နောင်ရိုးတိုက်ပွဲ

မြန်မာ့သမိုင်းတွင် ထင်ရှားလှသည့် တိုက်ပွဲဖြစ်သည်။ တောင်ငူဘုရင် တပင်ရွှေထီးသည် ဟံသာဝတီကို ၃ ကြိမ်မြှောက်လုပ်ကြံပြီး သိမ်းယူရာတွင် မခုခံနိုင်တော့သည့် မွန်မင်း သုရှင်တကာရွတ်ပိသည် မိမိနောက်လိုက်နောက်ပါများကို ခေါ်ဆောင်ပြီးရေတပ်ဖြင့် မိမိယောက်ဖပြည်စားရှိရာ ပြည်သို့အမြန်ပြေးလေသည်။ သို့သော် ကုန်းမှလိုက်သည့် မွန်ကြည်းတပ်မှာရေတပ်ကဲ့သို့ မြန်မြန်မချီတက်နိုင်ပေ။ နောင်ရိုးအရပ်ရောက်လျှင် ချောင်းကိုကူးပြီးတပ်ချ ရပ်နားလေသည်။ထိုသို့ရပ်နားစဉ်တွင် နောက်မှလိုက်လာသည့် ကျော်ထင်နော်ရထာ(ဘုရင့်နောင်)ဦးစီးသည့် တောင်ငူတပ်များမှီလာပြီးချောင်းကို ဖြတ်ကူးကာ တောင်ငူ-ဟံသာဝတီ နှစ်ဖက်ပြင်းထန်စွာတိုက်ခိုက်ကြသည်။

နောင်ရိုးအရပ်သို့ရောက်လျှင် တစ်ဖက်ကမ်းရှိ ရန်သူတပ်၏အင်အားကိုစုံစမ်းစေရာ ရန်သူမွန်တပ်အင်အားမှာ မိမိတပ်ထက်ထက် ၈ ဆမျှကြီးသည်ကို ကျော်ထင်နော်ရထာသိရလေသည်။ထိုအခါ နောက်ပါ အမှူးအမတ်တို့က မင်းတရားရွှေထီးတပ်ရောက်သည်အထိစောင့်ပြီးမှ တိုက်သင့်ကြောင်း၊မိမိတို့၏ လက်ရှိအင်အားဖြင့်တိုက်လျှင် နိုင်ရန်မလွယ်ကူကြောင်းလျှောက်ကြသည်။ထိုအခါ ကျော်ထင်နော်ရထာက :"စစ်တို့၏သဘောမှာအင်အားငယ်သည်ကြီးသည်မှာပဓာနမဟုတ်၊သူရသတ္တိနှင့်စစ်ပရိယာရ်သာပဓာနဖြစ်သည်။" ဟုဆိုကာ ချောင်းကိုကူးရန်စီစဉ်စေသည်။

ထိုစဉ် နောက်မှ တပင်ရွှေထီး၏ မြင်းသည်တော်များရောက်လာပြီး

"ငါမရောက်သမျှ စစ်ကိုမတိုက်နှင့်၊စောင့်လင့်ဦး၊ငါကိုယ်တော်တိုင် ရန်သူတို့ကိုချေမှုန်းတိုက်ခိုက်တော်မူလိုသည်။"ဟု အမိန့်တော်ပါးလိုက်လေသည်။ထိုအခါ ကျော်ထင်နော်ရထာက "အရှင့်ဘုန်းတော်ကြောင့် ရန်သူတို့ကို အောင်မြင်ပြီးလေပြီ" ဟုပြန်လည်လျှောက်တင်စေသည်။

ထိုနောက် ချောင်းတစ်ဖက်ကမ်းသို့ကူးပြီးရောက်လျှင် ဖောင်များအားလုံးကိုဖျက်စေသည်။ ထိုအခါ မှူးမတ်တို့က :"အရှင်သည်..စစ်ကိုမတိုက်ရသေးမှီကပင် အောင်မြင်လေပြီးဟု မင်းတရားထံလျှောက်စေသည်။ယခုလည်း ဖောင်ပန်းတို့ကို ဖျက်စေသည်။အကယ်လို့များ စစ်ရေးမလှဘဲ ရှုံးနှိမ့်လျှင် အားကိုးအားထားပြုပြီးပြေးရန် ဖောင်များကိုထားစေလိုပါသည်။" ဟုလျှောက်ကြသည်။

ထိုအခါကျော်ထင်နော်ရထာက "ဖောင်တို့ကို မဖျက်လျှင် အနည်းငယ်စစ်ရေးမလှသည်တွေ့လျှင်နောက်သို့ချဉ်းလှည့်ပြေးရန် စဉ်းစားကြလိမ့်မည်။ ဖောင်တို့ကိုဖျက်မှသာ ရှေ့မှရန်သူကို နောက်မှရေဘေးဟူသောအသိဖြင့် ယတိပြတ်အနိုင်တိုက်ရန် စိတ်ရှိကြမည်။မင်းတရားကြီးထံလျှောက်စေသည်မှာလည်း စစ်ကိုအနိုင်တိုက်ရန်ဖြစ်ပြီး ရှုံးပြီးသေကြလျှင် အပြစ်တင်ရန် မတတ်နိုင်တော့။သေသောသူကိုအဘယ်သို့အပြစ်တင်နိုင်မည်နည်း။" ဟုဆိုကာဖျက်စေပြီး စစ်ကိုတိုက်စေသည်။

ကျော်ထင်နော်ရထာသည် တိုက်ခိုက်ရန်အတွက် ဒွိဇာဓိပဗျူဟာဖြင့်တိုက်ရန်ဆုံးဖြတ်သည်။

  • ထောမှိုင်းရဲကို ဆင်၁၅၊ မြင်း၂၀ဝ၊စစ်သည် ၃၀ဝ၀ဖြင့် ညာတောင်ပံ။
  • ဘယသင်္ကြန်ကို ဆင်၁၅၊ မြင်း၂၀ဝ၊စစ်သည် ၃၀ဝ၀ဖြင့် ဘယ်တောင်ပံ။
  • မိမိကိုယ်တိုင်ကမူ ဆင် ၂၀၊မြင်း ၁၀ဝ၊စစ်သည် ၄၀ဝ၀ ဖြင့်အလယ်ကြောင်းမှ တိုက်သည်။

တိုက်ပွဲစသည်နှင့် တောင်ငူတပ်သည် ရန်သူတပ်တို့ကို တဟုန်ထိုးတိုက်ခိုက်သည်။အထင်သေးကာ ပေါ့လျော့နေသည့် မွန်တပ်ကြီးမှာ အမှန်တကယ်ရင်ဆိုင်ရာတွင် တောင်ငူတပ်၏ ရွပ်ရွပ်ချွံချွံတိုက်ခိုက်မှုကို ခံရသဖြင့်အပျက်အစီးများလေသည်။ဗညားဒလ ဆင်ပေါ်မှဆင်းကာ မြင်းဖြင့် ပြည်သို့ပြေးရသည်။ကျန် စစ်သူကြီး မင်းရဲအောင်နိုင် မှာဆင်ထက်မှာပင်ကျဆုံးသည်။နောက်တစ်ရက် တပင်ရွှေထီးရောက်သော် ဖမ်းဆီးမိသည့် ဆင်မြင်းလူသုံ့ပန်းအများကိုဆက်သရာ ကျေနပ်လွန်းလှသဖြင့် ဘုရင့်နောင် ဟူသောဘွဲ့ကိုပေးပြီး လှိုင်မြို့ကိုထပ်တိုးစားစေသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.