တရုတ်တို့၏ အယူဝါဒ ကိုလည်း လိုက်နာကျင့်သုံးလျက် ရှိသည်။ မန်းရှန်း၊ ဟရဲ၊ လွတ်ဆင်၊ ယင်ဒမ်၊ ငေါ်လန်၊ ဆီချန်စသည်ဖြင့်လည်း အစုငယ်များ ကွဲပြားနေသည်။ ၁၉၃၁−ခုနှစ် သန်းခေါင်စာရင်း အရ လာချိဒ်လူမျိုး လူဦးရေမှာ ၂၂၁၃၆၂ ယောက်ခန့် ရှိလေသည်။ [2]

ကိုးကားချက်

  1. မြတ်ဝေတိုး၊ မနောမြေက လာချိဒ်တိုင်း ရင်းသား၊ စာပေဗိမာန်
  2. မြန်မာစွယ်စုံကျမ်း
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.