အင်းသားလူမျိုး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေနယ်၊ အင်းလေးဒေသတစ်ဝိုက်၌ အခြေစိုက်နေထိုင်လျက်ရှိသော လူမျိုးစုတစ်စုကို အင်းသားလူမျိုးဟုခေါ်သည်။ အင်းလေးရေပြင် တွင်လည်းကောင်း၊ အင်းလေးကမ်းစပ် ရေတစ်ဝက် ကုန်းတစ် ဝက်၌လည်းကောင်း ရွာများကို တည်ထောင်နေထိုင်သူများ ဖြစ်ကြသဖြင့် ထိုသို့ခေါ်ဝေါ်ခြင်းဖြစ်ပေသည်။

Intha
အင်းသား
အင်းသားတို့၏ ရိုးရာလှေလှော်နေပုံ
အများစု နေထိုင်သည့် နေရာ
 မြန်မာ၇၀,၀၀၀
ဘာသာစကား
ဗမာဘာသာစကား၏ အင်းသားလေသံ
ကိုးကွယ်မှု
ထေရဝါဒ ဗုဒ္ဓဘာသာ
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
ဗမာ, ရခိုင်

နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ

အင်းသားလူမျိုးတို့သည် ထိုဒေသ၏မူလတိုင်းရင်းသားများ မဟုတ်ချေ။ ယင်းတို့သည် ရှမ်းပြည်နယ်၏ လူမျိုးစုတစ်စု ဖြစ်သော်လည်း၊ ရှမ်းထက်မြန်မာပို၍ဆန်သည်။ အင်းသားတို့၏ စကားအသံ လေယူလေသိမ်းတို့သည် အလွန်ရှေးကျသော မြန်မာစကားသံနှင့်တူသည်။ မျက်နှာပုံပန်း ကိုယ်ခန္ဓာအချိုးအဆက်တို့ကလည်း မြန်မာတို့နှင့်ဆင်သည်။ ထို့ကြောင့် အင်းသားတို့သည် တိဗက်-မြန်မာအနွယ်ဝင် လူမျိုးစုတစ်စုဟု ဆိုကြသည်။ အင်းသားတို့၏ စကားလုံးဝေါဟာရများတွင် ရခိုင်လူမျိုး၊ ထားဝယ်လူမျိုးတို့၏ စကားလုံးများနှင့်ဆင်တူသော ဝေါဟာရများလည်းရှိသည်။ ထို့ကြောင့် အင်းသားတို့သည် ရခိုင်အုပ်စုခွဲ၊ ထားဝယ်အုပ်စုခွဲတို့နှင့် နီးစပ်သောလူမျိုးစု တစ်စုဟုလည်း ဆိုကြသည်။ အချို့ကမူ အင်းသားလူမျိုးသည် ထားဝယ်လူမျိုးမှ ဆင်းသက်ဆက်နွယ်လာသည်ဟု ဆိုကြသေးသည်။

အင်းသားတို့သည် ထားဝယ်လူမျိုးအဆက်ဟု ဆိုကြသော်လည်း အင်းလေးဒေသသို့ မည်သို့မည်ပုံ ရောက်ရှိလာသည်ဟူသော အချက်၌မူ အယူအဆအမျိုးမျိုးရှိနေလေသည်။ အခြေအမြစ်ခိုင်လုံသည်ဟု မဆိုနိုင်သော်လည်း၊ အချို့၏အယူအဆတစ်ရပ်မှာ၊ ပုဂံပြည့်ရှင် အလောင်းစည်သူမင်းသည် ဖောင်စင်္ကြာဖြင့် တိုင်းခန်းလှည့်လည်စဉ်က အင်းလေးသို့လရောက်သောအခါ ထားဝယ်မှပါလာသော ဖောင်တော်အမှုထမ်း ထားဝယ်သားတစ်စု (အချို့ကညီအကိုနှစ်ယောက်ဟု ဆိုသည်။) အား ထိုဒေသ၌ အခြေစိုက်နေထိုင်ရန် နေရာချထားပေးခဲ့သည်။ ထိုထားဝယ်သားတို့သည် အင်းထဲတွင် နမ့်ပန်၊ ဟဲယာ၊ နောင်တော၊ ရွာကြီးဘန့်ပုံးဟူသောရွာ ၄ ရွာကိုတည်ထောင်နေထိုင်ကြသည်။ အင်းထဲရှိထိုရွာလေးရွာကို အင်းလေးရွာဟုခေါ်ရာမှ အင်းကိုလည်းအင်းလေးအင်းဟုခေါ်ခဲ့ခြင်းဖြစ်သည်ဟုဆိုကြသည်။ ထိုထားဝယ်သားတို့မှ မျိုးဆက်ပြန့်ပွား၍ လူဦးရေတိုးတက်လာသဖြင့် ယခုအခါရွာ ကြီးရွာငယ် လေးဆယ်ကျော်ခန့်အထိ ရှိလာခဲ့သည်ဟုဆိုလေသည်။

အလောင်းစည်သူမင်းသည် အင်းလေးသို့ တိုင်းခန်း လှည့်လည်ရောက်ရှိခဲ့သည်ဟု ယူဆကြသည်မှာ တန်ခိုးကြီး ဖောင်တော်ဦးဘုရားငါးဆူသည် ထိုမင်းတရားကြီး၏ ဖောင်တော်ဦး၌ တင်၍ပူဇော်ခဲ့သော ဘုရားများဖြစ်သည်။ အင်းလေး အနောက်ဘက်ကမ်းရှိ ဖောင်တော်ရွာမှ ဘုရားနှင့် ဘုရားခေါင် တိုင်ရွာအနီးရှိ ကွန်းတောင်ဘုရားသည်လည်း အလောင်းစည်သူမင်း တည်ထားခဲ့သော ဘုရားဖြစ်သည်။ ညောင်ရွှေအနောက်ဘက်တွင် ချောင်းမဟုခေါ်သောချောင်းရှိရာ၊ ထိုချောင်းတွင် ဖောင်တော်ဆိုက်ဆိပ်၊ ဖောင်တော်ပြန်ဆိပ်ဟူ၍ အမည်ခေါ်တွင်သော နေရာများဖြစ်သည်ဟု ယခုထက်တိုင် လက်ခံယုံကြည်ကြခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် သလဲဦးရွာနှင့် အင်းအလယ်ဗိုလ်တဲကြားရေအောက်တွင် ပုဆိုးတစ်ပတ်ခန့် လုံးပတ်ရှိသော နန်းတော်၊ သို့မဟုတ် အိမ်တော်တိုင်များရှိခဲ့ရာ၊ မင်းတစ်ပါးပါး စံမြန်းခဲ့သည့်နေရာဟုအယူရှိကြ၍ ထိုနေရာကို အင်းသူအင်းသားများ ဖြတ်သန်းသွားလာခြင်းမပြုကြချေ။

အင်းသားလူမျိုးတို့၏ မူလဘူတနှင့်စပ်လျဉ်း၍ အချို့ သုတေသီတို့၏ အယူအဆမှာမူ တစ်မျိုးတစ်ဖုံဖြစ်သည်။ ယင်းတို့၏အလိုမှာ ရှေးအထက်ကျော်ကာရီက တိဗက်-မြန်မာအနွယ် ဝင် လူမျိုးများသည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသော အခါ၊ မူလပင်ရင်းအုပ်စုကြီးမှ အုပ်စုခွဲများခွဲထွက်ပြီးလျှင် အရှေ့၊ အလယ်၊ အနောက်စသည်ဖြင့် အရပ်ရပ်သို့ပျံ့နှံသွားကြသည်။ အလယ်ပိုင်းသို့ ခွဲထွက်လာသော တိဗက်-မြန်မာအစုတွင် ရခိုင်အုပ်စုခွဲ၊ ထားဝယ်အုပ်စုခွဲ၊ အင်းသားအုပ်စုခွဲတို့ ပါဝင်သည်။ ယင်းတို့သည် တစ်ဖန်လမ်းခွဲခဲ့ကြပြန်ရာ၊ ရခိုင်အုပ်စုခွဲသည် ဧရာဝတီမြစ်အနောက်ဘက်သို့ကူးကာ ရခိုင်ပြည် သို့ရောက်သွားကြသည်။ အင်းသားအုပ်စုသည် အင်းလေးဒေသဘက်သို့ ရောက်ရှိလာကြသည်။ တစ်ချိန်တည်းလိုလို၌ လမ်းခွဲ ထွက်ခဲ့ကြ၍၊ မူလဇစ်မြစ်တူသူများဖြစ်သဖြင့် ရခိုင်၊ ထားဝယ် နှင့် အင်းသားတို့၏ စကားသံ၊ ဝေါဟာရအသုံးအနှုန်းများစွာတို့၌ တူညီနေခြင်းဖြစ်သည်ဟု ဆိုကြလေသည်။

မည်သို့ပင်ဖြစ်စေ အင်းသားလူမျိုးတို့ကား မြန်မာ၊ သို့မဟုတ် ထားဝယ်ဆန်နေသော ရှမ်းပြည်နယ်၏လူမျိုးစုတစ်စု ဖြစ်လေသည်။ ရှမ်းလူမျိုးနှင့် အချို့လူမျိုးတို့က ယင်းတို့အား အင်းမြန်မာများဟု ခေါ်ဆိုကြသည်။ ယခုအခါ အင်းသားလူမျိုး တို့သည် ညောင်ရွှေမြို့မှစ၍ အင်းလေး၏ အရပ်ရှစ်မျက်နှာ တစ်ဝိုက်တွင် ပျံ့နှံ့နေထိုင်လျက်ရှိကြသည်။ ညောင်ရွှေမှ ကယားပြည်နယ် လွိုင်ကော်မြို့အထိ၊ ဘီလူးချောင်း တစ်လျှောက် ဘေးတစ်ဖက်တစ်ချက်၌လည်း အင်းသားလူမျိုးများကို တွေ့ရ သည်။ ၁၉၅၅ ခုနှစ် ရှမ်းပြည်နယ်ဝန်ကြီးဌာန၏ အစီရင်ခံစာ အရဆိုလျှင် အင်းသားလူမျိုးစုစုပေါင်း ရှစ်သောင်းခန့်ရှိမည်ဟု ခန့်မှန်းထားလေသည်။

အင်သားလူမျိုးတို့သည် ရှမ်းပြည်နယ်လူမျိုးစုများအနက် လူနေမှုအဆင့်အတန်း အတော်အတန် မြင့်သူများဖြစ်ကြသည်။ လုံ့လဝီရိယနှင့် ပြည့်စုံသူများဖြစ်သဖြင့် စီးပွားရေးလုပ်ငန်း၊ အသက်မွေးမှုလုပ်ငန်းတို့ကို တစ်မျိုးမကလုပ်ကိုင်ကြသူများဖြစ်ကြရာ၊ စီးပွားရေးခိုင်လုံတောင့်တင်းသူ များပြားလေသည်။


ထို့ကြောင့် ရှမ်းပြည်နယ်တွင် အိမ်ခြေ တစ်ထောင်ကျော်ရှိသောရွာကြီးများ၊ တိုင်တစ်ရာကျော်ရှိသော ဘုန်းကြီးကျောင်းများကို အင်းလေး၌တွေ့ကြရသည်။ ရေပေါ်တွင် ရွာတည်ထားသော်လည်း အိမ်ကြီးအိမ်ကောင်းများစွာကို တွေ့ရပြီးလျှင် ငါးရက်တစ်ဈေးများတွင် မြို့ကြီးများမှဈေးများကဲ့သို့ ပစ္စည်းမျိုးစုံကို ရနိုင်လေသည်။

အင်းသားလူမျိုးများ၏ အကျော်ကြားဆုံးလုပ်ငန်းတစ်ရပ်မှာ အင်းလေးပိုးထည်လုပ်ငန်းဖြစ်သည်။ ဘန်ကောက်၊ ဇင်းမယ်စသောပိုးထည်များရက်လုပ်သည့်လုပ်ငန်းကို ယိုးဒယား နိုင်ငံသို့သွားရောက် လေ့လာကာ၊ တိုးတက်ပြုပြင် လုပ်ကိုင်ခဲ့ခြင်းဖြစ်လေသည်။

လယ်ယာလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းတို့သည် အင်းသားများ၏ အခြားအရေးပါသောလုပ်ငန်းများ ဖြစ်သည်။ အင်းသားများကျွန်းမျောများပေါ်၌ ရေပေါ်ခြံများစိုက်ပျိုးလုပ်ကိုင်ပုံသည် အံ့ဩချီးကျူးဖွယ် ကောင်းပေသည်။ တော်ရုံ ဇွဲ၊ သတ္တိ၊ ဝီရိယမျိုးဖြင့် ထိုရေပေါ်ခြံလုပ်ငန်းကို လုပ်ကိုင်နိုင်ကြသည် မဟုတ်ချေ။ ယင်းတို့သည် ထိုလုပ်ငန်းများသာမက ပန်းဘဲလုပ်ငန်း၊ ပန်းတဉ်းလုပ်ငန်း၊ ပန်းတိမ်လုပ်ငန်း၊ တံငါလုပ်ငန်း များကိုလည်း လုပ်ကိုင်ကြလေသည်။

ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ

အင်းသားအားလုံးသည် ဗုဒ္ဓဝါဒကို သက်ဝင်ယုံကြည် ကြသူများဖြစ်၍ အင်းလေးဒေသတစ်ခွင်၌ ကြီးကျယ်ခန့်ညားသော ဘုန်းကြီးကျောင်းများ၊ ရွှေရောင်တဝင်းဝင်း၊ ထုံးတဖွေးဖွေးနှင့် ဘုရားစေတီများကို တွေ့ရခြင်းအားဖြင့် ယုံကြည်ကိုးကွယ်မှု၌ မည်မျှရိုသေလေးစားခြင်းရှိကြောင်း သိရပေသည်။ အင်းသားလူမျိုးများ၏ ယဉ်ကျေးမှုထုံးတမ်းဓလေ့တို့သည် ရှမ်းနှင့်မြန်မာ ရောနှောနေသော်လည်း မြန်မာပို၍ဆန် သည်။ လှူရေးတန်းရေးတို့၌လည်းကောင်း၊ တူရိယာ၊ တေးဂီတ နှင့် အကအခုန်တို့၌လည်းကောင်း ရှေးခေတ်မြန်မာတို့၏ လုပ် နည်းလုပ်ဟန်များကို တွေ့ရသည်။ လက်ထပ်ထိမ်းမြားရာ၌ မြန်မာထုံးတမ်းအစဉ်အလာများကို အတော်အတန်များများ အသုံး ပြုကြသည်။ အင်းသူအင်းသားသေဆုံးလျှင် အချို့ရေများရာ အရပ်၌ ကျွန်းမျော၏ရေအောက်၌ မြှုပ်နှံကြပြီးလျှင် ရေနည်း သောကုန်းတစ်ပိုင်း၊ ရေတစ်ပိုင်းအရပ်များတွင်မူ၊ ကုန်းမြေ သုဿာန်၌ မြှုပ်နှံကြလေသည်။

တစ်ရွာ၌အလှူအတန်းရှိလျှင် အခြားရွာများက ရွာလုံးကျွတ် မိမိတို့ရိုးရာ မောင်းဆိုင်းဝိုင်းခေါ် အိုးစည်၊ လင်းကွင်း စသည့် အတီးအမှုတ်အကအခုန်များဖြင့် သွားရောက်ကူညီလေ့ရှိ ကြသည်။ ဟဲရားရွာမခေါ်ရွာကြီးတွင် ဘိုးဘေးလက်ထက်ကစ၍ ထင်ရှားလာသော လံစည်ဟုခေါ်သည့် သဘင်အကတစ်မျိုးရှိရာ၊ အပြောအဆို၊ အပြင်အဆင်တို့သည်ထီးမူနန်းဟန်ပါ၍၊ နှစ်သက်ဖွယ် ကောင်းလေသည်။

ဝတ်စားဆင်ယင်ပုံတွင် အမျိုးသားများသည် များသောအားဖြင့် ရှမ်းဘောင်းဘီနှင့် တိုက်ပုံအင်္ကျီကိုဝတ်ဆင်ကြပြီးလျှင်၊ မျက်နှာသုတ်ပုဝါကို ခေါင်းပေါင်းထားလေ့ရှိကြသည်။ ဘောင်းဘီ နှင့် တိုက်ပုံအင်္ကျီများကို အင်းလေးရက်ကန်းမှထွက်သော ဖျင်နီထည်များဖြင့် ချုပ်လုပ်ကြသည်။ အချို့ အင်းသားအဖိုးအိုများသည် ရှမ်းအမျိုးသားကြီးများကဲ့သို့ ရှမ်းဘောင်းဘီနက်ကြီး များကို ဝတ်ဆင်ကြသည်။ အမျိုးသမီးများသည် မြန်မာအမျိုးသမီးများကဲ့သို့ပင် ဝတ်ဆင်ကြရာ၊ ဝတ်စားပြင်ဆင် ဆင်ယင်ထုံးဖွဲ့မှု၌ မြန်မာအမျိုးသမီးများကဲ့သို့ ခေတ်မီသော အင်းသူအမျိုးသမီး များစွာရှိနေလေပြီ။ အချုပ်ဆိုရလျှင် ရှမ်းပြည်နယ် လူမျိုးစုများအနက်၊ အင်းသားလူမျိုးတို့သည် အခြားလူမျိုးစုများကဲ့သို့ သီးခြားဝတ်စားဆင်ယင်မှု မပြုကြချေ။ အင်းသားလူမျိုးတို့၏စာသည် မြန်မာစာပင်ဖြစ်၍၊ အသံအနေအထားတွင်သာ ကွဲလွဲမှုရှိလေသည်။

[1]

ထင်ရှားသော အင်းသားလူမျိုးများ

  • ရော့ခ် အဆိုတော် လေးဖြူ
  • ရော့ခ် အဆိုတော် အငဲ
  • ရော့ခ် အဆိုတော် (Maung Maung Zaw latt)
  • ရော့ခ် အဆိုတော် (Tha O)

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.