လေးမြို့လူမျိုး
လေးမြို့လူမျိုးသည် လေးမြို့တိုက်နယ်အတွင်းရှိ ချင်းမျိုးနွယ်စုများကို လေးမြို့ချင်းဟု ခြုံ၍ ခေါ်ကြသည်။ အထက်လေးမြို့ တိုက်နယ်တွင် ယဲ၊ ခူနှင့် ဟန်တို့ပါဝင်သော မယာချင်းတို့ရှိသည်။ အောက်လေးမြို့တိုက်နယ်တွင် မင်းအုံးနှင့် လိုင်ချင်းတို့ ပါဝင်သော လေးတူချင်းတို့ နေထိုင်ကြသည်။ ယင်းတို့ အချင်းချင်းကိုမူ တရိုဟု ခေါ်ကြသည်။ တရိုမှာ ချင်းဟု အဓိပ္ပါယ်ရလေသည်။
ယခင်က ကလေးမြို့ချင်းတို့သည် အချင်းချင်း တိုက်ခိုက်နေခဲ့ကြသဖြင့် လူဦးရေ နည်းလာသည်။ ရခိုင်ကုန်သည်များနှင့် ကူးလူးဆက်ဆံမှုများသဖြင့် ရခိုင်စကားကို ကောင်းစွာပြောဆိုတတ်ကြသည်။ အထက်လေးမြို့တိုက်နယ်ရှိ မယာချင်းတို့သည် ဆံပင်ကို ရှေ့နဖူးတည့်တည့်တွင် ထုံးထားလေ့ရှိသည်။ ထို ဆံထုံးတွင် ကြက်တောင် (သို့) လှပသော တိရစ္ဆာန်များမှ အမွှေးအတောင်တို့ကို နှစ်ချောင်းမှ လေးချောင်းအထိ ထိုးထားလေ့ရှိကြသည်။
ရိုးရာဝတ်စားပုံမှာ မြိုအမျိုးသားများကဲ့သို့ပင် အနံ လက်ငါးလုံးမျှ ရှိသော ဖျင်စတစ်စကို ခါးတွင်သိုင်းကာ လုံခြုံအောင် ဆင်ယင်ထားခြင်းသာ ဖြစ်သည်။ အထက်လေးမြို့ ချင်းအမျိုးသမီးများသည် မျက်နှာတွင် လှပအောင် ပါးရဲ ထိုးထားခြင်းမှာလည်း အဆင်တန်ဆာ တစ်ခုပင် ဖြစ်သည်။ တချို့ ပန်းကွက်များပင် ဖော်ထားသည်။ အမျိုးသားများကလည်း ပါးရဲထိုးမှ လှပသည်ဟု ယူဆကြသည်။ အောက်လေးမြို့တိုက်နယ်ရှိ လေးမြို့ချင်းအမျိုးသားများသည် သျှောင်ထုံးထားလေ့ရှိကြသည်။[1]
ကိုးကား
- မောင်ပုဆိုးကြမ်း၊ တိုင်းရင်းသားလူမျိုးများ အဘိဓာန်၊ စာ-၁၀၈၊ ၁၀၉