မန္တလေးမြို့
မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၏မြို့တော်ဖြစ်သည်။ ၂၀၁၄ ခုနှစ် စာရင်းအရ လူဦးရေ ၁ ၂၂၅ ၅၅၃ ယောက် ရှိသည်။ စီးပွားရေးမြို့တော် ရန်ကုန်မြို့ မှ ၃၈၅မိုင် ကွာဝေး၍ ဧရာဝတီမြစ်၏ အရှေ့ဘက်တွင် တည်ရှိသည်။ ကုန်းဘောင်မင်းဆက် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းနေပြည်တော် ဖြစ်ခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်တို့၏ ရုံးစိုက်မြို့ဖြစ်သည်။ ရန်ကုန်မြို့ပြီးနောက် ဒုတိယအကြီးဆုံးသောမြို့ဖြစ်သည်။ မြန်မာနိုင်ငံ၏ အလယ်ဗဟိုတွင် တည်ရှိသကဲ့သို့ပင် မြန်မာ့ယဉ်ကျေးမှုတို့ စုဝေးရာ ဒေသလည်း ဖြစ်ပေသည်။ မန္တလေးမြို့သည် ခေတ် ၃ ခေတ်ပြောင်းခဲ့သော်လည်း ထင်ရှားလျက်ပင် ရှိပေသေးသည်။ နှစ် ၁ဝဝ အတောအတွင်းဝယ် မန္တလေးမြို့တွင် ဒုတိယကမ္ဘာစစ်ဒဏ်၊ မီးဘေးအန္တရာယ်များကို ခံရသောကြောင့် အပျက်အစီးရှိခဲ့သော်လည်း အသစ် ပြန်လည်ပျိုးထောင်နိုင်ခဲ့သည်။
မန္တလေးမြို့ | |
---|---|
![]() | |
![]() ![]() မန္တလေးမြို့ | |
ကိုဩဒိနိတ်: 21°58′30″N 96°5′0″E | |
နိုင်ငံ | ![]() |
ဒေသ | မန္တလေးတိုင်းဒေသကြီး |
ခရိုင် | မန္တလေးခရိုင် |
အစိုးရ | |
• မြို့တော်ဝန် | ဦးရဲလွင် |
ဧရိယာ[1] | |
• မြို့ပြ | ၁၆၃.၈၄ စတုရန်းကီလိုမီတာ (၆၃.၂၆ စတုရန်းမိုင်) |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၇၆.၂ မီတာ (၂၅၀[2] ပေ) |
လူဦးရေ (၂၀၁၄ သန်းခေါင်စာရင်း)[3][4] | |
• မြို့ | ၁,၂၂၅,၁၃၃ |
• သိပ်သည်းမှု | ၇၅၀၀/km၂ (၁၉၀၀၀/sq mi) |
• မြို့ပြကြီး | ၁,၀၂၂,၄၈၇ |
• လူမျိုးများ | ဗမာ၊ အိန္ဒိယ၊ တရုတ်၊ ရှမ်း |
• ကိုးကွယ်ယုံကြည်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ |
အချိန်ဇုန် | MST (UTC+6:30) |
ဧရိယာကုဒ်(များ) | 2 (mobile: 20,69, 90)[5] |
ဝက်ဘ်ဆိုဒ် | emandalay.gov.mm |
မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းနေပြည်တော် ဖြစ်ခဲ့သည့်အလျောက် ယဉ်ကျေးမှု အမွေအနှစ်များ အများအပြား ကျန်ရစ်ခဲ့သည်။
သမိုင်းကြောင်း
လက်ဦးသမိုင်း (၁၈၅၇ မှ ၁၈၈၅)
မန္တလေးမြို့ကို ခရစ်နှစ် ၁၈၅၇ ခုနှစ်တွင် ကုန်းဘောင်မင်းဆက် (၁၁) ဆက်တွင် ဒဿမမြောက် ဖြစ်သော မြန်မာဘုရင် မင်းတုန်းမင်း မှ ရဟန်းရှင်လူအများ ကန့်ကွက်သည့်ကြားမှ စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ မန္တလေးသည် ၁၈၈၅ ခုနှစ် သီပေါမင်းလက်ထက် တတိယအင်္ဂလိပ်မြန်မာစစ်ပွဲ မတိုင်မီ (၁၈၆၀-၁၈၈၅)တွင် နောက်ဆုံး ကျန်ရစ်သည့် လွတ်လပ်သော မြန်မာ့မင်းနေပြည်တော်လည်းဖြစ်သည်။
ယခင်က "ရတနာပုံ" ဟုအမည်တွင်ခဲ့ပြီး နောင်အခါ "မန္တလေးတောင်" ကိုအစွဲပြု၍ "မန္တလေး"ဟု အမည်တွင်လေသည်။
ကိုလိုနီခေတ် မန္တလေး (၁၈၈၅ မှ ၁၉၄၈)
၁၈၈၅ ခုနှစ် တတိယ အင်္ဂလိပ် - မြန်မာ စစ်ပွဲအပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ဆုံးရှုံး၍ အင်္ဂလိပ် တို့၏ လက်အောက်သို့ကျရောက်ခဲ့ကြသည်။ မီးရထားပို့ဆောင်ဆက်သွယ်ရေးစနစ်ကို ၁၈၈၉ ခုနှစ်တွင် တည်ဆောက်ပေးခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် မန္တလေးကောလိပ် ကို တည်ဆောက်ဖွင့်လှစ်ပေးခဲ့သည်။
ကိုလိုနီခေတ်တွင် မန္တလေးမြို့သည် ဗုဒ္ဓယဉ်ကျေးမှုနဲ့ အနုပညာတို့ သင်ကြားရာဗဟိုချက်အဖြစ် တည်ရှိခဲ့သည်။
မန္တလေးမြို့သည် ဒုတိယကမ္ဘာစစ်အတွင်း စစ်ဒဏ်ကို အပြင်းအထန် ခံစားခဲ့ရသည်။ ဧပြီလ ၃ ရက်၊ ၁၉၄၂ ခုနှစ်တွင် ဂျပန်တို့ လေကြောင်းမှ ဝင်ရောက်တိုက်ခိုက်သဖြင့် မြို့၏ ၅ ပုံ ၃ ပုံ ခန့် ပျက်စီးခဲ့ရပြီး လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့သည်။
လက်ရှိ မန္တလေး (၁၉၄၈ မှ ယခု)
၁၉၄၈ ခုနှစ် အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် မန္တလေးမြို့သည့် ယဉ်ကျေးမှု၊ ပညာရေး နှင့် စီးပွားရေးတို့၏ အဓိက ဗဟိုချက်အဖြစ် ဆက်လက်တည်ရှိခဲ့သည်။
၁၉၄၉ခုနှစ်၊ မတ်လ ၁၁ရက်တွင် ကေအင်န်ဒီအို ကရင်သောင်းကျန်းသူများနှင့် ကွန်မြူနစ်တပ်များက မန္တလေးမြို့တွင်းသို့ပစ်ခတ် တိုက်ခိုက်ပြီး ဝင်ရောက်သိမ်းပိုက်ခဲ့ကြသည်။ သောင်းကျန်းသူများကို တပ်မတော်၊ စစ်ရဲနှင့် မန္တလေးတက္ကသိုလ် ကျောင်းသားများက ခုခံတိုက်ခိုက်ခဲ့ကြသည်။ မန္တလေးမြို့ကြီးသည် တိုက်ပွဲများကြောင့် များစွာ ပျက်စီးခဲ့ရသည်။ ကေအင်န်ဒီအိုများသည် ကွန်မြူနစ်တပ်များနှင့် အတူ ၁၉၄၉ခုနှစ်၊ မတ်လ ၁၁ရက်မှ ၁၉၄၉ခုနှစ်၊ ဧပြီလ ၆ရက်အထိ မန္တလေးမြို့ကြီးအား သိမ်းပိုက်နိုင်ခဲ့သည်ဆိုသော်လည်း လုယက်ခြင်း၊ ဖျက်ဆီးခြင်းစသည့် အဖျက်လုပ်ငန်းများကိုသာ ဆောင်ရွက်သွားခဲ့ကြသည်။
၁၉၉၁ ခုနှစ် မတိုင်ခင်ကာလအထိ မန္တလေးတက္ကသိုလ်၊ မန္တလေးဆေးတက္ကသိုလ် နှင့် စစ်တက္ကသိုလ်တို့သာ အထက်မြန်မာနိုင်ငံတွင် တည်ရှိခဲ့သည်။ တခြားမြို့များရှိ ဒီဂရီကောလိပ်တို့ကသာ ဘာသာအနည်းငယ်ကို မန္တလေးတက္ကသိုလ်နှင့်ချိတ်ဆက်သင်ကြားခဲ့သည်။
၁၉၅၉ ခုနှစ် နိုဝင်ဘာလတွင် မန္တလေး နှစ်တစ်ရာပြည့် ရာပြည့်ပွဲတော်ကို မန္တလေးတောင်ခြေတွင် ကျင်းပခဲ့ပြီး မန္တလေးရာပြည့်ပွဲတော် အမှတ်တရ တံဆိပ်ခေါင်းကိုလည်း ထုတ်ဝေခဲ့သည်။
တပါတီ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အစိုးရ လက်ထက် (၁၉၆၂ - ၁၉၈၈) အတွင်း မန္တလေးမြို့၏ အသွင်အပြင်မှာ ကျဆင်းခဲ့ရသည်။ ၁၉၈၀ အစောပိုင်းတွင် အထပ်နှိမ့် အဆောက်အအုံအသစ်များ ပေါ်ပေါက်လာခဲ့သည်။ လမ်းမများပေါ်တွင် စက်ဘီးများဖြင့် စည်ကားလျက်ရှိပြီး စက်ဘီးမြို့တော်ဟု နာမည်တွင်ခဲ့သည်။ ၁၉၈၁ ခုနှစ် မေလ တွင် လောင်ကျွမ်းခဲ့သောမီးကြောင့် အိမ် ၆၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရပြီး လူဦးရေ ၃၆၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ၁၉၈၄ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် လောင်ကျွမ်းခဲ့သော ဦးကျားကြီးဝင်း မီးလောင်မှုကြောင့် အိမ် ၂၇၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လူပေါင်း ၂၃၀၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။ မီးလောင်မှုများသည် မန္တလေးမြို့၏ တိုးတက်မှုကို တုံ့နှေးစေခဲ့သည်။ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလတွင် လောင်ခဲ့သောမီးကြောင့် မန္တလေးမြို့၏ ဒုတိယအကြီးဆုံးဖြစ်သည့် ရတနာပုံဈေး တစ်ခုလုံးပျက်စီးဆုံးရှုံးခဲ့ရသည်။ နောက်ထပ် အကြီးအကျယ်လောင်ကျွမ်းခဲ့သောမီးမှာ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီတွင် လောင်ကျွမ်းခဲ့သောမီးဖြစ်သည်။ အိမ် ၃၂၀ ကို လောင်ကျွမ်းခဲ့ပြီး လူဦးရေ ၁၆၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ပထဝီဝင်အနေအထား
မန္တလေးမြို့သည် ဧရာဝတီမြစ်၏ လက်ဝဲဖက်ဖြစ်သော အရှေ့ဖက် ကမ်းပေါ်တွင် တည်ရှိ၍ ဧရာဝတီမြစ်နှင့် ရှမ်းကုန်းပြင်မြင့်၏ အကြား အနံ ၈ မိုင် ရှိသော မြေပြန့်၏ တစ်စိတ်တစ်ပိုင်းတွင် တည်ရှိသည်။ မြောက်လတ္တီကျု ၂၁ ဒီဂရီ ၉၈ မိနစ် နှင့် အရှေ့လောင်ဂျီကျု ၉၆ ဒီဂရီ ဝ၈ မိနစ် ကြားတွင် တည်ရှိသည်။
မန္တလေးမြို့သည် အကျယ်အဝန်းအားဖြင့် ၂၅ စတုရန်းမိုင် ရှိ၍ လူဦးရေမှာ ၁၉၆၃ ခုနှစ်တွင် ခန့်မှန်းခြေ ၂၁၅၄၂၆ ယောက်ခန့်ရှိသည်။ ရပ်ကွက် ၃၈ ၊ အိမ်ခြေပေါင်း ၃၅ဝဝဝ ခန့် ရှိ၏။ ရန်ကုန်မြို့ကဲ့သို့ပင် လူမျိုးပေါင်းစုံသော မြို့ဖြစ်၏။ ရာသီဥတုမှာ ပူအိုက်ခြောက်သွေ့၍ ဖုံထူသည်။
၁၉၆၅ခုနှစ်၊ အောက်တိုဘာ (၁)ရက်နေ့တွင် မန္တလေးမြို့ကို (၄)မြို့နယ်အဖြစ် သတ်မှတ်ခဲ့ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက် ၁၉၉၂ခုနှစ်၊ ဒီဇင်ဘာလ ၁၂ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေငြာစာအမှတ်(၈၄)အရ မန္တလေးမြို့ကို (၄)မြို့နယ်မှ (၅)မြို့နယ်အဖြစ် သတ်မှတ်ခဲ့သည်။
မြို့တော်မြင်ကွင်း
မဟာမုနိ

မဟာမုနိဘုရား ရုပ်ပွားတော်ကြီးသည် မန္တလေးမြို့၏ အထင်ကရ နေရာ တစ်ခု ဖြစ်သည်။ ဂေါတမ မြတ်စွာဘုရားက ရင်ငွေ့တော် (၇)ကြိမ် ပေးခဲ့သဖြင့် သက်တော် ရှိသည်ဟု ယုံကြည်ကြသည်။ ဘိုးတော်ဘုရား(ဗဒုံမင်း)လက်ထက် ၁၇၈၄ ခုနှစ်တွင် သားတော်အိမ်ရှေ့မင်းသား သတိုးမင်းစောက ရခိုင် မှပင့်ဆောင်ခဲ့သည်။
မန္တလေးတောင်

မန္တလေးတောင်သည် မန္တလေးမြို့၏ မြောက်ဘက်တွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်မှ ၂၃၀ မီတာ မြင့်သည်။ စေတီပုထိုးပေါင်း များစွာ တည်ထားသည်။ မန္တလေးတောင်သည် မန္တလေးမြို့ကိုအပေါ်မှ စီးပိုးအုပ်မိုးထားသကဲ့သို့ ရှိပေရာ၊ မန္တလေးတောင်ပေါ်မှနေ၍ ကြည့်သော်နန်းမြို့ရိုး၊ ကျုံးနှင့်တကွ မန္တလေးမြို့၏ ရှုခင်းကို ကောင်းမွန်စွာမြင်တွေ့ရပေသည်။ အရှေ့ဖက်သို့ မျှော်ကြည့်လိုက်လျှင် ရှမ်းရိုးမတောင်နှင့် အနောက်ဖက်သို့ ကြည့်လိုက်လျှင် ဧရာဝတီ မြစ်ကမ်းများကိုလည်း မြင်တွေ့နိုင်ပေသည်။ မန္တလေးဟူသော အမည်သည် 'မဏ္ဍလ' ဟူသော ပုဒ်မှ'မဏ္ဍလေး'၊ ထိုမှ 'မန္တလေး'ဖြစ်လာသည်ဟု ယူဆဖွယ်ရှိ၏။ အဓိပ္ပါယ်မှာ 'ပျံပျူးသာယာသော နယ်မြေ' ဟု ယူဆသော်ရ၏။အချို့က 'မန္ဓရေး' မှ ပြောင်းလာဟန်ရှိသည် ဟုဆိုကြသည်။ အဓိပ္ပါယ်မှာ 'ကျက်သရေတို့ကို ဆောင်အရပ်' ဖြစ်၏။ အချို့ကလည်း ရှေးပုံဂံခေတ်က မင်းရှင်စော မင်းကလေး မှီခိုနေသွားသော တောင်ဖြစ်ခြင်းကြောင့် မင်းကလေးတောင်ဟု တွင်ရာမှ မန္တလေးတောင်ဟူ၍ ဖြစ်လာပြီးလျှင်၊ နောင်သော် ထိုတောင်၏ ပတ်ဝန်းကျင်ရှိ မန္တလေးအရပ်တွင် မြို့တည်သဖြင့် မန္တလေးမြို့ဟု ဖြစ်ပေါ်လာသည်ဟုဆိုကြသည်။[6]
မန္တလေး နန်းတော်
ကျုံးနှင့် မြို့ရိုး ကာရံထားသော မန္တလေး နန်းတော်ကြီးသည် ကုန်းဘောင်မင်းဆက်၏ ဘုရင်များ စိုးစံခဲ့သော နေရာဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် အတွင်းက ဗုံးကြဲခြင်း အကြိမ်ကြိမ် ခံခဲ့ရပြီး ပျက်စီးခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ပြုပြင်၍ မြနန်းစံကျော် ရွှေနန်းတော် ကြီးကို ပြန်လည် တည်ဆောက်ခဲ့သည်။

အခြား
ကမ္ဘာ့အကြီးဆုံးစာအုပ်၊ သုဓမ္မာဇရပ်များ၊ ပယ်ပုံတော်ဝင်း၊ တဝဂူဘုရား၊ မဟာသကျသီဟ ရုပ်ပွားတော်၊
အောင်တော်မူဘုရား၊
မဟာအတုလဝေယန်ကျောင်းတော်ကြီး၊ အိမ်တော်ရာဘုရား၊ ကျောက်တော်ကြီးဘုရား(မန္တလေး)၊ ကုသိုလ်တော်၊ စန္ဒာမုနိ၊ ရန်ကင်းတောင်၊ ရေတံခွန်တောင်၊ ရွှေစာရံဘုရား၊ မန္တလေးယဉ်ကျေးမှုပြတိုက်၊ အိမ်ရှေ့မင်းထန်းတော၊ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်၊ မန်းသီတာ ဥယျာဉ် နှင့် အောင်ပင်လယ်ကန် တို့ရှိသည်။
မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ် အတွင်းရှိ အမရပူရမြို့ဟောင်း တွင် အမရပူရနန်းတော်၊ သပြေတန်း ခံတပ်၊ တောင်သမန်အင်း၊ ဦးပိန်တံတား၊ မယ်ဇယ်တန်း၊ တောင်လေးလုံးကျောင်းတိုက်၊ ဗားကရာဘုန်းကြီးကျောင်း၊ ဆောင်းဒါး ရက်ကန်းကျောင်း၊ ကျောက်တော်ကြီးဘုရား(အမရပူရ) နှင့် ရတနာ့ဂူ တို့အဓိကနေရာအဖြစ် တည်ရှိနေသေးသည်။
ပို့ဆောင်ဆက်သွယ်ရေး
မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ အလယ်ဗဟိုချက်တွင် တည်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့် ကူးသန်းသွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေးတို့အတွက် အချက်အချာကျသည်။ မြို့တွင်းသယ်ယူပို့ဆောင်ရေးစနစ်တွင် ဘတ်စ်ကားများရှိသော်လည်း တွင်ကျယ်စွာ အသုံးမပြုကြပေ။ စက်ဘီး၊ ဆိုင်ကယ်များကိုသာ အများဆုံးအသုံးပြုကြသည်။ ယခင်က စက်ဘီးမြို့တော်ဟု ခေါ်ဆိုခဲ့ကြသောလည်း ယခုအခါ ဆိုင်ကယ်မြို့တော်ဟုပင် ခေါ်ဆိုနိုင်ပေသည်။
အစိုးရအသစ်လက်ထက် မော်တော်ကားများကို တရားဝင်သွင်းခွင့်ပြုပြီးနောက် မော်တော်ကားအသုံးပြုသူ ပိုမိုများပြားလာခဲ့သည်။
လေကြောင်း
ယခင်က ချမ်းမြသာစည်လေဆိပ်ကို အသုံးပြုခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် တံတားဦးမြို့နယ်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် ကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀ အကုန်အကျခံ တည်ဆောက်ဖွင့်လှစ်ခဲ့သည်။ မန္တလေးမြို့မှ ၂၈မိုင်ခန့် အကွာမှာတည်ရှိသည်။ အဓိက အနေဖြင့် ပြည်တွင်းလေကြောင်းလိုင်းများ ဆင်းသက်လျက်ရှိပြီး ပြည်ပလေကြောင်းလိုင်းများမှ တရုတ်နိုင်ငံ ကူမင်းမြို့၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ စင်ကာပူနိုင်ငံ စင်ကာပူမြို့ တို့နှင့် ချိတ်ဆက် ဆင်းသက်လျက်ရှိသည်။
ရေကြောင်း
မီးရထားလမ်း နှင့် ကားလမ်းများ အဆင်ပြေလာသော်လည်းမြန်မာ့ဂုဏ်ဆောင် ဧရာဝတီမြစ်မှာ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ဝါး နှင့် အခြားကုန်ပစ္စည်းများ ပို့ဆောင်ရန် အဓိကနေရာအဖြစ် တည်ရှိနေသေးသည်။
မီးရထားလမ်း
မန္တလေး ဘူတာကြီးမှာ မြန်မာနိုင်ငံ၏ အဓိက အချက်အချာ လမ်းဆုံမှာ တည်ရှိသည်။ မန္တလေးမှ ရထားဖြင့် ရန်ကုန်မြို့၊ နေပြည်တော်၊စစ်ကိုင်းမြို့၊ ပုဂံ၊ပြင်ဦးလွင်မြို့၊ လားရှိုးမြို့၊ မုံရွာမြို့၊ ပခုက္ကူမြို့၊ ကလေးမြို့၊ ဂန့်ဂေါမြို့၊ ရွှေဘိုမြို့၊ ကောလင်းမြို့၊ နဘားမြို့၊ ကန့်ဘလူမြို့၊ မိုးညှင်းမြို့၊ ဟိုပင်မြို့၊ မိုးကောင်းမြို့၊ မြစ်ကြီးနားမြို့ မြို့များသို့ ရောက်ရှိနိုင်သည်။
မန္တလေးမြို့တွင် ယခင်က မြို့ပတ် ဓာတ်ရထားရှိခဲ့သော်လည်း ယခုမြို့ပတ်ရထား စနစ်မရှိပေ။
ကားလမ်း
မန္တလေးမြို့သည် အိမ်နီးချင်း အင်အားကြီး နိုင်ငံများဖြစ်သော တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့နှင့် ချိတ်ဆက်ရန်အတွက် အချက်အချာနေရာတွင် တည်ရှိသည်။ အာရှအမြန်လမ်းများသည် မန္တလေးမြို့ကို ဖြတ်သန်းသွားလာလျက်ရှိသည်။
- မြန်မာ - တရုတ်ကားလမ်း : မန္တလေး - တကောင်း - ဗန်းမော် - မြစ်ကြီးနား ကားလမ်း၊ မန္တလေး - မိုးကုတ် - ဗန်းမော်လမ်း၊ မန္တလေး - လားရှိုး - မူဆယ်လမ်း
- မြန်မာ - အိန္ဒိယကားလမ်း : မန္တလေး - စစ်ကိုင်း - မုံရွာ - ကလေးဝ - တမူးလမ်း
- ရန်ကုန် - နေပြည်တော် - မန္တလေး အမြန်လမ်းမကြီး
မြို့ပြလူဦးရေ
ကမ္ဘာ့ကုလသမဂ္ဂ၏ ခန့်မှန်းချက်များအရ ၂၀၀၇ ခုနှစ်တွင် မန္တလေးမြို့၏ လူဦးရေသည် စုစုပေါင်း ၁ သန်းခန့် ရှိသည်ဟု သိရသည်။ လူဦးရေ တိုးတက်နှုန်းများအရ ၂၀၂၅ ခုနှစ်တွင် မြို့နေလူဦးရေ စုစုပေါင်း ၁.၅ သန်းခန့်ရှိလာမည်ဟု ခန့်မှန်းထားသည်။ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု မြို့တော်ဖြစ်သော မန္တလေးမြို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က တရုတ်လူမျိုးများ ဝင်ရောက်လာခဲ့ပြီး တရုတ်ယဉ်ကျေးမှုများ စီးဆင်းဝင်ရောက်လာသည်။ တရုတ်လူမျိုးများသည် မြန်မာနိုင်ငံသား စိစစ်ရေးကဒ်များကို တရားမဝင်ရကြသည်။ ယခုအခါ တရုတ်လူမျိုးများမှာ မြို့နေလူထု၏ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ရှိနေပြီ ဖြစ်သည်။ အိန္ဒိယလူမျိုးများသည်လည်း မန္တလေးမြို့တွင် နေထိုင်ကြသည်။
ဗမာဘာသာစကားမှာ အဓိက ဘာသာစကားဖြစ်သည်။ တရုတ်ပြည်မကြီး စကားကို တရုတ်တန်း နှင့် ဈေးချိုတော် အနီးတဝိုက်တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုကြသည်။ အင်္ဂလိပ်ဘာသာစကားမှာ တတိယဘာသာစကား အဖြစ် ပြောဆိုနေကြသည်။
သမိုင်းတစ်လျှောက် လူဦးရေများ | ||
---|---|---|
ခုနှစ် | လူဦးရေ | ±% |
၁၉၅၀ | ၁၆၇၀၀၀ | — |
၁၉၆၀ | ၂၅၀၀၀၀ | +49.7% |
၁၉၇၀ | ၃၇၄၀၀၀ | +49.6% |
၁၉၈၀ | ၄၉၉၀၀၀ | +33.4% |
၁၉၉၀ | ၆၃၆၀၀၀ | +27.5% |
၂၀၀၀ | ၈၁၀၀၀၀ | +27.4% |
၂၀၀၇ | ၉၆၁၀၀၀ | +18.6% |
၂၀၁၀ | ၁၀၃၄၀၀၀ | +7.6% |
[3] |

အုပ်ချုပ်ရေး
မန္တလေးမြို့သည် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ၏ အုပ်ချုပ်မှုတွင် တည်ရှိသည်။ မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ်ကို မြို့နယ်၆ခု ၊အရံမြို့နယ် ၁ခုဖြင့် ဖွဲ့စည်းထားသည်။ မန္တလေးစည်ပင်သာယာရေးကော်မတီ နယ်နိမိတ်တွင် အောက်ဖော်ပြပါ မြို့နယ် (၆)မြို့နယ်ပါဝင်သည်။
- မဟာအောင်မြေမြို့နယ်
- အောင်မြေသာဇံမြို့နယ်
- ချမ်းအေးသာဇံမြို့နယ်
- ချမ်းမြသာစည်မြို့နယ်
- ပြည်ကြီးတံခွန်မြို့နယ်
- အမရပူရမြို့နယ်
အရံမြို့နယ်
ယဉ်ကျေးမှု
မန္တလေးမြို့ တွင် ဝါကျွတ်ချိန်မှစ၍ တပို့တွဲတပေါင်း အထိ ပွဲလမ်းတွေ ဆက်နေသည်။ ဘုရားပွဲ၊ ကထိန်ပွဲ၊ အလှူပွဲ၊ ကျောင်းရေစက်ချ၊ ဘုန်းကြီးပျံ၊ မင်္ဂလာဆောင်၊ အောင်ပွဲ၊ ကလေးမွေးနေ့ပွဲ၊ ဘောလုံး အနိုင်ရ၍ ဂုဏ်ပြုပွဲ စသဖြင့် ကြံဖန်ပြီးကို ပွဲထည့် ပွဲခင်းကြသည်။ အထူးသဖြင့် ဘုရားပွဲတွေမှာ ဆိုလျှင် အငြိမ့်တွေ၊ ဇာတ်တွေ၊ တီးဝိုင်းတွေ၊ ဆိုင်းများ ဖောဖောသီသီ ပါတတ်သည်။ ဘုရားပွဲအစ ဘုရားသုံးဆူက၊ ဘုရားပွဲအဆုံး ဝါခင်းကုန်းဟု ဆိုရိုးပြုကြသည်။

၁၉၂၅ ခုနှစ်တွင်တည်ထောင်ခဲ့သော မန္တလေးမြို့ခံ မြို့မ အပျော်တမ်း တူရိယာအဖွဲ့ သည် မြန်မာနိုင်ငံ၏ သက်တမ်း အရှည်ကြာဆုံး တူရိယာ အသင်း တစ်ခုဖြစ်ပါသည်။ ဝိုင်အမ်ဘီ ဆရာတင်၊ မြန်မာညွန့် ဆရာတင်၊ နန်းတော်ရှေ့ဆရာတင်၊ အလင်္ကာကျော်စွာမြို့မငြိမ်း၊ အလင်္ကာကျော်စွာရွှေမန်းတင်မောင်၊ အစရှိသော မြန်မာ့ဂီတလောကတွင်ထင်ရှားကျော်ကြားလှသော မန္တလေးမြို့ခံ သဘင်ပညာရှင် နှင့် ဂီတစာဆိုကြီးများ ပေါ်ထွက်ခဲ့လေသည်။
မန္တလေး စကား၊ ရန်ကုန် အကြွား၊ မော်လမြိုင် အစား ဟူသော မြန်မာဆိုရိုးစကား စကားပုံတစ်ခု အဖြစ်ကျန်ရစ်အောင်ပင် မန္တလေးသူ မန္တလေးသားများ သည် စကားကြွယ်ကြသည်။
မန္တလေးမုန့်တီ၊ မန္တလေးပဲကြော် အစရှိသည်တို့ သည်ကျော်ကြားသည်။
စီးပွားရေး
မန္တလေးမြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်း ဒေသများ၏ အဓိက စီးပွားရေးဗဟိုချက်ဖြစ်သည်။ တရုတ်နှင့် အိန္ဒိယ တို့ကဲ့သို့သော ပြည်ပ ကုန်သွယ်မှုများအတွက် လမ်းကြောင်းသည် မန္တလေးမြို့ကို ဖြတ်သွားရသည်။ အဓိက စီးပွားရေးလုပ်ငန်းများမှာ ပိုးထည်လုပ်ငန်း၊ ကျောက်စိမ်း ဖြတ်တောက် အရည်တင်ခြင်း၊ ပရိဘောဂ လုပ်ငန်း၊ အလှဆင်ကျောက်လုပ်ငန်း၊ ကျောက်ဆင်းတုတော်များနှင့် သစ်သား ရုပ်ပွားတော်များ ထုလုပ်ခြင်း၊ ငွေပြားခတ်ခြင်း၊ ရွှေဆိုင်းခတ်ခြင်း၊နှင့်ရွှေချည်ငွေချည် အစရှိသည်တို့ ဖြစ်ကြသည်။
ပညာရေး
အခြေခံပညာ
မန္တလေးမြို့တွင် အစိုးရအထက်တန်းကျောင်းပေါင်း ၃၈ကျောင်း ရှိသည်။
အဆင့်မြင့်ပညာ
- မန္တလေးတက္ကသိုလ်
- ရတနာပုံတက္ကသိုလ်
- မန္တလေးနည်းပညာတက္ကသိုလ်
- နည်းပညာတက္ကသိုလ်(မန္တလေး)
- ဆေးတက္ကသိုလ် (မန္တလေး)
- မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်
- မန္တလေးကွန်ပျူတာတက္ကသိုလ်
- တိုင်းရင်းဆေးပညာတက္ကသိုလ်(မန္တလေး)
- ဆေးဝါးတက္ကသိုလ်(မန္တလေး)
- သူနာပြုတက္ကသိုလ်(မန္တလေး)
- သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)
- အဝေးသင်တက္ကသိုလ်(မန္တလေး)
- ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)
- မန္တလာဒီဂရီကောလိပ်
- သမဝါယမကောလိပ်
- အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)
- ပညာရေးဒီဂရီကောလိပ်
ကျန်းမာရေး
အစိုးရဆေးရုံများ
- မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး ခေါ် (မန္တလေးပြည်သူ့ဆေးရုံကြီး)
- မန္တလေး ဗဟိုအမျိုးသမီး ဆေးရုံ
- မန္တလေး ကလေး ဆေးရုံ
- မန္တလေး အလုပ်သမား ဆေးရုံ
- မန္တလေး နား နှာခေါင်း လည်ချောင်း ဆေးရုံ
- မန္တလေး စိတ်ကျန်းမာရေး ဆေးရုံ
- မန္တလေး အရိုး ဆေးရုံ
- မန္တလေး တီဘီရောဂါကု ဆေးရုံ
- မန္တလေး ကူးစက်ရောဂါကု ဆေးရုံ
- မန္တလေး တိုင်းရင်းဆေး ဆေးရုံ
- မန္တလေး တက္ကသိုလ်ဆေးရုံ(ခုတင်-၅၀)[7]
အားကစား
.jpg.webp)
ရတနာပုံဘောလုံးအသင်း၏ အိမ်ကွင်းမှာ ဗထူး အားကစားကွင်း ဖြစ်ပြီး မန္တလေးမြို့တွင် အခြေစိုက်သည်။ ရတနာပုံ ဘောလုံးအသင်းသည် ၂၀၀၉ ခုနှစ် မြန်မာအမျိုးသားလိဂ် စတင်ချိန်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြုဖွဲ့စည်းတိုင်ထောင်ခဲ့သည်။ 2010 AFC President Cup (၂၀၁၀ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား) တွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိပြီး အဆိုပါ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ၂၀၁၀ တွင်လည်း အနိုင်ရဗိုလ်စွဲ ခဲ့သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)တို့ ပူးပေါင်းဆောင်ရွက်ပြီး တည်ဆောက်သည့် ဘောလုံးအကယ်ဒမီ (မန္တလေး) ရှိသည်။ မန္တလာသီရိ အားကစားကွင်းသည် မန္တလေးမြို့တွင် တည်ရှိပြီး ဘက်စုံသုံး အားကစားကွင်းတစ်ခုဖြစ်သည်။ အဆိုပါအားကစားကွင်းတွင် ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အမျိုးသမီးဘောလုံးအားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်။
ညီအစ်မမြို့တော်
- စီရီဘွန်၊ အင်ဒိုနီးရှား
- ကူမင်း၊ တရုတ်
- ဖနွမ်းပင်၊ ကမ္ဘောဒီးယား
- အောလ်ဆန်မြို့၊ တောင်ကိုရီးယား
ပြခန်း
- ကုသိုလ်တော်ဘုရား
- အတုမရှိ ဘုန်းကြီးကျောင်း
- ကုန်းရိုးဗလီ(၂၆ ဘီလမ်း)
- မန္တလေးမြို့ရိုး
- မန္တလေးလမ်း
- ဘူတာကြီး ရှေ့ မြင်ကွင်း
- နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်
- မန္တလေး တက္ကသိုလ် အဝင်
- မန္တလေး တက္ကသိုလ်
- နိုင်ငံခြားဘာသာသင် တက္ကသိုလ် (အဟောင်း)
- ရွှေကျီးမြင်ဘုရား
- မြို့မ အလှပြယာဉ်
- မန္တလေး မြို့တော်ခန်းမ
- ရတနာပုံတက္ကသိုလ်
- ဗဟိုမဏ္ဍပ်နှင့် မြို့မအလှပြယာဉ်
ကိုးကား
- "Water Purification Plant No. 8 in Aungmyethazan Township 60% Coomplete" (in Burmese) (28 April 2011). Eleven Media Group.
- အောင်မြေသာစံမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။ 1 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- United Nations World Urbanization Prospects, 2007 revision။ The United Nations Population Division။ 18 December 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 January 2009 တွင် ပြန်စစ်ပြီး။
- Zon Pann Pwint, Minh Zaw and Khin Su Wai (18–24 May 2009). "Mandalay marks 150th birthday". Archived 2 June 2009 at the Wayback Machine.
- Myanmar Area Codes။ 1 December 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 March 2016 တွင် ပြန်စစ်ပြီး။
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
- မော်ကွန်းတင်ပြီးမိတ္တူ။ 1 January 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 January 2019 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်
![]() |
Wikimedia Commons တွင် Mandalay နှင့် ပတ်သက်သော မီဒီယာ ရှိသည်။ |
Wikivoyage ရှိ မန္တလေးမြို့ သို့ ခရီးသွားလမ်းညွှန်များ
- See also nearby Pyin Oo Lwin, the historic hill station above Mandalay Archived 4 August 2009 at the Wayback Machine.
- Mandalay Gallery with antique, colonial views of Mandalay
- Mandalay, the Burmese Heartland by Dr. Constance Wilson, Northern Illinois University
- Asian Historical Architecture – Mandalay by Prof. Robert D. Fiala, Concordia University, Nebraska
- Mandalay Centenary Song by Than Myat Soe Archived 18 February 2012 at the Wayback Machine. MRTV3
- မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက် - အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန