မြိုလူမျိုး

(စစ်တကောင်းတောင်တန်းဒေသနေ မရူစား ( မြို ) များနှင့် မရောထွေးပါနှင့်)

မြိုလူမျိုး
မြိုအမျိုးသမီးတစ်ဦး
လူဦးရေ စုစုပေါင်း
၇၇,၅၂၇- ၈၃,၀၀၀ (၂၀၀၄)
အများစု နေထိုင်သည့် နေရာ
မြန်မာနိုင်ငံ (ချင်းပြည်နယ်ရခိုင်ပြည်နယ်)
 မြန်မာ83,000
ဘာသာစကား
မြိုဘာသာစကား (ဒေသိယစကား: Arang (Ahraing Khami, Areung, Aroeng),Xengna (Hrengna, Xata, Vakung (Wakun, Wakung))
ကိုးကွယ်မှု
နတ်ကိုးကွယ်ယုံကြည်မှုဗုဒ္ဓဘာသာခရစ်ယာန်ဘာသာ
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
ချင်းလူမျိုး

တိဗက် - မြန်မာ အစု လူမျိုးများအနက် မြိုလူမျိုး တို့သည် ချင်းပြည်နယ်တောင်ပိုင်း နှင့် ရခိုင်ပြည်နယ် တွင် ပြန့်ကြဲ့ နေထိုင်သည်။ ရခိုင်ရာဇဝင်များ၏ ဖော်ပြချက်များတွင် မြိုလူမျိုးတို့သည် ရခိုင်ပြည်နယ် သို့ ရှေးဦးစွာ ဝင်ရောက်လာသော လူမျိုးများ ဖြစ် သည်ဟုဆိုသည်။ [1] မိမိ ကိုယ်ကို မြို စကားအားဖြင့် ခမိ ဟုခေါ်ဝေါ်ကြသည်၊ ‘လူ’ ဟု အနက် ရ သည်။[2] မြိုလူမျိုးများသည် ကိုယ်ပိုင် ဘာသာ စကား၊ ယဉ်ကျေးမူ ရှိသည်။ မြို လူမျိုးသည် မျိုးနွယ်ကွဲ များပြားသော လူမျိုးဖြစ်သည်။ မြို အမျိုးကွဲပေါင်း (၁၀၀) ကျော်ရှိသည်[3]

မြိုလူမျိုးတို့သည် တချိန်က ရခိုင်ပြည်တွင် မင်းဧကရာဇ်များအဖြစ် နန်းတက်၍ "မြို" မင်းဆက် နှစ်ဆက်ကိုပင် တည်ထောင်ခဲ့ဘူးလေသည်။ ထိုသို့ မြိုမင်းဆက် နန်းတက်ခဲ့သည်မှာ သက္ကရာဇ် ၁၃၁ ခုနှစ်မှ ၁၅၆ ခုနှစ်အထိ ၂၅ နှစ်ခန့် ကြာခဲ့လေသည်။

ဤသို့ မြို့မင်းဆက် နှစ်ဆက် ထူထောင်ခဲ့ဘူးသော မြိုလူမျိုးတို့မှာ ယခုအခါ မထင်မရှားသော လူမျိုးအနေဖြင့် တည်ရှိကာ၊ အခြား မြန်မာနိုင်ငံ တိုင်းရင်းဘွားတို့ကပင် မြိုလူမျိုးတို့အကြောင်းကို မသိရှိကြပေ။[4] မြိုလူမျိုးတို့သည် မြို တို့အခေါ် တွီပင်[5](တိဗက်) ဒေသမှ ဆင်းသက်လာကြသော မျိုးနွယ်စုဖြစ်သည် ဟု မြို လူမျိုးတို့၏ ရိုးရာသီချင်း၊ ဝတ္ထု၊ ပုံပြင်များအရ သိရပေသည်။ ထိုနေရာမှ တောင်ဖက်သို့တရွေ့ရွေ့ ရွှေ့ပြောင်းလာကြကြောင်း ဆိုသည်။ ထို့နောက် ရုန်ခိုတွင်နှစ် သုံးဆယ်ခန့်နေထိုင်ကြကြောင်း၊ ထိုမှတဆင့် မတူပီနယ် စဖွယ် (Cha Phawi) တောင် သို့ရောက်ရှိလာကာ ထိုနေရာတွင် နှစ်ပေါင်း ( ၃၀၀ ) ခန့်နေထိုင်ကြကြောင်း ထို့နောက် ပလက်ဝနယ် ခန်လုံးမွယ် ( Khang Lyhn Mawi) သို့ ပြောင်းရွှေ့ကြ ကြောင်း ခန်လုံးမွယ်မှ ရခိုင်ပြည်နယ်သို့ စုန်ဆင်း သွားကြကြောင်း ခူမီး (ခမီး) သမိုင်းက အခိုင်မာ ဆိုထားသည်[6]။ မြိုလူမျိုးတို့၏ ပါးစပ်ရာဇဝင်တွင် ရှေးက ၀ါရဓမ္မတူ၏သား ခေါစာပတိသည် နောက် လိုက်ဗိုလ်ပါတစ်သောင်းနှင့် အားသံပြည်မှ တဆင့် ကစ္ဆပနဒီမြစ်ညှာတစ်ခုသော နေရာတွင် ခြံစည်းရိုး ( ၇ ) ထပ်ကာရံကာ နေထိုင်ခဲ့ကြောင်း၊ တိဗက်ဒေသမှ အာသံ မဏိပူရ ၊ ယနေ့ချင်းပြည်နယ်၊ မာတူပီ၊ ပလက်ဝ ဒေသမှ ရှေးခေတ် ရက္ခပူရတိုင်း ဓညဝတီ သို့ ဘီစီ ၃၃၂၅ မတိုင်မှီ ရောက်ရှိခဲ့ကြောင်း၊ ဆင်းသက်လာကြစဉ် တွင် "ရွီစာ" ဦးဆောင်သော ရှေ့သွား အုပ်စုနှင့် "မရူစား" ဦးဆောင်သော နောက်လိုက် အုပ်စု တို့ ကွဲ လွဲ ကြရသည်ဟု ဆိုသည်။ ကစ္ဆပနဒီမြစ်ဝှမ်းဒေသသို့ ရခိုင်လူမျိုးများ မြောက်ဘက်မှဝင်ရောက်လာရာ မြိုတို့သည် အဆိုပါဒေသတွင်ရှိနှင့်နေပြီးဖြစ်ကြောင်း ပထမဓညဝတီကိုတည်ထောင်ကာ ရခိုင်မင်းဆက်ကို တည် ထောင်ခဲ့သော သူရဲကောင်း မင်းမာရယုသည် "မြို"အကြီးအကဲတစ်ဦး၏သမီး မပိန်နှင့် လက်ထပ်ထိမ်းမြားခဲ့ကြောင်း၊ ထို့နောက် "မြို"လူမျိုးတို့နှင့် ပူးပေါင်းကာ ထိုစဉ်က ကစ္ဆပနဒီ မြစ်ဝှမ်းတစ်ဝိုက် မင်းမှုဆိုးသွမ်းနေကြသော ဘီလူးများကို တိုက်ခိုက်အောင်မြင်ခဲ့ကြောင်း ရခိုင် သမိုင်းများက ဆိုပါသည်။

ထိုအကြောင်းကို အဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်းအပိုဒ် ( ၆ ) တွင် 'မာရယုလျှင်၊ ဘဖြူမြိုထီး၊ သင်းကြီးအောင်လာ၊ သည်းချာဒေဝီ၊ သမီးဘီနှင့် ယှဉ်မှီတကွ' ဟူ၍ စပ်ဆိုထားပါသည်။ ရခိုင်မဟာမုနိ ဘုရားသမိုင်းစာအုပ်တွင် 'မာရယုသည် စွမ်းရည်သတ္တိနှင့် ပြည့်စုံသည် ဖြစ်၍ မြိုလူမျိုး ခေါင်းဆောင်ရအောင်လာ၏ သမီးနှင့်လက်ထပ်သည်' ဟုဖော်ပြထားပါသည်။ ဒေါက်တာ ပင်မလာဂါတ်မင် ၏ Burma’s Lost Kingdoms စာအုပ်တွင် ဤသို့ဖော်ပြထားသည် “ရခိုင်ပြည်တွင် မည်သူတို့ အစောဆုံးအခြေချနေထိုင်ခဲ့ကြလဲ့ ဆိုသည် ကို တပ်အပ်မပြောနိုင်ပါ။ ဖြစ်နိုင်ခြေ အများဆုံးမှာ ဝေးလံခေါင်ဖျား ဒေသများတွင် ယခုအထိရှိနေဆဲဖြစ်သည့် ချင်း ၊ မြို နှင့် သက်စသည့် မျိုးနွယ်စုများ ဖြစ်ပါလိမ့်မည် ဟုဖော်ပြထားသည်။” ( We cannot be sure who the earliest inhabitants of Arakan were. Most probably they included some minorities group still surviving in the remoter arears: the Chin, the Mro and the Sak[7] )

တိုင်းရင်းသားရိုးရာယဉ်ကျေးမှုချင်းလူမျိုးများစာအုပ်တွင် မြို (အဝ) တို့မှာ ခူမီး (ခမီး) တို့နှင့်အတူဆင်း သက်လာပြီး ခန်းလုံတောင်တွင် ခူမီး(ခမီး) အုပ်စုများနှင့် ခွဲကာ မီးချောင်း၊ ရန်ချောင်း၊ သရီချောင်းအတိုင်းစုန်ဆင်းလေသည်။ မီးချောင်း၊ သမိန်ချောင်းများတဝိုက်နှင့် တောင်ပေါ်တွင်နေထိုင်သူများကို တောင်မြို[8] များဟုခေါ်ကာ မီးချောင်းနှင့် သမိန်ချောင်းဝ တွင်နေထိုင်သူများကို အဝမြိုဟုလည်းကောင်းခေါ်သည်။ မြို မျိုးနွယ်များသည် မီးချောင်းကို အခြေခံကာ ခူမီးတို့၏ ဖိအားကြောင့် တောင်ဖက်သို့ ရွှေ့ပြောင်း ရခြင်းဖြစ်ဟန်တူပေသည်။ ထိုရွှေ့ပြောင်းခြင်းသည် ရှစ်ရာစုခန့်ဖြစ်နိုင်ကြောင်းယူဆရပါသည်။ မျိုးနွယ်စုများ၏ နှုတ်ရာဇဝင်များအရ တောင်ဖက်သို့ ရောက်ရှိလာပြီးမှ မြောက်ဖက်သို့ပြန်ဆန်တက်ရကြောင်း တွေ့ရပါသည်။ ထို့ကြောင့် တောင်ဖက်ဖျားဆုံး မင်းပြားနယ်သို့တိုင်ရောက်ရှိပြီး ထိုအရပ်တွင် မြိုတောင်အမည်ရှိ တောင်တွင် အရိုးအိုး များထားရှိကြောင်းတွေ့ရသည်။[9]

နေထိုင်ရာဒေသ

ရှေးဦးမြိုလူမျိုးများသည် ဂူထဲတွင် အနေကြာလာပြီးနောက် လူဦးရေ တဖြည်းဖြည်းတိုးပွားလာကြရာမှ ဂူထဲအနေမဆံ့သည့်အခါ လည်းကောင်း၊ အနာ၊ ရောဂါဘယများပြားခြင်းကြောင့်လည်းကောင်း၊ အချင်းချင်းပြဿနာရှိလာကြခြင်းကြောင့်လည်းကောင်း၊ အကြီးအကဲတို့ရဲ့ ခွင့်ပြုချက်အရ သဘာဝကျောက်ဂူခေါင်းထဲမှ အပြင်ထွက်ကြပြီး ခြံစည်းရိုးခုနှစ်ထပ်ဖြင့် ကာရံလျက် နေထိုင်ကြသည်။ ယင်းသို့ ခြံစည်းရိုးခုနှစ်ထပ်ဖြင့် ကျားရဲတိရစ္ဆာန်တို့၏ ဘေးရန်မှ ကာကွယ်နေထိုင်ခြင်းကို မြို ခေါ် ခမိ ဘာသာစကားဖြင့် မရူဆရီကာ အဲဒတ် ဟု ခေါ်ဆိုကြသည်။ နောင်တွင် မရူမှ မရို၊ မြို ဖြစ်လာသည်။ ရှေးပညာရှိများက မြို ခေါ် ခမိ ဘာသာစကား၊ ခြံစည်းရိုး အခေါ်အဝေါ် မြို ကို အခြေပြုပြီး ခြံစည်းရိုးအတွင်းနေထိုင်လူ(လူမျိုး) မြိုလူမျိုးဟု သမိုင်းမှတ်တမ်းများ တင်ခဲ့ကြပါသည်။ ယင်းမှတစ်ဖန် ခေါ်မှုန့် ကို အစွဲပြုပြီး မြို ခေါ် ခမိ ဘာသာစကားဖြင့် အချင်းချင်းခေါ်ဝေါ် ရည်ညွှန်းပြောဆိုလေ့ ရှိကြပြီး ခမီ(လူသား)ကိုလည်း အမည်နာမပညတ်ပြီး ခေါ်ကြသည်။

မြိုလူမျိုးတို့သည် ချင်းပြည်နယ်တောင်ပိုင်း နှင့် ရခိုင်ပြည်နယ် တောတောင်ထူထပ်သော အရပ်ဒေသ၊ မြစ်ချောင်းအင်းအိုင် အနီးရာသီဥတု အေးမြသောဒေသများတွင် ပြန့်ကြဲ့ နေထိုင်သည်။ မြိုလူမျိုးများ ကို ချင်းပြည်နယ် မီးချောင်း နှင့် သမိန်ချောင်းတွင်လည်းကောင်း၊ ရခိုင်ပြည်နယ် မြို့ဟောင်း (မြောက်ဦး) မြို့နယ် အကြီးတော်မတိုက်နယ် နှင့် ရမ်းချောင်း တိုက်နယ်၊ ကျောက်တော်မြို့နယ်ရှိ သရီချောင်း ၊ ပီချောင်း၊ ယိုးချောင်း နှင့် တောမိရွာတွင်လည်းကောင်း၊ ပုဏ္ဏားကျွန်း မြို့နယ်ရှိ၊ စမ်းမတီးချောင်း ၊ တောဖျားချောင်း၊ ကြိမ်ချောင်းနှင့် မောင်မချောင်း တွင်လည်းကောင်း၊ ဘူးသီးတောင်မြို့နယ် စိုင်းဒင်းဒေသ[10] နှင့် ပေါက်တောမြို့နယ်တို့တွင် ပြန့်ကြဲ့ နေထိုင်သည်။

မြိုလူမျိုးတို့သည် သမိုင်းလာရာဒေသများတွင် ယနေ့တိုင် ရပ်ရွာတည် ၍ နေထိုင်ကြဆဲဖြစ်သည်။ အမတ်ဓမ္မဇေယျသည် မြောက်ဖက်သို့ ဆုတ်ခွာရာတွင် ချင်းပြည်နယ် ပလက်ဝအောက်ပိုင်း မီးချောင်းဂူဝအထက်တွင်ခိုလှုံသည်ဟုဆိုသည်။ ထိုအရပ်ကို ဥတ္တရာဇ်ဟုခေါ်သည်။ ထိုသူများကို မြုံလူမျိုးများဟု အမည်တွင်လာကြောင်း ရခိုင်မှတ်တမ်းများတွင် ဖော်ပြထားလေသည်။[11] စန္ဒာဒေဝီမိဘုရားသည် အမတ်တို့နှင့်တိုင်ပင်ပြီး၊ နတ်ရွာစံပြီးသော ဘုရင်မင်းကြီး၏ အလိုအတိုင်း လက်စွပ်တော်နှင့်တန်သောသူကို မင်း ပြုရန် ရှာဖွေရာ နောက်ဆုံးတွင် မီးချောင်း အဖျားတွင် အဆင်းအဝါခွန်အားနှင့် ပြည့်စုံသော မြို သင်းကြီး ညီနောင် သားအဖ သုံးယောက်တို့ကို ကွန်ပစ်၍တွေ့လျှင် ဝေသာလီပြည်သို့ ဆောင်ယူကာ အစ်ကိုကြီး အမြတူကို စန္ဒာဒေဝီမိဘုရား နှင့်လက်ဆက်စေလျှက် မင်းအဖြစ်တင်မြှောက်ကြသည်။ ညီတော် အမြကူကို အိမ်ရှေ့အရာပေးပြီး၊ သားပဲဖြူကို မြောက်ဦးရွာ ကို အပ်နှင်းလေသည်။ အေဒီ ၇၉၆ - ၇၇၆ ခုနှစ် ဖြစ်သည် ဟု ရခိုင် ပညာရှင်များက တွက်ချက်ကြပါသည်။ ရခိုင်မင်းသမီး ဧချင်း အပိုဒ် ၁၄ တွင် - ‌ ဧေး ဧေး ဗိန့်စေရုန်၊ ပန်နှယ်ကုံဗိန့်၊ ပြည်လုံနှုန်မျှ၊ တိုင်မရ၍၊ ဆားဝမည်ထဲ၊ တောင်ရွာထဲဝယ်၊ အမြေဲနေပင်၊ မြိုတွင်ထင်ရှား၊ သင်းကြီးသားဟု၊ ရည်သွားလုံးရပ်၊ စေ့ကြပ်ကျစ်ကြော၊ ချောမောဆင်ယောင်၊ ညီနောင်သားဘ၊ သုံးယောက်ရလျဂ်၊ အစတည်တုံ၊ အမြထုံနှင့်၊ တူစုံသာအောင်၊ ထီးနန်းဆောင်း၍၊ နောင်းကကြိန်မူ၊ သာပေဖျူနှင့်၊ ရိပ်ဖြူဆောင်ချုပ်၊ ပြည်ရွာအုပ်လျှက်၊ တုံလှုပ်မစွန်၊ ခပ်ယိုစွန်တွင်၊ သျှန်ကိုသိန်ရှင်၊ဘိုးခင်ဘွားကြီး၊ တောင်ရိုးစီး၍ ၊ ဖျက်ဆီးလေခါ၊ တို့ရွာတကြိန်၊ မင်းမဲ့ဘိန်သည် စည်းစိမ်မထွန်း၊ ရှူးတဲ့လေ[12]၊ ထိုမြိုသားအဖတို့ နေသောနေရာသည် ယနေ့ ချင်း ပြည်နယ် ပလက်ဝဒေသ မီးချောင်းမှ ဆားဝရွာကိုပင် ဆိုလိုခြင်း ဖြစ်သည်။

အမြတူမင်းသည် မင်းပြုနန်းစံပြီးခြောက်နှစ်ရှိလတ်သော် စန္ဒာဒေဝီမိဖုရားသည် လင် မင်းကြီးအမြတူကိုထက် မတ်တော်ဖြစ်သော အိမ်ရှေ့မင်းအမြကူသည် အရောင်အဆင်း၊ အရည်အချင်း၊ ခွန်အား၊ လက်ရုံးနှင့်ပြည့်စုံခြင်းကြောင့် တပ်မက်ခြင်းဖြစ်၍ မှားယွင်းကျူးလွန်လေသည်။ လင် မင်းကြီးအမြတူကိုသတ်၍ မတ်တော်အမြကူ အိမ်ရှေ့မင်းသားနှင့် မင်းပြုနန်းစံမည်ကြံသည်ကို မင်းကြီးသိလေသည်။ ထိုအခါမိဖုရားနှင့် ငါ့ညီတို့သည် ငါ့အားအသက်ကိုကြံစည်နိုင်ကြောင်း ရိပ်မိသဖြင့် သူ့ကို ငါလျင်အောင်ကြံစည်မည်ဟု ပရိယာယ်ဖြင့်ရိုးရာပွဲတော် (ဆနိ) ပြုလုပ်ရန်ဟုဆိုကာ နွားနောက်နှင့်ကျွဲဖြူတို့ကိုယူလျက် မြိုတို့၏ရိုးရာအဝတ်အစားဖြစ်သော ကြိမ်နွယ်၊ ကြွေပေါက်၊ ဦးဖွဲ့စသည်တို့ကို ဝတ်ဆင်လျက် တောင့်၊ လေး၊ မြှား တို့ကိုကိုင်၍ ညီအားရှေ့မှ နွားကြိုး၊ကျွဲကြိုးကို ကိုင်ငင်စေပြီး ရှေ့ကသွားစေသည်။ မြိုမင်းကြီးအမြတူသည် တောင့်၊ လေး၊ မြှား၊ လွှား၊ တို့ကိုကိုင်လျှက် နောက်မှလိုက်လေ၍ အစဉ်အတိုင်းသွားကြလေသော် လဆုတ်ကာလဖြစ်သော ညဉ့်သန်းခေါင်ယံလွှဲ၊ မိုးသောက်လုခါနီးအချိန်တွင် ညီတော်ဖြစ်သော အိမ်ရှေ့မင်းကို အဆိပ်လူးသောမြှားဖြင့် ပစ်ခတ်သတ်ဖြတ်လေသည်။ ၄င်းကို မြိုလူမျိုးတို့သည် ရှေ့အစဉ်အလာ စကားအရ အမြတူမင်းကြီးသည် ညီတော်အမြကူအား သနား၊ ကြင်နာ၊ လွမ်းဆွေး၊ သတိ အမှတ်ရစွာဖြင့်လွမ်းစေတီတစ်ဆူတည်ထားလေသည်။

၄င်းစေတီကို "နွားလိုက်စေတီ" ဟူ၍ ရှေးမြိုလူမျိုးတို့က ခေါ်ဆိုကြလေသည်။ ယခုအခါ "နားလိပ်စေတီတော်[13]" ဟုခေါ်ဆိုကြသည်။ မြိုပဲဖြူမင်း နန်းစံနှစ် တဆယ့် ခုနှစ်အကြာတွင် ကိုးသောင်းသော ရှမ်းတို့သည် လေ့မြို့ မြစ်ဖျားမှ ဆင်းသက်လာပြီး စစ်မက်ပြုလေသည်။ ပဲဖြူမင်းသည် အားမတန်သောကြောင်း နောက်လိုက်များနှင့် တကွ ယိုးချောင်းဖျား သပိတ်တောင်တွင် မြို့တည်ကာ နေရာ များ မကြာမှီ ကွယ်လွန်လေသည်။ ထို သပိတ်တောင် ဆိုသည်မှာ ယခုအခါ ရွှေပန်းခိုင် (မြိုရွာ)ဖြစ်သည်။ ကျောက်တော်မြို့၏အနောက်တောင်ဘက် ( ၇၁၅ ) မိုင် ခန့်ရှိသည်ဟုဆိုသည်။

ဘာသာစကား နှင့် စာပေ

မြို လူမျိုးတို့တွင် နေရာ ဒေသ နှင့် လိုက်၍ ဒေသိယ ဘာသာစကား အနည်းငယ် ကွဲပြားမှုရှိသည်။ ကိုယ်ခန္ဓာ အစိပ်အပိုင်’ကိုခေါ်ဆိုသောအခါ “အ” သို့မဟုပ် “လ”နှင့်စ၍ ခေါ်ဝေါ်လေ့ရှိသည်[14]။ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ပြောဆိုသောစကား များအား ခြုံငုံကြည်သော် အောက်ပါ ဒေသိယ အုပ်စုများကိုတွေ့ရသည်။

  1. ဝါကုန် (Vaqkun)
  2. တွီရွန် (Tuiron)
  3. ခိုင်နက် (Xienauq)
  4. ခါတက် (Xautau)
  5. ပါမနက် (Pamnauq)
  6. လေခခ် (Likhy)
  7. အကေအလောင် (Akiealon)

တို့ ဖြစ်သည်[15]

အထက်ပါ အကြောင်းအရာသည် ချင်းပြည်နယ်မှသည် ရခိုင်ပြည်နယ် ကုလားတန် မြစ်ဝှမ်းတလျှောက် ပြောဆို ဆက်ဆံကြသော မြိုလူမျိုးတို့၏ ဒေသိယ စကားပြော ဆိုသော အစုပင် ဖြစ်သည်။

မျိုးနွယ်စု ကြားတွင် ဝါကုန်းစကား အပြော များဆုံး ဖြသည်။ ၁၉၁၁ ခုနှစ် ဗမာ့ သန်းခေါင်စာရင်း အစီရင်ခံစာ အပိုင်း ( ၁ ) နောက်ဆက်တွဲ့ စာမျက်နာ ၄၃၇ တွင် မြိုလူမျိုးတို့၏ ဘာသာစကားကို ဤသို့ဖော်ပြထားသည်[16]

၁၉၁၁-ခုနှစ် မြို၊ ခမီး စကားများအား နှိုင်းယှဉ်ပြခြင်း

မြို လူမျိုးတို့၏ ဘာသာစကားနှင့် ရိုးရာဓလေ့တို့သည် တောင်ပိုင်း ချင်း များနှင့် ပိုမို တူညီမှုများသည်။ မြိုလူမျိုးတို့သည် ဘာသာစကားတွင် ခူမီး( ခမီး ) များနှင့် ၇၈% ရာခိုင်နှုန်းတူပြီး မရူစား ( မြို) နှင့် ၃၉% ရာခိုင်နှုန်း တူသည်[17]။ ထို့ကြောင်း Captain G.C. Rigby ၏ History Of Operation in Northern Arakan and the Yawdwin Chin Hills (1896-97) စာအုပ်တွင် ဤသိုဖော်ပြထားသည်။ Mro much resemble the Kwaymis. The dialect spoken by them is different, but allied to that of the kwaymis[18] .

မြိုလူမျိုးတို့သည် ခူမီး များနှင့်များစွာ တူညီမှုရှိ၏။ ဘာသာစကားတွင်ကွဲသည်။ သို့သော်လည်း အပြန်အလှန် ဆက်စပ်မှု ရှိသည်၊ ( မြို တို့သည် များနွယ်ကွဲများစွာ ရှိနေသေးသည်ကိုနားလည်စေရန်သာ ဖြစ်သည်။ ) စာပေတွင်ဝါကုန်းစကားကို အဓိက ထားသုံးသည်။ မြို တို့တွင် ကိုယ်ပိုင်စာပေ ရှိသည်။ ၎င်းစာပေကို ၁၉၉၇ - ခုနှစ် တွင် ဆရာ ဦးကျော်သာအောင် (ကေဖ) က ဂျာမန် စာပေပညာရှင် Dr. Kenneth Greggerson ၏အကူညီရယူကာ ရောမအက္ခရာဖြင့် တီထွင်သည်။ ၎င်းတို့ ဂျာမန် ဆရာ မ ဟေလဂါ ၏ မြို လူမျိုးတို့ အပေါ် ထား ရှိသည် မေတ္တာသည်သည် အဓိက အချက်ပင် ဖြစ်သည်။ သူမသည် မြို စာ ဖြစ်မြောက်ရေးအား အဓိက ကူညီပေးသူ ဖြစ်သည်။[19]

မြိုလူမျိုးတို့အသုံးပြုသည် မြိုစာပေ အက္ခရာ

ယုံကြည်ကိုးကွယ်မှု

ရှေးကမြိုလူမျိုးတို့သည် မိရိုးဖလာ နတ်ကိုးကွယ်ကြသည်။ နောက်ပိုင်းတွင် အများစုမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။ ခရစ်ယာန် ဘာသာ ကိုးကွယ်သူများလည်း ရှိသည်။ ဗုဒ္ဓဘာသာကိုးကွယ်သူများသည်လည်း မိမိတို့ ရိုးရာနတ်ကိုလည်း ပူဇော်ကြသည်။ ရိုးရာ နတ်များ မှာ အိမ်စောင့်နတ်၊ ယာစောင့်နတ် များ ဖြစ်သည်[20] ။ နတ်ကိုးကွယ်မှု ဆိုရာ ၌ ထူးခြားချက်တစ်ခုတွင် မြို လူမျိုးတို့သည် “KNIQKHOEQMAQ” ကနိခွတ်မာ ဟူသော ရိုးရာနတ် ဘုရားအဖြစ် အထူးယုံကြည်ဟန်ရှိသည်။ “ကနိခွတ်မာ” ဟူသော ဝေါဟာရသည် မြိုတို့ ရိုးရာယဉ်ကျေးမှုအားဖြင့် စကားလုံး နှစ်လုံး အား ပေါင်းစပ်ထားသော အရာ ဖြစ်သည်။ မြို ဘာသာစကားဖြင့် “နေ” အား “ကနိ” ဟု ခေါ်သည် “ခွတ်မာ “သည် စကြာဝဠာ ဟု အနက် ရသည်။ “ကနိခွတ်မာ” သည် နေနှင့် စကြာဝဠာကို ပိုင်သော ဖန်ဆင်းရှင်ဟု အဓိပ္ပါယ်ရသည်။

မြိုလူမျိုးများသည် အထူးအဆန်း အံ့ဖွယ်သရဲများကို တွေ့ကြရာ၌ "ကနိယို´ခှါယို" (Kniq Jy, Xajy) (နေနဲ့လ)ဆိုပြီး၊ အာမေဍိတ်သံကို ပြုနေကြသောကြောင့် ဖြစ်ပေသည်။ သို့သော် မြို လူမျိုးတို့တွင် အခက်ခဲ ပြဿနာများ ၊ဖျားနာမှုများရှိလျှင်သာ “ကနိခွတ်မာ” အား တောင်းတကြသည်[21] ။ ဖန်ဆင်းခြင်း ပုံပြင်များတွင် KOEQMRIKOEQMRAN “ခွတ်မရိခွတ်မရင်” ဟူသော အသက်ကြီး အဖွားအိုသည် လူ့မိန်းမနှင့် ယောင်္ကျားအား ‌မြေမှုန့်မှ ဖန်ဆင်းသည်ဟု ဆိုသည်။

  1. - ဒသရာဇမင်း လက်ထက် ( ၄၈၅ ခုနှစ် ) တွင် နှစ်ပေါင်းများစွာ ပျောက်ကွယ်နေသော မဟာမုနိရုပ်ပွားတော်အား ရှာဖွေရန် စေခိုင်း လိုက်သော မြိုသင်းကြီး ရဟောင်လာ၊ အပေါင်လာတို့ကို “မြိုခွေးမွေး”၊ “ခွေးမွေးတောင်မြို”ဟုတညီတည်း မှတ်တမ်း တင်ထားပေရာ မြိုလူမျိုးတို့သည် ဗုဒ္ဓဘာသာအား ယခင်ကပင် ယုံကြည် ကိုးကွယ် လာခဲ့ကြောင်း သိရှိနိုင်ပေသည်[22]
  1. - မြိုလူမျိုးတို့၏ ရှောဦးစွာ ခရစ်ယာန် ဘာသာ ကိုးကွယ် မှု သည် မီးချောင်းသေဒမှ ဖြစ်သည်။ ၁၉၃၂ ခုနှစ် တွင် ဧပြီလတွင် ပလက်ဝမြို့နယ် မီးချောင်းဒေသမှ မြို လူမျိုး ခရစ်တော် ကို ပထမဆုံးလက်ခံပြီး နှစ်ခြင်းခံသည်ဟု ဆိုသည်[23]
  1. - ၁၉၀၇၊ ဇူလှိုင်လတွင် မရာဧဝံဂေလိ သာသနာသည် မြို လူမျိုတို့ကြား ဝင်ရောက်ခဲ့သည် ဟု ဆိုသည်[24]

ယခုအခါ မြိုလူမျိုးကိုးကွယ်ကြသော အဓိကဘာသာများမှာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာများ ဖြစ်ကြပေသည်။ ရိုးရာနတ်ကို ပူဇော်ပသသော အချို့သော မြိုလူမျိုးများလည်း ရှိကြပေသေးသည်။

ရှေးခေတ်မြိုလူမျိုးရုပ်ထု-မြောက်ဦး

ဝတ်စားဆက်ယင်မှု

မြိုလူမျိုးတို့သည် ယဉ်ကျေးမှု တိုးတက်ဖွံ့ဖြိုး လာသည်နှင့်အညီ ဝတ်စား ဆင်ယင်မှုများသည်လည်း ခေတ်ပေါ် ဝတ်စားဆင်ယင်မှုများကို အလေးထား ဝတ်စား ဆင်ယင်လာကြသည်။ တိုင်းရင်းသားဆိုင် ရိုးရာယဉ်ကျေးမှု ပွဲလန်းသဘင်များတွင်သာ မိမိရိုးရာ ဝတ်စုံများကိုသာ ဝတ်ဆင်လာကြသည်။ သို့သော် ခေတ်အလိုက် ပုံစံအနည်းငယ် ပြောင်းလဲမှုများလည်း ရှိသည်။

၂၀၁၉-ခုနှစ် ချင်းပြည်နယ် တွင်တွေ့ရသော မြိုအမျိုးသား၊ အမျိုးသ္မီး ဝတ်စားဆင်ယင်မှု

ရှေးအမျိုးသားတို့၏ ဝတ်စားဆင်ယင်မှု

ရှေး မြို လူကြီးတို့သည် အလျှား (၁၂)တောင်၊ အရှည်ရှိသော တောင်ရှည်ပုဆိုးကို ရှေ့တစ်စ ၊ နောက်တစ်စထား၍ ခါးတောင်း ကျိုက် ဝတ်ဆင်ကြသည်။ ရှေ့အစ နောက်အစသည် တွဲလွဲကျသည်။ ပွဲလမ်းသဘင်များ၌ ပိုးလုံချည် ၊ ခေါင်းပေါင်း ကို ဝတ်ဆင်ကြသည်။ ထိုသို့ဝတ်လျှင် ဂုဏ်သရေ ရှိသည်ဟု ယူဆကြသည်[25]။ မင်္ဂလာပွဲနှင့် မင်းခန်း မင်းနားတို့တွင် ပေ (၂၀) ထက်ကျော်သော ဂျက်ခုတ်ရက်ထည်ကို ခါးတွင် သုံးပတ် ပတ်ပြီး နောက်မြီး စွမ်း ရှည် ကို ပေါင် နှစ်ဘက်လုံး သုံးပတ် ကျော့ဝတ်ကာ ရှေး မြီး နောက် မြီးကို လက်ဝဲဘက် ခါးဆီတွင် အစချင်းပူး ချည်နှောင်လျှက် အစွန်းတူ ချထားရသည်။ ကိုယ်ဝတ် အင်္ကျီကို ကား ကောင်းမွန်စွာ ရက်လုပ်ထားသော အဖြူ ရက်ထည်ပေါ်တွင် အနီစင်းကြောင်း လက်ဝဲ၊ လက်ယာ နှစ်ကြောင်းစီ ရှေ့နောက် လေးကြောင်းပါသော ဂျက်ခုတ်ရက်ထည် အင်္ကျီလက်တို ဝတ်ဆင်ကြသည်။ သို့မဟုပ် အလျှား (၆) ပေ၊ အနံ (၄) ပေ ရှိ ပန်းအလှများ ဖော်ဆောင် ရက်လုပ်ထားသော “နီလိုင်”(Ielien)ခေါ် ကိုယ်လွှမ်းစောင်ကို လည်း ဘယ်ဖက် ပခုံးပေါ်တင်ပြီး လွှမ်းခြုံလေ့ရှိသည်[26]။ သို့သော် မြိုလူမျိုးများသည် ရှေးရှေးကခန္မာကိုယ် အထက်ပိုင်းတွင် အဝတ်မဲ့ နေလေ့ရှိကြသည်။

ရှေးမြိုလူကြီးများသည် ယောင်ထုံးကို ဘယ်စောင်းထုံးလျှက် “လူ့ပေါင့်”(Luponq) ဟုခေါ်သော ခေါင်းပေါင်း ဖြူ ပိတ်စ (သိုမဟုပ်) ပန်းရောင် ကို ပေါင်းကြသည်။ ပွဲလမ်းသဘင်များတွင် ပိုးခေါင်း ပေါင်းကို ပေါင်းကြသည်။ ခေါင်းပေါင်ထည်ကို “လူ့ပေါင့်”(Luponq)ဟုခေါ်သည်။ ဆံထိုးကို “ဆင်ဘိန်းဟုခေါ်ကာ ပန်းဖွာကို “အဆွီ”ဟုခေါ်သည်။ နား နှစ်ဖက်တွင်အချင်း နှစ်လက္မရှိ အဝိုင်းကွင်း နားကွင်းကြီး နှစ်ကွင်းကိုဝတ်ဆင်ထားသည်။ ထိုနားကွင်းသည် ဆင်းရဲ ချမ်းသာလိုက်၍ ဆင်းခဲ့သူတို့က ငွေသားနှင့်လုပ်ထားသော နားကွင်းကိုဝတ်ဆင်ကာ ချမ်းသာသူတို့ကား ရွှေဖြင့်လုပ်ထားသော သူနားကွင်းများကို ဝတ်ဆက်၍ မင်းမျိုးမင်းနွယ်ကား “တံကွစီ” “ရှည်စလ”ခေါ်သော ရတနာကိုးပါးဖြင့် စီချယ်ထားသော နားကွင်းကြီးကို ဝတ်ဆင်၍ အန်ဘောင်ခေါ် နားကွင်းဝိုင်းတွင် ပန်းစွယ် ကဲ့သို့ ရှေ့သို့ကွေးချထားသော နား ဋောင်းမျိုးကိုလည်းကောင်း စဉ်စဉ် ဓါတ်ရောင် (Deronq) ခေါ် ရတနာ စုံပါသော ပန်းဖူးနားဋောင်းမျိုးကို လည်းကောင်း ဝတ်ဆင်ကြသည်။ သို့ဖြစ်ရာ မန်နရစ်၏ မှတ်တမ်းတွင် ဒုတိယမြောက်ဦးခေတ် နောက်ဆုံး မြို မင်း ဖြစ်သော သီရိသုဓမ္မရာဇာမင်း၏ နားဋောင်းအကြောင်းကို ထွန်းရွှေခိုင် (စစ်တွေကောလိပ်) တွင် ဤသိုဖော်ပြသည်[27]

ဤကျောက်မျက် ရတနာတို့သည် သီရိသုဓမ္မဘုရင်၏ ကြီးမားသော တွင်းနှစ်ဖက်မှ တွဲကျနေပြီး ယင်းတို့ တောက်ပမှုကြောင့် ရာဇပလ္လင်အား စီချယ်ထားသည့် အခြားကျောက်မျက်ရတနာများနှင့် ပုလဲတို့သည်ပင် အရောင် မှေးမိန်ကုန်ကြလေသည် ဟု ဖော်ပြထားလေသည်။

အမျိုးသမီးတို့၏ ဝတ်စားဆင်ယင်မှု

မြိုအမျိုးသမီး များသည် ဒူးအောက်နားထိရှည်သော စကပ်ပုံ စံအိန ( ခေါ် ) ထဘီကို ရစ်ပစ်၍ ဝတ်ဆင်ကြသည်။ အနံတစ်ပေခွဲ၊ အလျှား ၂ ပေခွဲခန့်ရှိသော လေးတောင့်စွန့်ရှိ ရင်ကပ် (Ielienq) ကို ဘယ်ဘက်ချိုင့်ကြားမှ ညာဘက်ပခုံးပေါ် သို့ သိုင်းတင် ချည်နှောင်ရသည့် ရင်ဖုံး အဝတ်ကို ဝတ်ဆင်ကြသည်။ ခါးတွင် သန္တာစေ့များကို သီထားသည့် ခါးပတ်များ၊ ငွေဒင်္ဂါးတန်ဆာများကို ဝတ်ဆင်ကြသည်။ သန္တာစေ့ပုတီးလည်ဆွဲများ၊ ငွေဒင်္ဂါးတန်ဆာ လည်ဆွဲများကိုလည်း ဆင်မြန်းကြသည်။

ငွေလက်ကောက်၊ ငွေခြေကျင်း၊ ငွေနားဒေါင်းများကို ဝတ်ဆင်ကြသည်။ နားဒေါင်းမှာ ကန်စွန်းပွင့် သဏ္ဌာန်၊ ခါးတွင် အနည်းငယ် ကျဉ်း၍ ၂ -လက်မခန့် ရှည်သည်။ ပွဲလန်းသဘင်များတွင် ငွေထည် လက်ဝတ် လက်စား များကို ဆင်မြန်း၍ ထောက်ပင် (ခေါ်) တံဘက် သင်တိုင်းကို ဝတ်ဆင်ကြသည်။ ဦးခေါင်းပေါ်တွင် သန္တာစေ့ ပုတီးကုံး များကို တင်ထား ဆင်မြန်း ကြသည်[28] ။ တိုးတက်မှုမြန်နေသော ယနေ့လူ့အဖွဲ့စည်းတွင် ခေတ်ပေါ်ဝတ်စားဆင်ယင်မှုများ ဝတ်ဆင်လာမှုများ ရှိလာပြီ ဖြစ်သည်။ တချို့ ရိုးရာ ဓလေ့ ဝတ်စားဆင်ယင်မှု မှုလများ အား မီးချောင်း၊ ပီချောင်း ဘက်တွင်သာ တွေ့ရှိနိုင်တောမည် ဖြစ်သည်။

အိမ်ထောင် မင်္ဂလာပြုခြင်း

မြိုတိုင်းရင်းသားများတွင် တရားဝင် လက်ထပ်ထိမ်းမြားခြင်းမပြုဘဲ အိမ်ထောင်ပြုခြင်း ထုံးစံမရှိချေ။ အချင်းချင်း မေတ္တာမျှ၍ဖြစ်စေ၊ လူကြီး မိဘချင်း သဘောတူ စေ့စပ်၍ ဖြစ်စေ တရားဝင် လက်ထပ်ထိမ်းမြားပေးလေ့ရှိ၏။ မိခင်၏ မောင်ဘွားသမီးတော်စပ်သူ သားအတွက်စေ့စပ်တောင်းဆိုလေ့ ရှိသည်။ ( မြိုတိုင်းရင်းသားတို့တွင် မောင်ဘွားတို့၏ သားက ညီမ၊ အစ်မတော်စပ်သူတို့၏ သမီးပျိုများကို ထိမ်းမြားခြင်း မပြုရချေ။ ) မည်သို့ဆိုစေ မြိုအပျိုလူပျိုများသည် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိသည်။ မြိုလူမျိုးတို့၏ မင်္ဂလာဆောင်ပုံမှာ သတို့သား၏ မိဘတို့သည် ယူသည့်မျိုးနွယ် (M’joe Kshanq) နှင့်မယူသင့်၊ ပေးသင့်သော အမျိုး (M’joe Kaumien) ဟူ၍ ရှိသည့်အနက် မိမိတို့ ယူသင့်သောမျိုးနွယ်ဖက်က သတို့သမီး တစ်ယောက်ကို သားအတွတ် စေ့စပ်တောင်းလိုသော် ကြက်ဖတစ်ကောင်ဖြင့် ကြက်မြုတွင်ထည့်ပြီး ဓါးတစ်ချောင်းဖြစ်စေ၊ လှံတစ်ချောင်းဖြစ်စေ ကြက်မြူးတွင်ထည့်ထိုး ၍ သတို့သမီးမိဘ အိမ်သို့သွား၍ စေ့စပ်ကြောင်း မေးမြန်းရသည်။ မိဘတို့က သဘောမတူလျှင်မရချေ။ အချို့ မိဘတို့သည် မိဘက သဘောမတူသော်လည်း - သမီး၏ဆန္ဒကိုသိလို၍ သမီးနှင့်တိုင်ပင်ပါအုံးဟုပြောတတ်ကြသည်။ ထိုအခါ “လော်ကီ” ခေါ် အောင်သွယ်ကသတို့သမီး၏အိပ်ရာသို့ ညနေ အချိန်သွားရောက်၍ ကြားနေပြောဆိုပေးရသည်။ မိမိတို့ အချင်းချင်း မေတ္တာရှိက ယောကျာ်းလေးသည် မိဘဆွေမျိုးကို အသိပေး၍ တောင်းဆိုခိုင်းရသည်။ မိဘတို့ကလည်း လူငယ်တို့သဘောကို မေးမြန်းနားချပြီးမှ ဆောင်ရွက်လေ့ရှိကြသည်။ သို့သော် ညီအစ်ကိုဆွေမျိုးအုပ်စု အချင်းချင်းဖြစ်စေ၊ တူမတော်အုပ်စု ဖြစ်စေ ထုံးစံအရ သဘောမတူနိုင်ကြချေ။ အကယ်၍ လွန်ကျူးမိပါက မိန်းကလေးဘက်က မရမကဖျက်ယူကြသည်။ ဖျက်မရက ဆွေပြတ် မျိုးပြတ် ပြုကြသည်များ ရှိကြသည်။ သို့သော် ယခုခေတ်တွင်ကား မရှိကြတော့ချေ။

၂၀၁၈-ခုနှစ် မြို ခေတ်ပေါ်ဝတ်စားဆင်ယင်မှုပုံ

(က) ချွေးမရှာသွားခြင်း

ချွေးမရှာသွားရာ၌ သူငယ်ချင်းများနှင့် လူလတ်ပိုင်း အိမ်ထောင်ရှိသူ တစ်ဦး, ဦးကိုခေါ်ဆောင်သွားရသည်။ ဤသို့သွားရာ၌ ‘စုံ’ မသွားရပေ။ ‘စုံ’ သွားလျှင် ‘မ’ မရနိုင်ဘဲ ‘မ’ သွားလျှင် ‘စုံ’ ရနိုင်သည်ဟု အယူရှိကြသည်။ ကျေးရွာသို့ရောက်လျှင် မိမိတို့ဆွေမျိုး သို့မဟုတ် အသိမိတ်ဆွေအိမ်၌ တည်းခိုပြီး ရွာလူပျိုခေါင်းကို အကူအညီတောင်းရသည်။ ရွာလူပျိုခေါင်းကလည်း တော်စပ်သည့်အမျိုးအနွယ်မှ သမီးပျိုများကို ပြပေးသည်။ ရွာလူပျိုခေါင်းက လမျိုးဓလေ့၊ ရွာဓလေ့ထုံစံအရ တာဝန်ကျေအောင်ဆောင်ရွက်ပေးသည်။ မိမိတို့စိတ်ကြိုက်မိန်းကလေးကိုတွေ့လျှင် အမူအကျင့်တို့ကို လေ့လာပြီး သက်ဆိုင်ရာမိဘများသို့ အသိပေးတောင်းဆိုရသည်။ မိန်းကလေး၏ဆန္ဒကိုလည်း အောင်သွယ်၍ မေးမြန်းရလေသည်။ မိန်းကလေးကို ယောကျာ်းကလေးအိမ်သို့ ခေါ်ယူရာ၌ မိန်းကလေးသည် အော်ဟစ်ငိုကြွေးလေ့ရှိသည်။ ဤသည်မှာ သဘောမတူ၍ မဟုတ်ဘဲ မိဘအိမ်မှထွက်ခါနီး မျက်ရည်ကျမှ လင်သားအိမ်ရောက်သောအခါ ဆန်ရေစပါး ဥစ္စာရွှေငွေ ပေါများကြလိမ့်မည်ဟု အယူအဆရှိကြသည်။ အမှန်တွင် မိဘမောင်ဘွားများနှင့် မခွဲစဖူးခွဲရတော့မည်အသိဝင်၍ ဝမ်းနည်းရခြင်းဖြစ်ပေလိမ့်မည်။

(ခ) အဘုံရွှီ (Abun Xui)

မိန်းကလေးကို ယောကျာ်းအိမ်သို့ ခေါ်ဆောင်လာပြီး သုံးလေးရက်အကြာတွင် မိန်းကလေး၏ မိဘဆွေမျိုးများက သမီးကိုယူရန်သွားရသည်။ ၄င်းကို ‘အဘုံရွှီ’ ဟုခေါ်သည်။ အဘုံရွှီရန်အတွက် မိဘက အရင်းနှီးဆုံးဆွေမျိုး တစ်ဦး,ဦးကို အဆုံးအဖြတ်ပေး၍ အခြားနီးစပ်ရာတို့နှင့်သွားစေသည်။ သမက်ရှင်ဘက်မှ သမီးရှင်ကို အဘုံရွှီရန်လာသည့်အခါ ကျွေးမွေးဧည့်ခံရန် ကြက်ငှက်နှင့် ခေါင်ရည်အရက်တို့ကို အဆင်သင့်ထားရသည်။ ချွေးမအသွင်းအတွက် ငွေဒင်္ဂါး၊ ကြေးမောင်း၊ ဟင်းရံ (တူရိယာတစ်မျိုး)၊ ဓား၊ လှံ၊ တောင်နွား စသည်တို့ကို စုဆောင်းထားရသည်။ ယခုခေတ်တွင်ကား ပစ္စည်းများရှားပါးပြီဖြစ််၍ ငွေဒင်္ဂါးအစား ငွေစက္ကူများကို တန်ဖိုးကိုက်၍ ပေးကြရသည်။ အသွင်းငွေများ အားလုံးကို စုံစုံလင်လင် မပေးနိုင်သော်လည်း နှစ်ချို့တစ်ချို့ကို မင်္ဂလာနေ့တွင် ပေးရသည်။ ကျန််သောအသွင်းငွေများကို ကာယကံရှင် ဇနီးမောင်နှံက တဖြည်းဖြည်းပေးဆောင်ကလည်း ရသည်။ အကယ်၍ ဇနီးမောင်နှံသည် အသွင်းငွေကို စုံစုံလင်လင် မပေးနိုင်သည့်အကြားက သေဆုံးခဲ့လျှင် ကျန်ရစ်သူ သားစဉ်မြေးဆက် ပေးကြရသည်။ သားသမီးများမကျန်ခဲ့လျှင် အမွေဆက်ခံသူက ပေးရသည်။ ထိုအသွင်းငွေအပြင် ချွေးမ၏ ဦးရီးတော်သူကို ‘Abiedkan’ ခေါ် အသွင်းငွေအဖြစ် နွားတစ်ကောင် သို့မဟုတ် ငွေဒင်္ဂါး ၃၀ ကို ပေးရသည်။ အကယ်၍ မိဘများသေဆုံးသည့် နောက်ပိုင်းတွင် မိဘများကိုယ်စား အရေးတယူ ကြည့်ရှုစောင်မရန် ဖြစ်သည်။ အသွင်းငွေကိစ္စကို အဘုံရွှီမင်္ဂလာတွင် မစားမသောက်မီ ဆွေးနွေးကြရလေသည်။ နှစ်ဦးနှစ်ဖက် ပြေလည်ပြီးမှသာလျှင် ပွဲတော်ကိုကျင်းပကာ စားသောက်ကြသည်။ အကယ်၍ မပြေလည်က သမီးကိုခေါ်ယူပြီး ပြန်သွားကြသည်။ မင်္ဂလာပွဲလည်း မကျင်းပတော့ချေ။

(ဂ) မင်္ဂလာပွဲစာခြင်း

သမီးရှင်နှင့် သမက်ရှင်တို့ ပြေလည်ကြသည်နှင့် ချက်ချင်းခေါင်ရည်ဖွင့်ကာ သောက်စားကြသည်။ ထမင်းဝိုင်းပြင်သည့် အခါ ဧည့်သည်များကို ဦးစွာကျွေးမွေးရသည်။ သားရှင်တို့က ဝက်သားစားရပြီး သမီးရှင်တို့က ကြက်သားစားကြရသည်။ ရောနှောစားမိက အမှားခံပြီး လျော်ကြေးပေးရသည်။ မင်္ဂလာဆောင်ပွဲတွင် ရွာသားများက ‘XuKau’ ခေါ် သစ်သားဗန်းကြီးများဖြင့် ထမင်းလာပို့ကြသည်။ အိမ်တစ်အိမ်မှ ကြက်တစ်ကောင် အရက်တစ်ပုလင်းစီ လာရောက်ကုူညီကြသည်။ ဤသည်မှာ မြိုတိုင်းရင်းသားတို့၏ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီတတ်သော ဓလေ့ဖြစ်သည်။ ထမင်းကို နံနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်နှင့် ညနေစာတစ်ကြိမ် စသည်ဖြင့် တစ်နေ့ သုံးကြိမ် ကျွေးမွေးကြသည်။

(ဃ) အဘုံလာ (Abun La)

မိန်းကလေးမိဘများမှ ‘အဘုံရွှီ’ မင်္ဂလာပွဲပြုလုပ်ပြီး ချွေးမဖြစ်သူကိုအိမ်သို့ ပြန်ခေါ်သွားသည်။ ဤသို့ ပြန်ခေါ်သွားရခြင်းမှာ သမီးကို ပေးသင့်ပေးထိုက်သော ပစ္စည်းများကို အမွေပေးရန်နှင့် သမက်ရှင်ဆွေမျိုးတို့အား မိမိတို့က တဖန်ပြန်လည်ဧည့်ခံကျွေးမွေးရန် ဖြစ်လေသည်။ ထိုသို့ ချွေးမဖြစ်သူအား မိဘတို့ခေါ်သွားပြီး လေးငါးရက်အကြာတွင် ယောကျာ်း ဖြစ်သူက ဇနီးဖြစ်သူအား ခေါ်ယူရန် ဆွေမျိုးအပေါင်းအသင်းတို့အား ဖိတ်ခေါ်၍ လာကြသည်။ ၄င်းကို ‘အဘုံလာ’ ဟုခေါ်သည်။

အဘုံလာ သွားရာ၌ သမက်ဖြစ်သူက ယောက္ခမအတွက် ခေါင်ရည်ငင်ပြီး ယူသွားရသည်။ ယခုခေတ်တွင် အချို့က နို့ဆီများ ယူဆောင်သွားကြသည်။ ငယ်စဉ်တောင်ကျေးက တိုက်ကျွေးသော မိခင်နို့ရည်ကို ပေးဆပ်ခြင်းအဓိပ္ပါယ်ဟု ဆိုကြသည်။ ပေးရန်ကျန်သော အသွင်းငွေနှင့် ကြက်များကိုလည်း ယူသွားရသည်။တချို့မျိုးနွယ်စုများတွင် ကြက်များကို ယောက္ခမဆွေမျိုး ညီအစ်ကိုများကို တစ်ကောင်စီ အသေသတ်၍ ပို့ကြရသည်။ ယောက္ခမအိမ်သို့ ရောက်သောအခါ ယောက္ခမက သမက်ဆွေမျိုးများနှင့် မိမိတို့ဆွေမျိုးသားသမီးများကို မိတ်ဆက်ပေးသည်။ သမီးနှင့် သမက်အတွက် မိမိတို့ကိုယ်တိုင်ရက်သော ‘ပဂျင်း’ ခေါ် မြို စောင်ထူကြီးကို ငါးထည်မှ ခုနှစ်ထည်ကိုလည်းကောင်း၊ ‘IeLienq’ ခေါ် “ရင်ကပ်”များကိုလည်းကောင်း၊ ‘Ienau’ ခေါ်ထဘီများကိုလည်းကောင်း လက်ဖွဲ့ပေးကြသည်။ တချို့တတ်နိုင်သောသူတို့က သမီးနှင့် သမက်တို့အတွက် ကျွဲ၊ နွားများကို အမွေပေးကြသည်။ ‘အဘုံလာ’ မင်္ဂလာပွဲအပြီး ပြန်ကြမည့် နံနက်တွင် သမီးသမက်တို့အတွက် ‘Awla’ ခေါ် စွယ်စုံဝက်ကောင်ကြီးကြီးကို သတ်၍ ထက်ဝက်ကိုချက်ပြုတ်ကျွေးမွေးပြီး ထက်ဝက်ကိုအိမ်ပြန််လက်ဆောင် ထည့်ပေးလေသည်။[29]

မှတ်ချက်။ ယနေ့ ခေတ်တွင် ကိုးကွယ်မှု ဘာသာအရ ခေတ်သစ် မင်္ဂလာဆောင်ခြင်း များကို ကျင်းသုံး လာကြသည်။

ကလေးမွေးဖွားခြင်း

မြိုလူမျိုးတို့၏ ရိုးရာဓလေ့တွင် ကလေးမွေးဖွားသန့်စင်ပြီးနောက် ရက်ပေါင်း ၃၀ မှ ၆၀ ကြား မိသားစု နှင့် ထိတွေ့ ဆက်ဆံမှု မပြု လုပ်ရ‌ပေ။ မွေးဖွားမိခင်သည်အတွက် နေအိမ်၏နောက်ဖေးခန်းတွင် သီးသန့်မွေးဖွားခန်း ကိုဆောက်လုပ်ပေးရသည်။

မြို တို့တွင် ကလေး မွေးဖွား သန့်စင်သော မိခင်သည် ယောက်ျားလေး မွေးသည် ဖြစ်စေ ၊ မိန်ကလေး မွေးသည် ဖြစ်စေ ရက်ပေါင်း ( ၃၀ ) ခန့် ထ္မင်း ဆားအနည်းငယ် နှင့် ရေ ကိုသာ သုံးဆောင်ရသည်။ ၎င်းသည် သန့်စေခြင်း ဖြစ်သည်ဟု ဆိုသည်။

ရက်ပေါင်း ( ၃၀ )ခန့် ထ္မင်းဖြူ နှင့် ရေ တစ်ခုသာ သုံးဆောင်ပြီးသည် နောက်တွင်၊ နောက် ထက် ( ၁၀ ) ရက်ထက်မံပြီးဟင်းသီးဟင်းရွက် ဖြင့် ရေလုံ ပြု တ် ဆားအနည်းငယ် ထည့် စားရပြန်သည်။ ထို့နောက်မှ ပုံ မှန် သုံးဆောင် နိုင်သည် ဟု ဆိုသည်။ ၎င်းသည် သန့်စင်ခြင်းဟု ယူဆကြသည်။ နောက် ရက်ပေါင်း ၆၀ လွန်မှသာ မွေးဖွားခန်း ရှိ အသုံးဆောင် ပစ္စည်း များအား ဝေးရာသို့ လွှင့်ပစ်ပြီးမှ မိသားစုနှင့် အတူတကွ နေထိုင်ရသည်။ မွေးဖွားပြီ ကလေးသည် ရက်တစ်ပတ် ပြည့်ပြီး ချက် ကြွေပြီ ဆိုပါက လူကြီးများကို ခေါ်ပြီး ကင်ပွန်းတပ် ခေါင်းကြီး တောင်းခံရသည်။ ယနေ့ခေတ်တွင် တချို့သာ ကျင့်သုံးကြသည်[30]

ရှေးရိုးရာအသုဘ အခမ်းအနားစီရင်ပုံ

မြိုလူမျိူးတို့၏ အသုဘ စီရင်ရေးတွင် ရှေးဦးစွာ ဗုဒွတ် (Budoe) တစ်ယောက်နှင့် ခွတ်ယာ (Khoejaq) တစ်ယောက်စီ ထားရသည်။ ဗုဒွတ်အမည် ခံသူသည် သေသောသူ အလောင်း၏ ခြေ၊ လက်, မျက်နာတို့ကို ရေနွေး ဖြင့် ဆေးကြောသုတ်သင်၍ အဝတ်တန်ဆာ သစ်တို့ကို ဝတ်ဆင်ပေးရသည်။ ထိုအချိန်မှ စ၍ ဗုဒွတ် နှင့် ခွတ်ယာ တို့ သည် သာမှန်သူတို့အနှင့် အတူတကွ စားသောက်နေထိုင် ခြင်း မပြု ရချေ။ သေသူ၏နားနှစ်ဘက်တွင် ထစ်ထွာခန်းရှိ သံစူးနှစ်ချောင်း ကိုဖြစ်စေ၊ ဝါးစိပ်ခြမ်းကို စူးလုပ်၍ ဖြစ်စေ၊ တစ်ဘက် တစ်ခုစီ နှစ်ချောင်း ထောင်ထားရလေသည်။ ချည်ဖြူ တစ်လိပ်ကိုလည်း တလားချည် အဖြစ် ခြေရင်းဘက်တွင် ထားပေးရသည်။ တစ်ဘဝ မှ တစ်ဘဝသို့ ကူတိုးကူရန် အတွက် ကူတိုးခအလို့ငှါ ငွေများကို မိဘဆွေမျိုး မိသင်္ဂတို့ကသေသူ၏ရင်ဘက်ပေါ်တွင် တင်ထားပေးထားကြသည်။ အလောင်းထားရန်ခေါင်းကို ဗုဒွတ်လုပ်သူက သေသူ၏ အရပ် အမောင်းအတိုင်း ၊ နှီးဝါးဖြင့် ဖြစ်စေ၊ သစ်သားတို့ဖြင့်ဖြစ်စေ ဆွေမျိုးတို့နှင့် ပြုလုပ်ကြရသည်။ ပြုလုပ်ပြီးသောအခါ အလောင်းကို ခေါင်းသွင်းရန်အတွက် ဗုဒွတ်ဆိုသူက ဝါးဆစ်နှစ်ဆစ်ရှိသော ဝါးပိုင်းနှစ်ပိုင်းကို ယူ၍ အလယ် ဆစ်ဖောက် ပြီး ဝါး နှစ်လုံး ပူချည်၍ ရေဖြည့်အလောင်း ရေချိုးရန် ရေနွေးထမင်းချက်ရသည်။

ဟင်းအတွက် ကြက်ငယ်တစ်ကောင်ကိုယူ၍ အလောင်းမသွင်းရသေးသော ခေါင်းတွင် ရိုက်သတ်ရလေသည်၊ အမွှေးနှုတ်၊ မီးပြ ၊ ကျောကုန်းမှခွဲအူနှုတ်ပြီးချက်သည်။ အလောင်းခေါင်းမသွင်းမီဧည့်သည်များ စားသောက်ရန် ဝက်ကြီးတစ်ကောင်ကိုသတ်၍ ဗုဒွတ် ဆိုသူက ဝက်သွေးကိုယူပြီး ခေါင်းတွင်ကင်းပွန်းတိုက်ရသည်။

ထိုအခါမှ ခွတ်ယာ ဆိုသူက ထမင်းဟင်းတို့ကိုချက်ပြုတ်ပေးရသည်။ ချက်ပြုတ်ပြီး သောအခါ ဗုဒွတ် ဆိုသူကဦးဆောင်၍ ဆွေမျိုးတို့ကအလောင်းကိုခေါင်းထဲတွင် သွတ်သွင်း ကြရလေသည်။ အလောင်းအထက်တည့်တည့်တွင်လည်း အမိုးမျက်နှာကျက်ကို ပြုလုပ် ပေးထားရသည်။ ခေါင်းသွင်းပြီးနောက် ဗုဒွတ်လုပ်သူက ခွက်ငယ်တစ်ခုတွင် ချက်ပြုတ် ထားသော ထမင်းနှင့်ကြက်သား၊ ဝက်သားစသော ဟင်းလျာများကို ထည့်၍ သောက်ရေတစ်ခွက်နှင့်အတူ သေသူ၏ခေါင်းဖက်တွင် ဘုရားကိုရည်စူး၍ အမြတ်တနိုး တင်ထားပေးရသည်။ သို့ဖြစ်၍ ထိုသူကိုပင် ဘုရားဆွမ်းတင်သူဖြစ်၍ ဗုဒွတ်ဟူသော အမည်ကို အလုပ်သဘောအရ ခဏယာယီခေါ်ဆိုထားခြင်းဖြစ်သည်။ ခွတ်ယာဆိုသည်ကား ဗုဒွတ်ဆိုသူ စားသောက်ရန် သီးသန့်ခွဲဝေပေးရေးနှင့် အသုဘရှုသူများစားသောက်ရန် ထမင်းဟင်းလျာ များကို ဦးဆောင်ချက်ပြုပေးတာဝန်ယူရသည်။ ခွတ်ယာ ဆို သူ ထမင်းချက် ပြုတ်၍မလောက် မှသော်လည်း အခြားအိမ်မှ ထမင်းဟင်းများကို တောင်းပိုင်ခွင့် ပို့ပိုင်ခွင့်မရှိချေ။ မချက်ရသေးသောဆန်၊ ဟင်း၊ ထင်းများသာကူညီပိုင်ခွင့်ရှိသည်။ ထမင်းဟင်းများကို ခွတ်ယာဆိုသူကသာလျှင် လောက်အောင်ချက်ပြုတ်ပေးရသည်။ ပထမနေ့ကသတ် ဝက်သားကိုလည်း နှစ်ရက် ၊ သုံးရက်စာအခြောက်ခံထားရသည်။

ဤသို့ဖြင့် အသုဘကိုနှစ်ရက်၊ သုံးရက်ထားပြီးညအချိန်တွင် အပျိုလူပျို တို့သည် ရိုးရာဝတ်စုံများဝတ်ဆင်ပြီး ရိုးရာတူရိယာများဖြစ်သော (Riesa, Xieqxan, Phoeli, Tietiwn) စတူရိယာများကို ကိုင်ဆောင်ပြီးလျှင် အိပ်ခန်း၏ အလယ်တွင် အခု တခေါင်းကို ပတ်လည်ဝိုင်းတိုင်ကဆီ မီးခွက်များတပြောင်ပြောင် ထွန်းညှီးစေလျှက် ဂီတတူရိယာများတီးမှုတ်၍ ပျော်ရွှင်စွာမိုးတလင်း အသုဘစောင့်ကြရသည်။

အသုဘချမည်နေ့ကို ရောက်သောအခါ နံနက်စာထမင်းဟင်း များကို ဗုဒွတ်ဆိုသူက လုပ်ထုံးလုပ်နည်းအတိုင်းပြင်ဆင်ရသည်။ ထိုပြင် အိမ်၏တံခါးဝမှ ထရီ အနည်းငယ်ကိုလည်း ကင်ပွန်းသဘောယူကာ ၊ မီးသင်္ဂြိုလ်ရာတွင် မီးရှို့မည့် ဝါးစည်းများထဲတွင် ထည့်၍ သချိုင်းသို့ယူဆောင်သွားရသည်။ အသုဘအလောင်းခေါင်းကို ဆွေမျိုးများက ဝိုင်းဝန်းပိုး၍ လူသေ၏ခြေထောက်ဖက်ကို အလျင်သွားစေပြီး ဦးခေါင်းဖက်ကို နှောက် ချရသည်။ အိမ်အောက်ချသောအခါ ခြေရင်းဖက်မှထမ်း သူက လှေကားရင်းကို ( ၃ )ခါ ဖနောင့်ဖြင့် စတိတိုက်ကာ အိမ်ပေါ် ကျန်ရှိသူတို့ ကစပါးအနည်းငယ်ကို လှေကားရင်းနားတွင် အပေါ်မှနေ၍ အနည်းငယ်သွန်ချပေးရသည်။ ထို့နောက်မှသာ သင်္ချိုင်းသို့ အသုဘပို့ရန် ဆွေမျိုးများနှင့်အတူ လိုက်ပါပို့ဆောင်ရလေသည်။

သင်္ချိုင်းသို့မရောက်မီရွာအပြင်လမ်းခုလပ် (အမြဲသတ်မှတ်ထားသောနေရာ) တွင် စကောတစ်ချပ်ကို ပူးချည်ထားသော ဝါးကျည်တောက်နှစ်လုံးနှင့် အလယ်တွင် ငုတ်ရိုက်စိုက်ကာ ဗုဒွတ်လုပ်သူက ကြက်သားတစ်ဖုံနှင့် စပါးစေ့အနည်းငယ်ကို စုထားရသည်။ မိန်းမဖြစ်လျှင် မုန့် ( ၆ )ချပ် ၊ ယောက်ျားဖြစ်လျှင်မုန့် ( ၇ ) ချပ် တို့ကို အိမ်၌ တစ်ချပ်(အသုဘထားရာနေရာ) လမ်းခုလပ်စကာရိုက်ရာတွင် တစ်ချပ်ထားရသည်။ ကျန်မုန့်များကိုသချိုင်းသို့ ယူသွား၍ ဝိညာဉ်တဲအိမ်ကလေးဆောက်ပြီး ပန်းကန်၊ ခွက်တို့နှင့်တင်ထားရသည်။

မီးသင်္ဂြိုလ်ရန်ထင်းပုံစီနည်းမှာ အရှေ့နှင့်အနောက်ကိုအလျားပြုပြီး မိန်းမ ဖြစ်လျှင်ထင်းစီးခြောက်ထပ် ၊ ယောက်ျားဖြစ်လျှင်ယင်းစီးခုနှစ်ထပ်စီ၍ ပုံရသည်။ ထင်းပုံထက်သို့ အလောင်းကို တင်သောအခါတွင်လည်း ယောက်ျားဖြစ်လျှင်နေထွက် ကြည့်ဟန်ဦးခေါင်းကို အနောက်ဖက်တွင်ထားသည် ၊ မိန်းမဖြစ်လျှင် နေဝင်ကြည့်ဟန် ဦးခေါင်းကိုအရှေ့ဖက်သို့ ထားရသည်။ နန်းတော် ဦးတိုက် ၊ နန်းတော်ကြည့်ဟူ၍လည်းခေါ်သည်။

ထို့နောက်ဗုဒွတ်ဆိုသူ သည် အလောင်းကို မီးရှို့ သဂြိုလ်မှုပြုရသည်။ လူကြီး၊ ဘိုးဘွားစသော ဂုဏ်သရေရှိသူတို့ဖြစ်မူအရိုးမကျွမ်းမီ ဗုဒွတ်ဆိုသူက ရေလုံအိုးဖြင့်မီးငြိမ်းရသည်။ အရိုး ကိုကိုးဖြင့်ကောက်ယူထားကြသည်။ သို့မဟုတ် အရိုးဂူ တည်ထားကြသည်။ စဉ့်အိုးတစ်လုံးတည်းတွင် လူသေအရိုး ဟူသမျှကို စုပေါင်းထည့်ထားကြရ သည်ဟူ၏။ ယခုခေတ်၌လူငယ်များသေ၍ မီးသင်္ဂြိုလ်လျှင် ပြာဖြစ်သည်အထိ မီးကျွမ်း သဂြိုလ်ပြီးမှ မီးသတ်ကြသည်။ ထိုသို့အသုဘအလောင်းကိုမီးငြိမ်းသတ်ပြီးသောအခါ ထိုသင်္ချိုင်းတွင် (တပေါင်) ခေါ် ဝိညာဉ်တဲအိမ်ကလေးကို အလျား ၊ အနံ ( ၂ )တောင်ပတ်လည် ဆောက်လုပ်ထားရသည်။ ဝိညာဉ် တဲအိမ်ပေါ်တွင် သေသွားသူ အသက်ရှင်စဉ်က အသုံးအဆောင်ပစ္စည်း တို့ကိုထားသကဲ့သို့ နေရာတကျထားပေးရသည်။

လူအို ဖြစ်လျှင် လူအိုတို့၏အသုံးအဆောင်၊ လူပျို၊ အပျိုဖြစ်လျှင် လူပျိုအပျိုတို့၏အသုံး အဆောင်နှင့်ကလေးဖြစ်လျှင် ကလေးအသုံးအဆောင်တို့ကို ထားပေးရ ပါသည်။ ဤသို့ဝိညာဉ်တဲအိမ်ကလေးများ ရှေးရိုးရာဆောက်လုပ်ထားရသော ဓလေ့တို့သည် လည်း သစ်၊ ဝါးပေါများသော တောတောင်ဒေသတို့တွင်နေထိုင်ကြသော လူမျိုး တို့သာ ပြုလုပ်မြဲရှိကြသေး၏။ သစ်ဝါးရှားပါးသောဒေသတွင် နေထိုင်သူတို့မှာ မီးသင်္ဂြိုလ်ရာ မီးသွေးပုံတွင် သစ်ရွက်၊ သစ်ခက်စိုက် ၊ မိုးထားခြင်းတို့သာပြုနိုင်ကြသည်။ ဤသို့ မြိုလူမျိုးတို့၏ ရှေးရိုးရာထုံးတမ်းစဉ်လာနှင့် အလောင်းကို မီးသင်္ဂြိုလ်မှု ပြုကြပြီးလျှင် ရေချိုးခြင်း၊ ကင်းပွန်းရည်တိုက် ၊ အိမ်ပြန်ကြခြင်း တို့သည်ကား ရှေးအိန္ဒိယ ထုံးစံနှင့် တူညီဟန်ရှိလေသည်။ အသုဘသဖြိုလ်ပြီးလျှင် အသုဘနှင့်ပတ်သက်သော အညစ်အကြေးများ ကင်းစင်သွားစေခြင်း၊ ကင်းဝေးသွားစေခြင်းအကျိုးငှာရေလောင်း၊ ရေချိုးပြန်ကြခြင်းဖြစ်သည်။ ရခိုင်ဒေသသို့ ကိုလိုနီခေတ်တွင် အစောဆုံး ရောက်ရှိခဲ့သည့် Forchhammer ၏ စာအုပ်တွင် မြို လူမျိုးတို့၏ ရှေးဟောင်းသင်္ချိုင်းမြေရှိ ကြောင်း၊ အရိုးအိုများဖြင့် မြှုပ်နှံထားသည်ကိုတွေ့ရကြောင်း၊ ဖော်ပြပါသည်။ ထိုသင်္ချိုင်းမြေသည် မင်းပြားကျိန်းတောင်၊ တောင်တန်း၏မြောက်ဘက်ကျသော တောင်ထိပ်တွင်ဟု ဆိုပါသည်။

မြို(ခမိ) မျိုးနွယ်များသည် မီးချောင်းကို အခြေခံကာ ခူမီးတို့၏ ဖိအားကြောင့် တောင်ဖက်သို့ ရွှေ့ပြောင်း ရခြင်းဖြစ်ဟန်တူပေသည်။ ထိုရွှေ့ပြောင်းခြင်းသည် ရှစ်ရာစုခန့်ဖြစ်နိုင်ကြောင်းယူဆရပါသည်။ မျိုးနွယ်စုများ၏ နှုတ်ရာဇဝင်များအရ တောင်ဖက်သို့ ရောက်ရှိလာပြီးမှ မြောက်ဖက်သို့ပြန်ဆန်တက်ရကြောင်း တွေ့ရပါသည်။ ထို့ကြောင့် တောင်ဖက်ဖျားဆုံး မင်းပြားနယ်သို့တိုင်ရောက်ရှိပြီး ထိုအရပ်တွင် မြိုတောင်အမည်ရှိ တောင်တွင် အရိုးအိုး များထားရှိကြောင်းတွေ့ရသည်[31]။ ထိုအချက်မှာ အရှေ့ဖက်မှ မွန်ဂိုလွိုက်မျိုးနွယ်များ ရခိုင်ပြည်သို့စတင် ဝင်ရောက် လာချိန်လည်းဖြစ်လေသည်။ ထိုဖိအားကြောင့် မြောက်ဖက်နှင့်အနောက်ဖက်သို့ ပြန်လည်ရွှေ့ပြောင်းသွားပြီး နေရာ ဖယ်ပေးရပါသည်[32]

ကလေးငယ်သေလျှင် လသားငယ်မဟုပ်က သို့မဟုပ် တပတ်အတွင်းဆုံးသူဖြစ်က သင်္ချိုင်းတွင် မသင်္ဂြုဟ်ရပေ။ အလောင်းကို ဖျာဖြင့်လိပ်ကာ ရွာအနီးရှိ ဆိပ်ငြိမ်နေရာ၌ ကြိုးဖြင့်ချည်ကာ သစ်ပင်၌တွဲလောင်းထားရသည်။ ၎င်းကို အသက်ကြီးသောလူကြီးတွေ သာလုပ်ရသည်။ မြိုစကားဖြင့် NABAUQBAN[33] နာဘာ့ဘင် ဟူခေါ်သည်။

မြိုလူမျိုးတို့၏ ဆွေမျိုးနာမည်များ

မြိုလူမျိုးတို့သည် ဖသားစုမှ စတင်ရေတွက်သော ဓလေ့ကို ကျင့်သုံးသည်။ မြိုလူမျိုးတို့တွင် ဆွေ မျိုးစု ( ၁၀၂ ) ကျော်ရှိသည်။ သို့သော် အဓိက ဆွေမျိုးစု ( Clans) များအား ( ၆၈) ခု အနေဖြင့်လေ့လာတွေ့ရှိနိုင်သည်။

မြိုလူမျိုးတို့၏ဖသားစုမှ စရေတွက်သော အချက်ပြဇယား

၄င်းတို့မှာ[34] -

(၁) ဝါးကုန် ( Wakun )
(၂) ကွက်စိန် ( Korqsien )
(၃)ခဘော်စိန် ( Khboeshin )
(၄) ဒေရာဆိန (Dronshing)
(၅) လေတု (Lietau)
(၆) လေတက် (Lietaug)
(၇)မတိုင်မအေ (Mteinmauei)
(၈) ကြိမ် (Kring)
(၉) ခဘွေနက် ( Khboinau)
(၁၀) ခအေ့နက် (X'eignau)
(၁၁) ပတ်ဆင်နက် (Peshan-nau)
(၁၂) တာတိန်း (Tating)
(၁၃) လက်လောင်စစီ (Laoonsxi)
(၁၄) ယက်စိန် (Jausin)
(၁၅) ခုနွယ် (Khuqnoi)
(၁၆) ခေါ်ဘွေနက် (Khunqboinau)
(၁၇) ဒီစာ (Disa)
(၁၈) ပလော်နက် (plawnau)
(၁၉) တာတောင် (Tauton)
(၂၀) မေ့တော်နက် (Meiqtawnau)
(၂၁) ခပ်တူ (Xeqtu)
(၂၂) မခွီပီ (Mxuiqpi)
(၂၃) လပိုင်နက် (Lpy-nau)
(၂၄) မတိုနက် (Mty-nau)
(၂၅) ခတွေနက် (khtoig nau)
(၂၆) ဝါဒိန်နက် (Wading- nau)
(၂၇) ဒိန်နက် (Ding nau)
(၂၈) လခက်နက် (Laxau nau)
(၂၉) ပေါဆိန်နက် (Poshing nau)
(၃၀) စတူ (Stu)
(၃၁) မေအး (Mau-ei)
(၃၂) လင့် (Lang)
(၃၃) ဆက်ကောက်နက် (Shkawnau)
(၃၄) လာထွက် (Lathoeq)
(၃၅) ခါလိုင်း (Xalien)
(၃၆)လွတ်စွတ်နက် (Loeqsoe nau)
(၃၇) ဘွတ်ဆိန်း (Boeqshinq )
(၃၈) ဆင်ဘွေ (Shanboi)
(၃၉) အင်ဘွေစခွီ (Anb-bisxui)
(၄၀)အောင်သာ (Onta)
(၄၁) လုံးတက် (Luntau)
(၄၂) ကဆင် (KShanq)
(၄၃) ဆေ့နက် (Shien-nau)
(၄၄) လီခိုင် (Likhy)
(၄၅) အိုလား (Uh-lan)
(၄၆) မေ့နက် (Meignau)
(၄၇) သတော့နက် (Tadaw nau)
(၄၈) ခါတက် (Xautau)
(၄၉) လူဒီးနာ ( Ludiq nau)
(၅၀) ထလာ (Thlaq)
(၅၁) ပဆိန့် (Pshinq)
(၅၂) တာဦးနက် (Ta' uq-nau)
(၅၃) စင်မာ (Sawma)
(၅၄) ခူးတူ (Khutu)
(၅၅) ကလပ် (Kle)
(၅၆) မိနက် (Miquau)
(၅၇) ထရိုနက် (Thro-nau)
(၅၈) ထာခွီးနက် (Thaxuiqnau)
(၅၉) ကနီဆိုင်း (Kniqshie)
(၆၀) ကြာဆိန် (Krashiwng)
(၆၁) ယူလနက် (Juloe nau)
(၆၂) လတူ (Latu)
(၆၃) နာလော်စခွီ (Nalawsxui)
(၆၄) ခေနက် (Xie-nau)
(၆၅) ရက်ဆိန်နက် (Rashing nau)
(၆၆) ကတေ့နက် (Kteiq nau)
(၆၇) တိန်စာ (Tin Sa)
(၆၈) အရှဲဥ်ဆာဆီ (Axien Sha shi)

တို့ဖြစ်ပါသည်။ The British Burma စာအုပ်တွင် ယနေ့ ချင်းပြည်နယ် နှင့် မီးချောင်းပီချောင်း တဝိုက်ရှိ မြိုလူမျိုး ဆွေမျိုးစု ( Clans) (၁၅) ခုအား ဖော်ပြထားသည်ကို တွေ့ရသည်။

ရိုးရာဓလေ့ ပုံပြင်များ

ကိုလိုနီခေတ်

ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲပြီးနောက် ရခိုင်နှင့် တနင်္သာရီကို ကိုလိုနီစနစ်ဖြင့် နယ်ချဲ့တို့က ဖိနှိပ်အုပ်ချုပ်ခြင်းကို ရခိုင်နှင့်အတူ မြို ခေါ် ခမိ တိုင်းရင်းသားများလည်း ခံခဲ့ကြရသည်။

လွတ်လပ်ရေးရပြီး

၁၉၄၇ ခုနှစ် နယ်မြေဒေသစုံစမ်းစစ်ဆေးရေးကော်မတီ၏အစီရင်ခံစာ တွင် မြိုလူမျိုးတို့သည် ဗမာများနှင့်ပူးပေါင်းချင်ပါကြောင်း သို့သော် မိမိတို့ လူမျိုးအား မိမိတို့၏ ဓလေ့ထုံးစံများဖြင့်နဲ့သာ အုပ်ချုပ်လိုပါကြောင်း အထက်ပါအကြောင်း အရာများသည် မိတ်စာဝကျေးရွာ တွင် မြို တမျိုးသားလုံးများနှင့် စည်းဝေး ဆုံးဖြတ်ခြင်း ဖြစ်ပါကြောင်း ဦးလွန်ပု[35] ( မြိုချင်း ) Lunpu Mro Chins ဆိုထားပါသည်[36]

ပြည်ထောင်စု မြန်မာနိုင်ငံတော် လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖဆပလပါလီမန် ဒီမိုကရေစီခေတ်တွင် မြိုအမျိုးသားစည်းလုံးညီညွှတ်ရေးပါတီကို တည်ထောင် ခွင့်ရရှိခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် မြို (ခေါ် ) ခမိအမျိုးသားညီညွတ်ရေး ပါတီကို ဦးစံသာအောင်မှ ထူထောင်သည်။ ယင်း ခေတ်အချိန်က မြို ခေါ် ခမိ အမျိုးသားများသည် အသိပညာ ဗဟုသုတ နည်းပါးကြသေးသည့်အတွက် ဝိဝါဒများ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲများ ရှိနေကြခြင်းကြောင့် လူမျိုး အမည်နာမကို သမိုင်းမှတ်တမ်းအရ မြို မှန်သည် သို့မဟုတ် ဘာသာစကားအားဖြင့် ရည်ညွှန်းခေါ်ဝေါ်ကြသည့် ခမီ မှန်သည်ဟု အငြင်းပွားပြဿနာဖြစ်ခဲ့ဖူးသည်။

၁၉၇၁-၇၂ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်တွင် နိုင်ငံတော်မှ တိုင်းရင်းသားလူမျိုး သန်းခေါင်စာရင်းကောက်ခံသည့်အခါ နေထိုင်သည့် ဒေသတစ်ခုစီရဲ့ အစွဲ၊ ဝိဝါဒများကြောင့် မြို နှင့် ခမိ တိုင်းရင်းသားဟု နှစ်မျိုးဖြစ်လာသည်။ [37]

ကိုးကား

  1. Pamela Gutman, “Burma’s Lost Kingdoms: Splendors of Arakan, p- 17
  2. Hughes, W. Gwynne, “The Hill Tracts Of Arakan,” P-12
  3. မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ (ရခိုင်၊ စာပေဗိမာန်ပုံနှိပ်တိုက်၊ ၁၉၇၆)၊ စာ - ၃၁
  4. မြန်မာ့စွယ်စုံကျမ်း အတွဲ (၉) အပိုင်း (ခ)
  5. တွီဘင်၏ အနက် ကား ရေကြည် အစိုင်အခဲ့ ထွက်ရာ အရပ်ဖြစ်၏။
  6. ကုလားတန်မြစ်ဝှမ်းနေ ကနဦးတိုင်းရင်းသားများ၏ ဝင်ရောက်လာရာလမ်းကြောင်း ပဏာမလေ့လာချက်စာတမ်း (ရိုဆန်း)
  7. Pamela Gutman, “Burma’s Lost Kingdooms: Splendours of Arakan, p- 17
  8. တောင်ပေါ်အရပ်တွင်နေထိုင်သောကြောင့်တောင်မြို ဟုခေါ်ဝေါ်ခြင်းသာဖြစ်ပါသည်။ နောက်ပိုင်းတွင် ဘူးသီးတောင်၊ မောင်းတော မြို့နယ်မှ မရူစားများကိုလည်း တောင်မြို ဟုခေါ်ဝေါ်လာသည်။
  9. Dr. E. Forchhammer, Report on the Antiquities of Arakan (Rangoon, Superintendent Government Printing, 1891), 54.
  10. မောင်ပုဆိုးကြမ်း၊ တိုင်းရင်းသားလူမျိုးများ အဘိဓာန်၊ (အလင်းသစ်စာပေတိုက် - ဒု၊ ၂၀၀၇)၊ စာ - ၉၉၊ ၁၄၃။
  11. “ဓမ္မဇေယျ စုံနှစ်မမူ၊ ထိုသူရဲမက်၊ သိမ်းခေါ်လျက်သာ၊ မြုံရွာအဝင်၊ တောင်ခွင်မြိုင်ခြေ၊ ရှောင်နေမလစ်၊ အားအံသစ်လျက်၊ ကစ္ဆပနဒီ၊ တပ်လုံးချီ၍၊ ကပ်မှီရောက်ခါ၊ မြောက် အညာသို့၊ သွားရာမလိုက်၊ တော်၌ပုံတူ၊ လူအပုံကို၊ အမြုံဟုခေါ်ဝါ၊ ချောင်းအမြွှာတွင်၊ သုံးရွာစုစု၊ နေမှတ်ပြုသည်၊ တည်ဘူးရာတွင်၊ ထိုပြင်မြေဝေး၊ ထွက်ပြေးလေတတ်၊ အမတ်နှင့်ပါ၊ များစွာသူပုန်း၊ နေတုံမလွဲ၊ အမည်စွဲ၍၊ ဟဲရုံခုတွင်၊ သို့စင်ပြည်ထဲ”
  12. ထွန်းရွေခိုင် ( မဟာဝိဇ္ဇာ)၊ ရခိုင်မင်းသမီးဧချင်း၊ (ယဉ်မျိုးစာပေ၊ ရန်ကုန်၊ ၂၀၁၆)၊ စာ - ၅၂။
  13. မာယုလှိုင်(ကျောက်တော်)၊ တိုင်းရင်းနွယ်ဖွား မြိုလူမျိုး အမြတူ၊အမြကူနှင့်ပဲဖြူမင်းတို့ အုပ်ချုပ်စိုးစံတော်မူပုံအကြောင်း
  14. ထင်အောင် (ကျောက်တော်)၊ နိုင်ငံတော်မှပေးသော အခွင့်အရေးနှင့် ဌာနေတိုင်းရင်းသား မြို ( ခမိ ) များရပ်တည်မှုစာတမ်း ( ၂၀၁၅၊ စာ-၇
  15. မောင်စာခေါင် ၊ မြို ဘာသာစကား၏ စကားသံများကို အသုံးချ သဒ္ဒဗေဒအမြင်နှင့် လေ့လာချက်၊ (ရန်ကုန် တက္ကသိုလ်၊ ၁၉၉၀၊ စာ- ၄။
  16. Morgan, Census of Burma 1911, volume IX, Burma Part-I, Reports, - 256
  17. SIL, 2012
  18. Captain G. C. Rigby, “History Of Operations in Northern Arakan and the Yawdwin Chin Hills, (MIZORAM, 1896-97), P-175.
  19. ထင်းအောင် ( ကျောက်တော်)၊ ဘဝပုံရိပ်များ၊ ( Grace စာပေ၊ ၂၀၀၆)၊ စာ-၉၈။
  20. မောင်စာခေါင် ၊ မြို ဘာသာစကား၏ စကားသံများကို အသုံးချ သဒ္ဒဗေဒအမြင်နှင့် လေ့လာချက်၊ (ရန်ကုန် တက္ကသိုလ်၊ ၁၉၉၀)၊ စာ - ၄၆။
  21. Luke Ahka, “The Anthropological Studies of Mrokhami People with Relevant Method for the Gospel: Cultural Anthropology For Christian Mission,” (Yangon, 2012), Page -2.
  22. ရခိုင် မင်းသမီး ဧချင်း အပိုဒ်(၁၉)တွင်ေဧး တုံမွေးမိ၊ နာထွေရှိလော၊ ဂေါလိယမင်း၊ သားရင်းသည်းချာ၊ ဒသရာလျှင်၊ မဟာမုနိ၊ ရှိရာအကြောင်း၊ ပေါင်းလောင်းမြို့ထီး၊ သင်းကြီးညွှန်ပြ၊ ပုညကြီးတွေ၊ လွန်ရိုသေလျက်၊ ဝင်လေသင်းတက်၊ ထွက်ခဲ့သင်တုတ်၊.......
  23. A. T. Houghton, Dense Jungle Green, 1937. 172-190.
  24. HC. Bizo, the Study of Mara Evangelical Church and her Mission: Education in Mission Fields (Thesis, MIT, Yangon, 2017), 124.
  25. မောင်စာခေါင် ၊ မြို ဘာသာစကား၏ စကားသံများကို အသုံးချ သဒ္ဒဗေဒအမြင်နှင့် လေ့လာချက်၊ (ရန်ကုန် တက္ကသိုလ်၊ ၁၉၉၀)၊ စာ - ၄၆။
  26. စိန်သာအောင် ( ပလက်ဝ)၊ “မြို”တို့အကြောင်း ရှေးဖြစ်ဟောင်းဆောင်းပါးစုများ၊ ၂၀၁၅၊ (စာ- ၁၂၄)
  27. ထွန်းရွှေခိုင်(စစ်တွေကောလိပ်)၊ ရခိုင်ရှေ့ဟောင်း မြို့တော်များ၊ စာ - ၁၄၁
  28. မောင်စာခေါင် ၊ မြို ဘာသာစကား၏ စကားသံများကို အသုံးချ သဒ္ဒဗေဒအမြင်နှင့် လေ့လာချက်၊ (ရန်ကုန် တက္ကသိုလ်၊ ၁၉၉၀)၊ စာ - ၄၆။
  29. ထင်းအောင် ( ကျောက်တော်)၊ ဘဝပုံရိပ်များ၊ (Grace စာပေ၊ ၂၀၁၆)၊ စာ-၁၆၈-၁၇၃။
  30. Luke Ahka, “The Anthropological Studies of Mrokhami People with Relevant Method for the Gospel: Cultural Anthropology For Christian Mission,” (Yangon, 2012), Page -5
  31. Dr. E. Forchhammer, Report on the Antiquities of Arakan (Rangoon, Superintendent Government Printing, 1891), 54.
  32. Maurice Collis, “ Araken’s Place in the Civilization of the Bay: A Study of Coinage andForeign Relations”, Journal of the Burma Research Society, vol. XV, I, p 488, 1925. Quoted in Noel F. Singer, Vaishali and the Indianization of Araken( New Dehli, APH Publishing Corporation, 2008), p 90-91
  33. နာဘာ့ဘင် ၏အဓိပ္ပါယ်သည် တွဲလောင်း ချထားခြင်း ဖြစ်သည်။
  34. "The British Burma Gazetteer in two Volume, VOL II," Rangoon Printed At The Government Press, 1879, P- 425.
  35. ဦးလွန်ပု မြိုချင်းသည် မြိုဘာသာစကား၏ စကားသံများကို အသုံးချသဒ္ဒဗေဒအမြင်နှင့် လေ့လာချက် (ရန်ကုန်တက္ကသိုလ်) မ ( ၁၉၈၂ - ၈၃ ) မဟာဝိဇ္ဇာ (မြန်မာစာ) ဘွဲအတွက် တင်သွင်းသောကျမ်း၊ မောင်စာခေါင် ( ၁၉၉၀) ၏ အဖိုးဖြစ်သည်။
  36. REPORT OF THE FRONTIER AREAS COMMITTEE OF ENQUIRY, 1947,(P. 95, 96)
  37. ၁၃ ရက် ၁ဝ လ ၂၀၁၀ ပြည့်နှစ်၊ ကြေးမုံသတင်းစာ။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.