တီးတိန်လူမျိုး

တီးတိန် (သဲဒင်မ်)လူမျိုးသည် မြန်မာနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသား (၁၃၅)မျိုးထဲတွင် ပါဝင်လေသည်။ တိုင်းရင်းသားလူမျိုးကြီး (၈)မျိုးအနက်၊ ချင်းတိုင်းရင်းသားထဲမှ လူမျိုးစု တစ်စုဖြစ်သည်။ ချင်းပြည်နယ်တီးတိန်မြို့နယ်အတွင်း နေထိုင်ကြပြီး တီးတိန် (တဲဒင်မ်)စကားပြောသော မျိုးနွယ်စု (၁၀)စုတို့က မိမိတို့ အမျိုးအနွယ်များ စတင်ပေါက်ဖွားသော နေရာမှာ တီးတိန်မြို့မှ ခုနှစ်မိုင်အကွာရှိ ဆိုင်းဇန်ရွာအနီးမှ ကျိမ်နွဲဂူကြီးဖြစ်သည်ဟု ဆိုကြသည်။ ယင်းဂူမှာ ယခုအခါ တိမ်ကောလျက်ရှိပြီးဖြစ်သည်။ ပတ်ဝန်းကျင်မှာ လူနေထိုင်ရန် သင့်လျော်သော ရေခံမြေခံကောင်းသည့်အရပ် ဖြစ်ခဲ့ဘူးဟန် ရှိသည်။ ယခုတိုင် ထိုနေရာ တစ်ဝိုက်တွင် တောင်ယာနှင့် ခြံစိုက်ပျိုးရေး ဖွံ့ဖြိုးလျက်ရှိသေးသည်။

တီးတိန်မြို့နယ်အတွင်းရှိ လူမျိုးအုပ်စုတို့၏ ဘိုးဘေးတို့သည် မူလရှေး ကျောက်ခေတ်ဆီလောက်က ယင်းဂူကြီးထဲတွင် ခိုအောင်းနေထိုင်ခဲ့ကြရာမှ တဖြည်းဖြည်း လူဦးရေတိုးပွားလာသဖြင့် ယခု တီးတိန်မြို့နယ်အတွင်းသို့ လာရောက်နေထိုင်ခဲ့ကြသည်ဟု ဆိုသည်။

ဝေါဟာရ

တီးတိန်ဟူသော အသံထွက်မှာ အမှန်မဟုတ်။ သဲဒင်မ်သာလျှင် ချင်းအသံထွက် အမှန်ဖြစ်သည်။ သဲဒင်မ်ကို အင်္ဂလိပ်တို့က အသံပီသအောင် မခေါ်နိုင်သဖြင့် ဖြစ်သလို စာလုံးပေါင်းရာ တစ်ဒင်မ် ဖြစ်လာပြီး မြန်မာတို့ကလည်း တီးတိန်ဟု ခေါ်ကြပြန်သည်။

သဲဒင်မ်ဟု ပီသစွာခေါ်လိုက်သောအခါမှ ချင်းဘာသာစကား၏ အဓိပ္ပါယ်သည် ပေါ်လွင်လာသည်။ ယင်းစကားကို အဓိပ္ပာယ်ပြန်ပါမူ ချင်းဘာသာအရ သဲ မှာ အရောင်တောက်ခြင်း ဖြစ်၍ ဒင်မ် မှာ ပြည့်သည်။ သို့မဟုတ် ရေပြည့်သည်ဟု အဓိပ္ပါယ်ရသည်။

ရိုးရာယဉ်ကျေးမှု

တီးတိန်ယောက်ျား ဝတ်သော အင်္ကျီမှာ သင်တိုင်းမျိုးဖြစ်၍ အဖြူရောင်ချည်ထည်ဖြစ်ပြီး အင်္ကျီမှာ ထူးအထက်ထိ ဖုံးလေသည်။ မိန်းမများသည် ငွေနှင့် ကြေးနီ လက်ကောက်ကြီးများကို ဝတ်ဆင်ကြသည်။ ကြေးနီကွင်းများကို လက်မောင်းတွင် ဝတ်ဆင်ကြ၍ ဂျပ်ခုတ်ထည်းများကို ဝတ်ဆင်ကြသည်။ အင်္ကျီမှာ ရင်စေ့လက်ရှည်အင်္ကျီ သဘောပင်ဖြစ်သည်။ လည်ဆွဲတန်ဆာများအဖြစ် ပယင်းစေ့များနှင့် သန္တာနီများကို စီ၍ ဆွဲကြသည်။ ထို့အပြင် နာဂတောင်တန်းမှ လာရောက်ရေင်းချသော မဟူရာ ပုတီးကြီးများ ဝတ်ဆင်လေ့ ရှိသည်။ ထမီများမှာ ရင်ကွဲ ထမီများဖြစ်၍ များသောအားဖြင့် ရှေးအခါက ဒူးအထက်အထိ ဝတ်ဆင်လေ့ ရှိကြသည်။ [1]

ကိုးကား

  1. မောင်ပုဆိုးကြမ်း ရေး တိုင်းရင်းသားလူမျိုးများ အဘိဓာန်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.