တကောင်း

တကောင်းမြို့သည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်ခရိုင်သပိတ်ကျင်းမြို့နယ်တွင် ပါဝင်သော မြို့နယ်ခွဲအဆင့်ရှိ မြို့တစ်မြို့ ဖြစ်သည်။ တကောင်းမြို့ဟောင်းဟူ၍လည်း ထင်ရှားသော မြို့ဟောင်းတစ်ခု ဖြစ်သည်။ တကောင်းသည် မန္တလေးမြို့မှ ဧရာဝတီမြစ်ကို ဆန်တက်သောအခါ ၁၂၇ မိုင်ဝေး၍ မြစ်အရှေ့ဘက်ကမ်း မြေပြန့်ဒေသတွင် တည်ရှိသည်။

တကောင်းမြို့
မြို့
တကောင်းမြို့ ရှိ ဥတ္တရယဉ်စွန်းတန်းဖြတ်သန်းရာနေရာတွင် စိုက်ထူထားသော ဆိုင်းဘုတ်အားတွေ့ရစဉ်
တကောင်းမြို့
တကောင်းမြို့ တည်နေရာ
ကိုဩဒိနိတ်: 23°30′N 96°2′E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး
ခရိုင်ပြင်ဦးလွင်ခရိုင်
မြို့နယ်သပိတ်ကျင်းမြို့နယ်
လူဦးရေ (၂၀၁၄)[1]
  မြို့၃၅,၈၇၀
  မြို့ပေါ်၈,၁၃၅
  ကျေးလက်၂၇,၇၃၅
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

တကောင်းမြို့ဟောင်း၏ ထင်ရှားမှုမှာ စည်ပင်သာယာမှု၊ ရောင်းဝယ်ဖောက်ကားကောင်းမွန်မှုတို့ကြောင့် မဟုတ်ဘဲ သမိုင်းရေးရာကြောင့် ထင်ရှားခြင်း ဖြစ်လေသည်။ "မြန်မာအစ၊ တစ်ကောင်းက" ဟု မြန်မာတို့ဆိုရိုးစကားရှိသည်။ မြန်မာနိုင်ငံတွင် တကောင်းမင်းဆက် စတင်တည်ထောင်သည့်ခေတ်သည် မြန်မာသမိုင်း၏ အစဖြစ်သည်ဟု သမိုင်းဆရာတို့ယူဆကြ၏။ မြန်မာနိုင်ငံ ပထဝီနှင့် သမိုင်း မဟာရာဇဝင်၌ တကောင်းသည် ဂေါတမမြတ်စွာဘုရား လက်ထက်ကပင်လျှင် တကောင်းဟု တွင်ကြောင်းဖော်ပြသည်။ မဇ္ဈိမဒေသ သာကီယအနွယ်ဖြစ်သော အဘိရာဇာမည်သော မင်းသည် တကောင်းပြည်ကြီးကို လက်မွန်တည်ကြောင်းလည်းဆိုသည်။ ရှေးခေတ်က မြို့ရိုးဟောင်းများနှင့် စေတီဟောင်းများကို ယခုတိုင် တွေ့နိုင်သေး၏။ တကောင်း၏ အရှေ့တောင်ဘက်နှင့် အနောက်ဘက်တို့တွင် ရွှေစည်းခုံ၊ ရွှေစေတီ၊ ဗောင်းတော်ကျ စသော စေတီဟောင်းများရှိသည်။

တကောင်းပြည်ကို သင်းတွဲပြည်ဟုလည်းခေါ်ကြသေး၏။ တကောင်းကို စတင်တည်ထောင်သည့်အချိန်က မြန်မာနိုင်ငံ အထက်ပိုင်း၌ ပျူလူမျိုး၊ အနောက်ဘက်၌ ကမ်းယံလူမျိုး၊ မြောက်ဘက်၌ သက်လူမျိုးဧရာဝတီသံလွင်စစ်တောင်းမြစ်ဝှမ်းတို့၌ မွန်လူမျိုးများ နေထိုင်ကြသည်ဟု သမိုင်းဆရာတို့က ယူဆသည်။ ထိုအခါက ပြည်မြို့သည် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည်ဟုလည်း မှတ်ယူကြသည်။

သမိုင်းကြောင်း

တကောင်းကို အဘိရာဇာမင်းက စတင်တည်ထောင်ပြီး မင်း ( ၃၃ ) ဆက်မြောက် ဘိန္နက မင်းလက်ထက်တွင် ပထမ တကောင်း ပျက်စီးခဲ့သည်။ တကောင်းကို ဒုတိယ အကြိမ် ပြန်လည်ထူထောင်သူကား ဓဇရာဇာမင်း ဖြစ်သည်။ ဓဇရာဇာမင်းသည် ဘိန္နက ၏ မိဖုရား နာကဆိန်နှင့် စုံဖက်၍ ဆက်လက် စိုးစံသည်။ ထိုမင်းမှ စ၍ မင်းပေါင်း ( ၁၇ ) ဆက် စိုးစံခဲ့သည် ဟု ဆိုသည်။ ထို့ကြောင့် တကောင်းတွင် မင်းပေါင်း ( ၅၀ ) စိုးစံခဲ့ဖူးလေသည်။

သာကီဝင်မင်း အဘိရာဇာ၌ သားတော်နှစ်ပါးရှိသည်။ သားငယ်ဖြစ်သော ကံရာဇာငယ်သည် တကောင်းထီးနန်းကို ဆက်ခံလာသောအခါ၊ သားကြီးကံရာဇာကြီးမှာ အလုံးအရင်းနှင့် တကောင်းမှ ဧရာဝတီမြစ်ကို စုန်ခဲ့၍၊ ချင်းတွင်းမြစ်ကို ဆန်တက်ကာ၊ ကလေးကျေးတောင်ညိုအရပ်၌ ခြောက်လ ဗိုလ်ဝင်ခံသည်။ ထိုနောက် ကစ္ပနဒီမြစ် အရှေ့ဘက်၌ ကျောက်ပန်းတောင်းမြို့ကို တည်ထောင်စိုးစံသည်။ ထိုကမှ ရခိုင်ပြည်တွင် မင်းဆက်ပြတ်နေသော ဓညဝတီမြို့ဟောင်းကို သိမ်းယူ၍ အုပ်ချုပ်သည်။ အဘိရာဇာမင်းမှစ၍ ရေတွက်သော်၊ ၃၃ ပါးမြောက် ဘန္နကမင်းလက်ထက်တွင် တရုတ်တို့ ဝင်ရောက်နှောင့်ယှက်သဖြင့် တကောင်းပြည်ပျက်သည်။ ဘန္နမင်းနတ်ရွာစံသောအခါ၊ မိဖုရားနာဂဆိန်သည် နောက်လိုက်ဗိုလ်ပါတို့နှင့် ကျန်ရစ်၏။ တကောင်းကို ဒုတိယအကြိမ် တည်ထောင်သူကား အိန္ဒိယပြည်မြောက်ပိုင်းမှ ဓဇရာဇာဆိုသူ သာကီဝင်မင်းဖြစ်၍၊ ထိုမင်းသည် ဘန္နမင်း၏မိဖုရား နာဂဆိန်နှင့်ဆုံဖက်၍ စိုးစံသည်။ ထိုမင်းမှစ၍ မင်းပေါင်း ၁၇ ပါး တစ်ကောင်းတွင် စိုးစံကြသည်။ ထိုသို့ဖြင့် တကောင်းတွင် မင်းပေါင်း ၅ဝ စိုးစံခဲ့ဘူးလေသည်။[2]

အမည်ရင်းမြစ်

တကောင်းပြည်၏ အမည်ကို-

  1. ကကုသန်ဘုရားလက်ထက်တော်၌ သံသယပူရ၊
  2. ကောနဂုံဘုရားလက်ထက်တော်၌ ရဌပူရ၊
  3. ကဿပဘုရားလက်ထက်တော်၌ သင်းတွဲဟု တွင်ပြီး
  4. ဂေါတမဘုရားရှင်လက်ထက်တော်၌ကား တကောင်းဟူ၍ အမည်တွင်ကြောင်း မှန်နန်းရာဇဝင်တော်ကြီး၌ ပါရှိလေသည်။

တကောင်းကို တိုင်ကွန် ဟူ၍ တရုတ်အသံဖြင့် ခေါ်ဝေါ်ကြောင်း သိရသော်လည်း အဓိပ္ပါယ်ရင်းမြစ်ကိုကား ဖေါ်ပြထားခြင်း မရှိသဖြင့် မသိရချေ။ ထို့အပြင် မြန်မာစွယ်စုံကျမ်း (တွဲ-၄၊ စာ-၁၉၈)၌ တကောင်းဟူသောအမည်မှာ ရှမ်းဘာသာစကားဖြင့် စည်ကူးတို့ ဟု အဓိပ္ပါယ်ရရှိကြောင်း သိရသည်။ ရှမ်းဘာသာဖြင့် ဆိုလိုရင်း အဓိပ္ပါယ်မှာ + ကောင်းဟူသောစကားရပ်တွင် တ မှာ ကူးတို့ဆိပ်ဖြစ်ပြီး ကောင်း မှာ အစုအပုံ (ဝါ) ကုန်ပစ္စည်းများ စုပုံရာ ကူးတို့ဆိပ် ဟူ၍ပင် ဖြစ်ကြောင်း သိရလေသည်။ [3]

တကောင်း = အခွန်အကောက် တောင်းရာဌာန [4]

ကျောက်စာ အထောက်အထား

တကောင်းမြို့သည် ပုဂံခေတ်၌ အရေးပါ အရာရောက်သော နယ်ခြားမြို့နယ်တစ်ခု ဖြစ်ခဲ့ဟန်ရှိသည်။ မှန်နန်းရာဇဝင်တော်ကြီး၌ အနော်ရထာ မင်းစောသည် နယ်ခြားမြို့ ၄၃-မြို့ကို တစ်ပြိုင်နက် တစ်ချက်တည်းစ၍ တည်စေရာ၌ တကောင်းမြို့သည်လည်း တစ်မြို့အပါအဝင် ဖြစ်ခဲ့ကြောင်း ရေးသားဖေါ်ပြထားသည်ကို တွေ့ရလေသည်။ ထို့အပြင် ပုဂံခေတ်တွင် ရေးထိုးသော ကျောက်စာများ၌လည်း ပုဂံပြည်၏ အကျယ်အဝန်း နယ်နိမိတ်ကို ဖေါ်ပြရာ၌ မ္လေစ်ဩတ္တာတကောင်၊ ငဆောင်ချံ ဟူ၍၎င်း၊ တကောင်းလှပ်ကာသုကြီးလက်ခါနာလက်ဝယ်၊ တကောင်စစ်ထိုင်သောတကောင်ဥယန်မ္လေ[5]

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၈။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
  3. (ကသာကံဆက်၊ စာ-၈၉) မှန်နန်း(ပ-တွဲ)စာ-၂၉၈
  4. ဒေါက်တာသန်းထွန်း ရေး မြန်မာသမိုင်းနိဒါန်း
  5. ဦးသန်းဆွေ(သုတေသနဝန်ထောက်၊ ရှေးဟောင်းသုတေသန ဌာနခွဲ၊ ရန်ကုန်)၏ တကောင်းမြို့ဟောင်း အပိုင်း(၁)


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.