ချိုးလူမျိုး

ချိုး (K’CHO) ကို အများက ချင်း ဟူ၍ သိကြသည်။ ချိုးဘာသာစကားဖြင့် ချိုး ဟူသောစကားလုံးသည် အထက်၊ အညာ ဟူ၍ အဓိပ္ပါယ် ထွက်သည်။ သို့သော် ချိုး သည် မိမိကိုယ်ကို မိမိ ချိုး ဟုခေါ်သော လူမျိုးတမျိုး၏ အမည်နာမ ဖြစ်သည်။ အမည်သည် အမည်နာမသာဖြစ်၍ အဘယ်ကြောင့် ချိုး ဟုခေါ်သည်၊ မည်သည့်အဓိပ္ပါယ်ဖြစ်သည်ကို မည်သူမျှ အတိအကျ မသိပေ။

ဆင်းသက်လာပုံ

ယေဘုယျအားဖြင့်ခြုံကြည့်လျှင် အရှေ့တောင်အာရှနေ လူမျိုးအားလုံးသည် မွန်ဂိုလီယား၊ တိဘက်၊ တရုတ်ပြည်မှ အဆင့်ဆင့် ရွေ့လျားနေထိုင်လာကြကြောင်း၊ ယင်းနည်းတူ ချိုးလူမျိုးတို့သည်လည်း တရုတ်ပြည်မှ ဗမာပြည်၊ ယင်းမှနေ၍ ချင်းတောင်တန်းများပေါ်သို့ ရောက်ရှိနေထိုင်ကြကြောင်း တွေ့ရှိရမည်။

အမျိုးအနွယ်

ချိုးလူမျိုးတို့သည် တိဘက်ပြည်၊ တရုတ်ပြည်၊ မြန်မာပြည်တို့သို့ တဆင့်တဆင့် ရွေ့လျားရောက်ရှိ လာကြသော တိဘက်မြန်မာအုပ်စုဝင် လူမျိုးဖြစ်သည်။ ချိုးလူမျိုးတွင် Khan Kho KChang, Tui Li KChang, Khom-ah Kheh ဟူသော မျိုးနွယ်စုကြီး (Tribe) သုံးခုရှိ၍ ယင်းမျိုးနွယ်စုကြီးများမှ အမျိုးအနွယ် (Clan) များ အမြောက်အများ ပွားများသည်။

နေထိုင်ရာဒေသ

ယခုအခါ မြန်မာနိုင်ငံ၏ အနောက်ဘက်တောင်တန်းဒေသဖြစ်သော ချင်းပြည်နယ်တွင်- မတူပီမြို့နယ်တချို့၊ မင်းတပ်မြို့နယ်ကန်ပက်လက်မြို့နယ်ပလက်ဝမြို့နယ်တချို့၊ မကွေးတိုင်းတွင်- ဆောမြို့နယ်၊ ထီလင်းမြို့နယ်၊ စေတုတ္တရာ မြို့နယ်၊ ငဖဲမြို့နယ်၊ ရခိုင်ပြည်နယ်တွင်- မြောက်ဦးမြို့နယ်၊ ပုဏ္ဏကျွန်းမြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံ မြို့နယ်၊ အမ်းမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲ၊ မန်အောင်ကျွန်းများအထိ နေထိုင်ကြသည်။ မျိုးနွယ်စုအလိုက် နယ်ပါယ်သီးခြားစီ နေထိုင်ခြင်းမရှိဘဲ ရောနှောနေထိုင်ကြသည်။ ပုံတောင် ပုံညာတောင်ကြောသည် ချိုး ဒေသ၏ နယ်နိမိတ် ခြံစည်းရိုး ဖြစ်သည်။

ဘာသာစကားနှင့် ယဉ်ကျေးမှု

ကွဲပြားသော ဘာသာစကားနှင့် ယဉ်ကျေးမှုရှိကြသည်။ Mün, MKang, Dai, Ukpu, Ng’Gah စသည့်ဘာသာ စကားနှင့် ယဉ်ကျေးမှုအုပ်စု နယ်ပါယ်များကို တွေ့ရှိနိုင်ပါသည်။

ဓလေ့ထုံးစံ

ယောက်ျားနှင့်မိန်းမ အိမ်ထောင်ပြုသောအခါ၌ မိန်းမက ယောက်ျားနောက်လိုက်ရသည်။ မွေးဖွားလာသော သား၊ သမီးများသည် ဖခင်၏ အမျိုးအနွယ်များ ဖြစ်ကြသည်။ အမျိုးအချင်းချင်း အိမ်ထောင်ပြုခွင့်မရှိ။ သမီးပေးရသော အမျိုးကို TU ဟုခေါ်၍ သမီးယူရသောအမျိုးကို PU ဟု ခေါ်သည်၊ သင်၏ TU ဘက်အမျိုးမှ သမီးမိန်းကလေးကို သင့်အမျိုး မည်သူကမျှ ယူခွင့်မရှိ။ သင့် PU ဘက်အမျိုးကလည်း သင့်အမျိုးမှ သမီးမိန်းကလေးကို ယူခွင့်မရှိ။ နာရီ လက်တံသည် ပြောင်းပြန်လည်ခွင့် မရှိပါ။ ဤဓလေ့ထုံးစံက အမျိုးအနွယ်ကို ထိန်းသိမ်းသည်။ ပြဿနာတစုံတခုရှိ ပါက အမျိုးနှင့် ဖြေရှင်းရသည်။ လူတဦးတယောက်၏ ကောင်းခြင်း၊ ဆိုးခြင်းသည် အမျိုး၏ ကောင်းခြင်း၊ ဆိုးခြင်း ဖြစ်သည်။ လူတဦးစီကိုအမျိုးကတာဝန်ခံ၍ အမျိုးအတွက် လူတဦးစီတွင် တာဝန်ရှိသည်။ သို့ဖြစ်၍ ချိုးလူမျိုး၊ ချိုး နယ်မြေ၌ရာဇဝတ်မှု ရှားပါးသည်။ လူ့အခွင့်အရေး၊ လူ့တန်ဘိုး တူညီသည်။ ချိုးဥပဒေ ကို An eye for an eye ဥပဒေဟု ဆိုနိုင်သည်။ ယင်းကို လက်စားချေစနစ် ဟု ခေါ်ဆိုသည်။ ဤစနစ် ကြောင့် လူသတ်မှု ရှားပါးရကြောင်း တွေ့ရှိရသည်။

မြေမျက်နှာပြင်

သက်လတ်မြေအမျိုးအစား ဖြစ်သည်။ တောင်တန်းများ၊ စမ်းချောင်းများဖြင့် သဘာဝရှုခင်း သာယာပါသည်။ ကုန်းပြင် မြေပြန့် ရှားပါးသည်။ အောက်ကျင်း(ယောနယ်ဟုလူသိများသည်)တွင် လွင်ပြင်အနည်းအကျဉ်း ရှိသည်။ အမြင့်ဆုံးတောင်ထိပ်မှာ ဝိတိုရိယခေါ် ‘ခေါနူ’တောင်ဖြစ်၍ ပေတစ်သောင်းကျော် မြင့်သည်။ အမြဲစိမ်းသစ်တော ဧရိယာ ဖြစ်သည်။

ရာသီဥတု

တနှစ်တွင် နွေ၊ မိုး၊ ဆောင်းဟူ၍ ရာသီဥတု သုံးမျိုးရှိသည်။ နွေရာသီကတိုတောင်း၍ မိုးရာသီက ပိုကြာသည်။ မိုးရေချိန်လက္မ ရာကျော်သည်။

အသက်မွေးဝမ်းကျောင်း

တောင်တန်းဒေသ၌နေထိုင်ကြသည်နှင့်အညီ ‘ချိုး’ တို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းသည်တောင်ယာလုပ် ငန်းဖြစ်သည်။ တောင်ယာဆိုသည်မှာ တောကိုခုတ်ထွင်၊ အချိန်တန်လျှင် မီးရှို့ရှင်းလင်း၍ စိုက်ပျိုးသည့်စိုက်ခင်းဖြစ် သည်။ အောက်ကျင်းခေါ် မြေပြန့်တွင် လယ်လုပ်ငန်း လုပ်ကြသည်။အမဲပစ် တောလိုက် ဝါသနာပါကြ၍ ‘သေနတ် ကို အလွန်ချစ်မြတ်နိုးသောလူမျိုးများ’ ဟု အင်္ဂလိပ်တို့က မှတ်ချက်ပြုကြသည်။

လမ်းပန်းဆက်သွယ်ရေး

တောင်တန်းအထပ်ထပ်၊ မြစ်ချောင်းအသွယ်သွယ်တို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည်။ မိုးတွင်းကာလ တွင် မိုးများသဖြင့် ရေကြီးခြင်း၊ တောင်ပြိုမြေပြိုခြင်းများကြောင့် သွားရေးလာရေး ပိုမိုခက်ခဲသည်။ ယခုအခါ မြို့ပြ များဖြစ်သော မတူပီ၊ မင်းတပ်၊ ထီးလင်း၊ ဆော။ ကန်ပက်လက်တို့ကိုသာကတ္တရာကားလမ်း ဆက်သွယ်နိုင်ပါသေး သည်။ တောင်ဘက် စေတုတ္တရာ၊ ငဖဲနှင့် အနောက်ဘက်ပလက်ဝနှင့် ရခိုင်ပြည်နယ်တို့သို့ မော်တော်ကားလမ်း မရှိသေးပေ။

သစ်တောနှင့် သယံဇာတ

နအဖစစ်အစိုးရထုတ်ယူရောင်းချသော ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ နှော၊ အင်ကြင်း၊ ထင်းရှူးအစရှိသည့် အဖိုး တန်သစ်များစာရင်းတွင် ‘ချိုး’ဒေသက အများဆုံးဖြစ်သည်။ ယခုအခါ သစ်တောများ ပြုန်းတီး၍ ဖုန်းဆိုးဖြစ်စ ပြုနေ ပြီဖြစ်သည်။ ကျောက်မျက်ရတနာများ နေရာတကာတွင်တွေ့ရှိသော်လည်း အလွန့်အလွန် နုနယ်သေးသည်ဟု ဘူမိဗေဒ ပညာရှင်များက ဆိုကြသည်။ ယခုအခါ ရေနံ အကြီးအကျယ်ထွက်ရှိရန် တာစူနေသည်။

အလားအလာ

အကယ်စင်စစ် ‘ချိုး’ဒေသသည် သဘာဝရေလျှပ်စစ်နှင့် ဖွံဖြိုးစည်ပင်ရမည့် ဒေသဖြစ်သည်။ UNDP က လုပ်ပေး သောနေရာအနည်းအကျဉ်းတွင်သာ သောက်သုံးရေသွယ်ခြင်းရှိ၍ သဘာဝစမ်းချောင်းများ ခပ်ယူသုံးစွဲခြင်းသာ ရှိသေးသည်။ လမ်းပန်းဆက်သွယ်ရေးသာကောင်းမွန်ပါမူ ပန်းသီး၊ လိမ္မော်၊သံပရာ စသည့် ဥယျဉ်ခြံမြေထွက်ကုန် များဖြင့် စည်ပင်ရမည့် ဒေသဖြစ်သည်၊

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.