ကသည်းလူမျိုး

မြန်မာမင်းများလက်ထက်ကတည်းကပင် မဏိပူရ ပြည်သားများ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိ နေထိုင်လာခဲ့ကြသည်။ ထိုမဏိပူရ ပြည်သားများနှင့် ယင်းတို့မှ ဆင်းသက် ပေါက်ဖွားလာသူတို့ကို မြန်မာဝေါဟာရအားဖြင့် ကသည်းဟုခေါ်သည်။ ပြောဆိုသောမူရင်း ဘာသာစကားအရ ထိုကသည်းတို့မှာ ကုကီချင်းအစုဝင် ချင်းလူမျိုးတစ်မျိုးဖြစ်ကြောင်း တွေ့ရသည်။ ကုကီချင်းအစုကို မေ့ထေးနှင့် ချင်းရိုးရိုးဟု နှစ်စုခွဲထားရာ၊ ကသည်းတို့မှာ ပထမအစုဖြစ်သော မေ့ထေး Meithei (Kathe) တို့တွင် အပါအဝင် ဖြစ်သည်။ မေ့ထေးမှာ မဏိပူရနယ်သားတို့ကိုခေါ်သော အမည်တစ်မျိုးပင် ဖြစ်သည်။ အမှန်အားဖြင့် မဏိပူရပြည်နှင့် ထိုမေ့ထေးတို့ကို မြန်မာတို့က ကသည်းပြည်နှင့် ကသည်းလူမျိုးဟုပင် ခေါ်ဝေါ်ကြသည်။

ကုန်းဘောင်ခေတ် ကသည်းမြင်းတပ်မှ စစ်သည်တော်တစ်ဦး

၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် ကသည်းလူမျိုး ၆ဝဝဝ မျှ ရှိကြောင်း၊ ယင်းတို့ အနက် ၄ဝဝဝ မျှသာ ကသည်းစကားကို ပြောဆိုနိုင်ကြောင်း သိရသည်။ ကသည်းတို့မှာ ဗြမဏဟိန္ဒူအယူဝါဒီ ၊ဗုဒ္ဓဝါဒီ နှင့် ရိုးရာနတ် ယုံကြည်ကိုးကွယ်သူဟူ၍ အမျိုးမျိုးရှိကြသည်။ မြန်မာနိုင်ငံအတွင်း သူတို့နေထိုင်ရာ အချက်အခြာဒေသမှာ မန္တ‌လေးနှင့် စစ်ကိုင်းတို့ဖြစ်သည်။ထို့အပြင် အခြားသောမြို့ရွာများတွင်လည်း နေထိုင်ကြသည်ကို တွေ့ရသည်။

အိန္ဒိယနိုင်ငံတွင်မူ မဏိပူရပြည်နယ်တွင် အဓိကနေထိုင်ကြသည်။ မြန်မာ့သမိုင်း ပညာရှင် ဗိုလ်မှူးဘရှင်၏ ရေးသားချက်အရ ၎င်းတို့ကို ချင်းလူမျိုးအဖြစ် မေ့ထေး (ကသည်း)ချင်းဟု သုံးနှုန်းမှု ယခင်က ရှိခဲ့သော်လည်း ဆင်းသက်လာပုံ သမိုင်းကြောင်း၊ ဘာသာစကား၊ ဓလေ့ထုံးစံတို့တွင် ချင်းလူမျိုးများနှင့် ဆက်စပ်မှုအလွန်နည်းပါးကြောင်း တွေ့ရသည်။ [1]

ရောက်ရှိလာပုံ သမိုင်းအကျဉ်း

မြန်မာနိုင်ငံတွင်းသို့ ကသည်းလူမျိုးတို့ ရောက်ရှိလာပုံ သမိုင်းအကျဉ်းမှာ ခရစ်နှစ် ၁၇၅၈ ခု အလောင်းဘုရားလက်ထက်၊ ၁၇၆၄ ခုနှစ် ကုန်းဘောင် ဆင်ဖြူရှင်မင်းတရားလက်ထက်၊ ၁၈၁၉ ခုနှစ် ဘကြီးတော် လက်ထက်တို့တွင် မြန်မာတို့က မဏိပူရ ကသည်းပြည်ကို တိုက်ခိုက်သိမ်းပိုက်ကြပြီးသည့်နောက်၊ မဏိပူရ ကသည်းပြည်သူပြည်သားအများကို မြန်မာနိုင်ငံသို့ ခေါ်ဆောင်လာခံကြသည်။ ခေါ်ဆောင်လာသူတို့တွင် ပိုးထည်ရက်လုပ်ရာ၌ ဆန်းကြယ်လှပခက်ခဲသော အဆင်များကို ပေါ်အောင် ရက်လုပ်တတ်သည့် ရက်ကန်းပညာသည်များ၊ အာကာသသျှတ္တရကျမ်း၊ နက္ခတ်ပညာ၊ ဗေဒင်ပညာ၊ ဆေးဝါးနှင့် အရိုးအကြောအနှိပ်ပညာ၊ သဘင်ပညာ တို့တွင် ထူးချွန်ကြသော ပညာသည်များနှင့် မြင်းစီးအတတ်တွင် ကျွမ်းကျင်ကြသော မြင်းသည်တော်တို့ပါဝင် ကြသည်။ ဤကဲ့သို့ ထက်မြက်လှသော လက်မှုပညာ၊ သုခုမပညာ စသည်တို့ဖြင့် မင်းမှုထမ်းနိုင်ကြစေရန် ကုန်းဘောင်ခေတ် ဘုရင်တို့သည် ထိုမဏိပူရ ကသည်းလူမျိုးတို့အား နေပြည်တော်တစ်ဝိုက်ဖြစ်သည့် ယခု မန္တလေးနှင့် စစ်ကိုင်းတို့တွင် နေရာချထားခဲ့ခြင်း ဖြစ်သည်။ လောကီကျမ်း၊ နက္ခတ်နှင့်ဗေဒပညာတို့တွင် ထူးချွန်ကြသော ကသည်း ပညာသင်တို့မှာ ဘုရင်ဧကရာဇ်တို့၏ အတိုင်ပင်ခံ မင်းဆရာများအဖြစ် အမှုထမ်းရသည့် အဆင့်သို့ပင် တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

မဏိပူရကသည်းလူမျိုးအချို့တို့မှာ ဗြာဟ္မဏအနွယ်ဝင်များ ဖြစ်ကြသည့်အတိုင်း ဟိန္ဒူ ဘာသာဝင် ဗြာဟ္မဏများကဲ့သို့ အခြားအမျိုးအနွယ် အခြားဇာတ်ဝင်တို့ကပေးလှူပူဇော်ကြသည်တို့ကို ခံယူ စားသောက်ကြသည်။ ဗြာဟ္မဏအနွယ်ဝင်မဟုတ်သော ကသည်းလူမျိုးတို့မှာမူ အထက်၌ဆိုခဲ့သော လက်မှုပညာ၊ သုခုမပညာလုပ်ငန်းများအပြင် လယ်ယာလုပ်ကိုင်ခြင်း စသည်ဖြင့် အသက်မွေးဝမ်းကျောင်း ကြလေသည်။

မဏိပူရ ကသည်းတို့မှာ မြင်းစီးအတတ်တွင် ကောင်းစွာ ကျွမ်းကျင်ကြသည့်အတိုင်း ကုန်းဘောင်ခေတ် အလျင် မြန်မာ နိုင်ငံ ကစဉ့်ကရဲဖြစ်နေချိန်များတွင် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ကာ ထိပါးတိုက်ခိုက်နိုင်ခဲ့ ကြလေသည်။ သို့ထိပါး တိုက်ခိုက်ခဲ့သည်ကို တုံ့ပြန်သောအားဖြင့် ကုန်းဘောင်ခေတ် တွင် အထက်၌ ဆိုခဲ့သည့်အတိုင်း မြန်မာတို့က သွားရောက် တိုက်ခိုက်ခြင်းသာ ဖြစ်ပေသည်။ မြင်းသည်ကျော်တို့သာ ကစား နိုင်သော ဂူလီကစားနည်းမှာ မဏိပူရ ကသည်းပြည်မှ စ၍ ပေါ်ပေါက်ခဲ့သည်ဟု အချို့ပညာရှိတို့က ယူဆကြသည်။

အလောင်းမင်းတရားကြီး လက်ထက်မှစ၍ ဖွဲ့စည်းလာခဲ့သော ကသည်းမြင်းတပ်မှာ သီပေါမင်းလက်ထက် ရောက်သည် တိုင်အောင် တည်ရှိခဲ့လေသည်။ သီပေါမင်းလက်ထက်တွင် ဖွဲ့စည်းထားသော မြန်မာ့ တပ်မတော်ကြီး၏ စုကြီးအမှုထမ်းတွင် ပါဝင်သော မြင်းအမှုထမ်းတို့တွင် ကသည်းမြင်းတပ် အင်အားမှာ ထမ်းကို ၆၂၂ ဖြစ်၍ မြင်းတပ်၏နောက်ထောက် အင်အားမှာ ၆၂၂ဝ ဖြစ်ကြောင်း သိရသည်။ ထိုမှတစ်ပါး မြန်မာဘုရင်လက်ထက်တွင် ပြန်တမ်းရိုးခံရသောဝန်အဖြစ် ကသည်းဝန်တစ်ဦးကို ကသည်းလူမျိုးထဲမှ ခန့်ထားသည်ကို တွေ့ရသည်။ ဝတ်စားဆင်ယင်ပုံမှာ အိန္ဒိယတိုင်းသားဟိန္ဒူများနှင့် ဆင်သော်လည်း မြန်မာနိုင်ငံတွင် အနေကြာပြီ ဖြစ်သည့်အတိုင်း ကိုယ်အထက်ပိုင်းတွင် မြန်မာကဲ့သို့ဝတ်ဆင်၍ ကိုယ်အောက်ပိုင်းမှာမူ ဒိုတီကိုခါးတောင်း ကျိုက်၍ ဝတ်ကြသည်။ အချို့မှာ မြန်မာတို့ကဲ့သို့ပင် ဝတ်ဆင်ကြသည်။ မိမိတို့၏ မူရင်းဘာသာ စကားအပြင် မြန်မာစကားကိုလည်း ပြောဆိုကြသည်။ မြန်မာတို့နှင့် အတူ ဆက်ဆံနေထိုင်ကြသော်လည်း ရပ်ကွက် ကျေးရွာများတွင် မိမိတို့အစုနှင့် မိမိတို့သီးခြားနေထိုင်ကြသည်။[2]

ကိုးကား

  1. ၂၀၁၄-ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသား အထောက်အကူပြု ကော်မတီ (Chin National Action Committee on Census 2014-CNACC) ၏ ချင်းလူမျိုး အမည်စာရင်း အမှန်ရရှိရေး ဆောင်ရွက်မှု လုပ်ငန်းစဉ်၊ လေ့လာတွေ့ရှိချက်နှင့် ကော်မတီ၏ သဘောထားမှတ်ချက်နှင့် အကြံပြုချက်များ။ ၂၀၁၆၊ ဧပြီလ
  2. မြနမာ့စွယ်စုံကျမ်း၊ အတွဲ(၁)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.