ညောင်ရမ်းမင်းတရားကြီး

ညောင်ရမ်းမင်းတရားကြီး(၁၆၀၀- ၁၆၀၆)၏ ငယ်မည်မှာ ရှင်သစ္စာဖြစ်သည်။ ဘုရင့်နောင် အိမ်နှိမ့်တွင်ရှိနေစဉ် အရပ်သူခင်ပြည့်စုံနှင့် သင့်မြတ်ပေါင်းသင်းကာ ဖွားမြင်သူဖြစ်သည်ဟု ဆိုသည်။ နန်းတွင်းသို့ရောက်လာပုံမှာ ကျန်စစ်သား၊သမ္ဘူလနှင့် ရာဇကုမာရ်တို့ ဇာတ်လမ်းကဲ့သို့ပင်ဖြစ်သည်။ ဘုရင့်နောင်ဟံသာဝတီတွင် စိုးစံနေချိန် ခင်ပြည့်စုံက သက်သေခံလက်စွပ်နှင့် သားဖြစ်သူကိုခေါ်ကာ နန်းတွင်းသို့ဝင်ရောက် ဖူးမျှော်သည်။ ဘုရင့်နောင်က ချက်ချင်းလက်ခံအသိအမှတ်မပြုပဲ ငြင်းပယ်သေးသည်ဟုဆိုသည်။ သို့ဖြင့် မွန်ဝန်ကြီးဗညားဒလ၏ အကြံပေးမှုဖြင့် ရေပြိုင်ကြရာ ခင်ပြည့်စုံက နှာခေါင်းနှင့်မျက်နှာကို ရေဖလားတွင်နှစ်ရပြီး ဘုရင့်နောင်က မင်းဧကရာဇ်ဖြစ်သည့်အတွက် ခြေမသာနှစ်ရသည်။ နောက်ဆုံးတွင် ဘုရင့်နောင်လည်း ချစ်ခင်ပေါင်းသင်းဖူးသည့် သံယောဇဉ်ဖြင့် သနားစိတ်ဝင်ကာ လက်ခံခဲ့သည်။ ညောင်ရမ်းမင်း၏မိဖုရားမှာ သီရိ မဟာ ဓမ္မရာဇာ ဓိပတိ ဒေဝီ ဖြစ်သည်။ ညောင်ရမ်းမင်းနှင့် အဖေတူ အမေကွဲ မောင်နှမဖြစ်သည်။

မြို့စားဘဝ

အရွယ်ရောက်လျှင် ရှင်သစ္စာအား အခြားမင်းညီမင်းသားများနည်းတူ မြို့စားရွာစားပေးရန် စီစဉ်ကာ ညောင်ရမ်းမြို့ကိုစားစေသည်။ ထို့ပြင် ရှမ်းပြည်တစ်လွှားတွင်လည်း ဟံသာဝတီ၏ ကိုယ်စားလှယ်အနေဖြင့် လှည့်လည်ရန် အာဏာပေးသည်။ ဘုရင့်နောင်လွန်၍ နန္ဒဘုရင်လက်ထက်တွင် ရှမ်းပြည်မှ ပုန်ကန်မှုအချို့ကို နှိမ်နှင်းခဲ့ရာ မင်းရဲနန္ဒမိတ်ဟူသောဘွဲ့ဖြင့် ချီးမြောက်ခဲ့သည်။ နန္ဒဘုရင်၏ ဗဟိုအာဏာအား အခြားလက်အောက်ခံတို့ ပုန်ကန်ခြားနားရာ ညောင်ရမ်းစား မင်းရဲနန္ဒမိတ်လည်း ပါဝင်ခဲ့သည်။ ဟံသာဝတီကျဆုံးပြီးနောက် တောင်ငူမှ မင်းရဲသီဟသူနှင့် ပြည်မှ မင်းကြီးနှောင်းတို့ ပူးပေါင်းကာ ညောင်ရမ်းကို တိုက်ရန် စီစဉ်သော်လည်း မင်းကြီးနှောင်းကို အထိန်းတော်ရန်နိုင်စားက လှေပေါ်အတက်တွင် လုပ်ကြံသဖြင့် ပြည်တပ်များ မချီတက်နိုင်သကဲ့သို့ တောင်ငူတပ်များလည်း ပြန်လည်ဆုတ်ခွာသွားသည်။ ပြည်တပ်မှ စလင်းစားနှင့် ငွေတရဖျားတို့လည်း အင်အားအလုံးအရင်းနှင့် ညောင်ရမ်းသို့ ခိုလှုံသည်။

နယ်ပယ်များသိမ်းသွင်းခြင်း

ခရစ်နှစ် ၁၆၀၀တွင် အင်းဝနန်းကို သိမ်းပိုက်ကာ မဟာသီဟသူရဘွဲ့ဖြင့် မင်းအဖြစ်ကို ခံယူသည်။ သားတော် သခင်လတ်(နောင်တွင် အနောက်ဖက်လွန်မင်း)ကို ဥပရာဇာဘွဲ့ဖြင့် အိမ်ရှေ့အရာပေးသည်။ သခင်လတ်မှာ ညောင်ရမ်းမင်းတရားအတွက် အလွန်အားထားရသည့် စစ်ဗိုလ်ချုပ်လည်းဖြစ်သည်။ ထိုစဉ်က အသက် ၂၃ခန့်သာရှိသေးသည်။

တစ်နှစ်ခန့်အကြာတွင် ရမည်းသင်းအားသိမ်းပိုက်သည်။ ထိုနောက် ညောင်ရွှေ၊ ဗန်းမော်၊ မိုးနဲ၊ မိုးကောင်း၊ သိန္နီ၊ သီပေါ အစရှိသည့် ရှမ်းပြည်တစ်လွှားကို သိမ်းသွင်းသည်။ ထိုတိုက်ပွဲစဉ်များအတွင်း သားတော်အိမ်ရှေ့မင်းက ဗိုလ်မင်းအဖြစ်နှင့် တိုက်ပွဲတိုင်းကို အစွမ်းပြအောင်နိုင်သည်။

တိုင်းပြည်တည်ဆောက်ရေး

ကျောက်ဆည်ဒေသကို ရိက္ခာဆန်စပါး အထွက်တိုးစေရန် ဆည်မြောင်းများဖောက်လုပ်၍ စီစဉ်ပေးသည်း စစ်မှုထမ်းတို့ကိုလည်း အစုအငန်းလိုက်၍ နေရာချထားပေးသည်။ မဟာမြတ်မုနိဘုရားတစ်ဆူကိုလည်း တည်သည်။ နန်းစံသက် ၅နှစ်အကြာ ၁၆၀၆တွင် ရှမ်းပြည်သို့ စစ်ပြုကာ အပြန်လမ်းတွင် ညောင်ရမ်းမင်းတရားကြီး နာမကျန်းဖြစ်ကာ ကွယ်လွန်လေသည်။ (နန်းစံသက် ၅ နှစ်ဆိုသည်မှာ အင်းဝတွင် နန်းတက်သည့် အချိန်မှစကာ ရေတွက်ခြင်းဖြစ်သည်။)ညောင်ရမ်းမင်းတရား လွန်လျှင် သားတော်အိမ်ရှေ့မင်းက မဟာဓမ္မရာဇာဘွဲ့ဖြင့် အင်းဝနန်းကို ဆက်ခံသည်။

ညောင်ရမ်းမင်းတရား (မြန်မာ ၉၅၉-၉၆၇)

မိတ္ထိလာခရိုင်ရှိ ညောင်ရမ်းသည် ကမ္ဗောဇ တိုင်းနှင့် တမ္ပဒီပတိုင်း နှစ်ဘက်စပ်ကြား လူတို့မရောစပ်စိမ့် သောငှာ နယ်ခြားမြို့ပေါင်း ၄၃ မြို့ကို သက္ကရာဇ် ၃၉၅ ခုနှစ် တွင်တည်ရာ ညောင်ရမ်းမြို့လည်း အပါအဝင်ဖြစ်သည်။ မြို့ဝန်း မှာ ၆၅၄ တာရှိသည်။ သီဟသူရမဟာဓမ္မရာဇာအမည်ရှိသော ညောင်ရမ်းမင်းတရားသည် ငယ်စဉ်ကစ၍ မင်းဖြစ်သည်တိုင် ဤမြို့ကိုစားရသောကြောင့် ဤမြို့အမည်ဖြင့်ထင်ရှားလေသည်။

ညောင်ရမ်းမင်းတရားသည် ဘုရင့်နောင်မင်းကြီးနှင့် မိဖုရားခင်ပြည့်စုံတို့မှ သက္ကရာဇ် ၉၁၇ ခုနှစ်တွင် ဖွားမြင်သော ဒုတိယသားတော်ဖြစ်သည်။ ငယ်မည်မှာ ရှင်သစ္စာဖြစ်၍၊ ဘွဲ့ မည်မှာ မင်းရဲနန္ဒာမိတ်(မင်းရဲရန္တမိတ်)ဖြစ်သည်။ ၉၅၈ ခုနှစ် ပုခန်းကြီးတွင် အခိုင်အလုံနေသော ပြည်စားရဲမက်တို့ကို နိုင်အောင်တိုက်သည်အတွက် နောင်တော်ဟံသာဝတီဘုရင် ငါးဆူဒါယကာ (နန္ဒဘုရင်)က အောင်ဆုပေး၍ ယင်းဘွဲ့ ကိုရသည်။

ဘုရင့်နောင်မင်းကြီး၏ ထီးမွေနန်းမွေကိုဆက်ခံသော ငါးဆူဒါယကာမင်းတရားသည် သားတော်မြေးတော်၊ ဆွေတော် မျိုးတော်၊ မှူးတော်မတ်တော်၊ သူရဲသူခက်အပေါင်းတို့ကို ဝမ်း နည်းအောင်ပြုတော်မူလေ့ရှိသည်။ နိုင်ငံတော်အလုံးတွင် ရှိသော တိုင်းကြီးပြည်ကြီး ထီးဆောင်းမင်းတကာတို့ကိုလည်း ဝမ်းနည်း အောင်ပြုတော်မူလေ့ရှိသည်။ သားတော် အိမ်ရှေ့မဟာဥပရာဇာ သည်လည်း ပြည်သူရွာသားတို့နှင့် ဆန့်ကျင်သောအမှုကိုသာ ပြုတော်မူလေ့ရှိသည်။ ထိုကြောင့် နေပြည်တော်တွင် မကျေနပ်မှု များပေါ်ပေါက်၍ နိုင်ငံတော်တွင် ပုန်ကန် သောင်းကျန်းမှုများ ပေါ်ပေါက်လေသည်။ ဇင်းမယ်ဘုရင်၊ တောင်ငူဘုရင်၊ ပြည် ဘုရင်တို့ခြားနားကြသည်။ ရခိုင် ဘုရင်နှင့် တောင်ငူဘုရင်တို့ ပူးပေါင်းတိုက်ခိုက်သောအခါ ဟံသာဝတီပျက်၍ ငါးဆူဒါယကာ တောင်ငူသို့ပါလေသည်။ ဤသို့ဖြင့် ဘုရင့်နောင်မင်းတရားကြီး တည်ထောင်ခဲ့သော နိုင်ငံတော်ကြီး အစိတ်စိတ် ကွဲလေသည်။ ထိုအခါ ညောင်ရမ်းဘုရင်သည် ပထမသော် ညောင်ရမ်း မြို့ကို ခိုင်လုံအောင်စီရင်ပြီးလျှင် အလုံးအရင်းသွင်း၍ အခိုင် အလုံနေတော်မူသည်။ ထိုနောက်တွင်ကား ပြည်ထဲရေးကို ထေက်ရှုကာ မိမိမင်းပြုမှ နိုင်ငံအေးတော့ အံ့ဟု နှလုံးပိုက်မိ၍၊ ရတနပူရအဝရွှေပြည်သို့ ဗိုလ်ပါအင်အားနှင့် ချီတော်မူသည်။

ညောင်ရမ်းဘုရားအား ကိုးတော်မူသူတို့တွင် ဟံသာဝတီက ရောက်လာသော မွန်ဘုန်းကြီး ဘားမဲ့ဆရာတော်နှင့် သားတော် ကြီး သခင်လတ်တို့မှာ အဓိကပုဂ္ဂိုလ်များဖြစ်ကြသည်။ ထို ပုဂ္ဂိုလ်တို့၏ စွမ်းရည်ကြောင့် အရှေ့ဘက်က ယိုးဒယားဘုရင် ဗြနရာဇ်သည်၎င်း၊ အတောင်ဘက်ကသံလျှင်စား ငစင်္ကာသည် ၎င်း၊ အနောက်ဘက်က ရခိုင်ဘုရင်မင်းရာဇကြီးသည်၎င်း ညောင်ရမ်းဘုရားကို မချောက်ချားဝံ့ကြရှိချေသည် ငစင်္ကာကား ဖိလစ် ဒီဗရစ်တိုအမည်ရှိသော ပေါ်တူဂီလူမျိုးဖြစ်သည်။

ညောင်ရမ်းဘုရားကိုယ်တိုင်သည်လည်း ခမည်းတော်ဘုရင့်နောင် မင်းတရားကြီးက ယုံကြည်ကိုးစားသည်ဖြစ်၍ 'ငါ့သားငါကဲ့သို့ မင်းတကာတို့၏အရှင်ဖြစ်မည်'ဟု မိန့်တော်မူသည်ကိုခံရဘူး သော ပုဂ္ဂိုလ်ချွန်ဖြစ်ပေသည်။

သက္ကရာဇ် ၉၆ဝ ပြည့်နှစ်တွင် အဝမြို့ကိုချဲ့၍ အသစ်တည် တော်မူသည်။ ၉၆၁ ခုနှစ်တွင် ပြီးလေသည်။ ထိုနှစ်တွင်ပင် သီဟသူရမဟာဓမ္မရာဇာ ဟူသောအမည်ကိုခံကာ ရွှေနန်းတက် တော်မူသည်။ သားတော်အကြီးကို မဟာဥပရာဇာဟူသော အမည်နှင့် အိမ်ရှေ့ပေးတော်မူသည်။

ညောင်ရမ်းဘုရားသည် မင်းပြုမည်ကြံလျှင်ပင် ရမည်း သင်း၊ ဝတီး၊ ယင်းတော်စသော မြို့တို့ကို၎င်း၊ ပုဂံ၊ စဉ့်ကူး၊ စလေစသော မြို့တို့ကို၎င်း၊ စစ်ကိုင်း၊ မြေတူး၊ ဒီပဲယင်းစသော မြို့တို့ကို၎င်း၊ စကု၊ စလင်း၊ ဘောင်းလင်း၊ လယ်ကိုင်းစသော မြို့တိုကို၎င်း တိုက်ခိုက်သိမ်းယူကာ နေသားတကျစီစဉ်သည်။ ထိုနောက် အိမ်ရှေ့မင်းမိုးညှင်းသို့ချီရသည်။ မိုးညှင်းကိုရ တော်မူသည်။ ထိုနောက် ညောင်ရမ်းမင်းတရား ကိုယ်တော်တိုင် သားတော်အိမ်ရှေ့မင်းနှင့်အတူ ညောင်ရွှေသို့ချီတော်မူ၏။ အိမ် ရှေ့မင်း ညောင်ရွှေကို အဆောတလျှင် တိုက်၍ဆက်၏။ မင်းတရားကြီးသည် သားတော်ကို 'လူပျိုလူရွယ်ပီသည်။ အရပ် အနေမသင့်၍ ပြောင်းသေနတ်ထိခဲ့သော် အခက်ချေလော'ဟု နှုတ်ပြစ်တင်တော်မူ၏။

ထိုနောက် ဗန်းမော်သို့ချီတော်မူသည်။ ဗန်းမော်စော်ဘွား သည် မရပ်မခံနိုင်၍ မိုင်းဆည်သို့ပြေးလေ၏။ အိမ်ရှေ့မင်း လည်း 'ဗန်းမော်စော်ဘွားကိုပေး။ မပေးလျှင် တိုက်မည်'ဟူ၍ မိုင်းဆည်သို့စေသည်။ မိုင်းဆည်စော်ဘွားလည်း ဥတည်ဘွားကို လျှောက်ရသည်။ ဥတည်ဘွားက 'ပေးပါလေ။ လက်ခံ၍မထား ပေနှင့်'မှာသော ကြောင့် ဗန်းမော်စော်ဘွားကို သားမယားနှင့် ပို့လာရသည်။

ထိုနောက် မိုးနဲသို့ချီတော်မူသည်။ အိမ်ရှေ့မင်း ဆင်တော် ဘုန်းတောက်ပကို စီး၍ အပြင်းတိုက်ယူ ဆက်သပြန်သည်။ ဤ တွင်လည်း အထက်နည်းတူ သားတော်ကိုနှုတ်ပြစ်တင်ပြန်သည်။ ထိုနောက် အိမ်ရှေ့မင်းသည် မိုးကောင်းကိုတိုက်၍ဆက်သည်။

ထိုနောက် သက္ကရာဇ် ၉၆၇ ခုနှစ်တွင် မင်းတရားကြီး သည် စစ်ရေးကိစ္စတိုင်ပင်တော်မူရာ အိမ်ရှေ့မင်းက မြောက် ဘက်တစ်လွှားကိုသိမ်းပြီးမှ တောင်ဘက် ပြည်၊ တောင်ငူကို သိမ်းမည်ဟု နားတော်လျှောက်သည်။ ထိုကြောင့် ထိုနှစ်တွင် မိုးမိတ်သို့ချီသည်။ အလွယ်နှင့်အောင်တော်မူ၏။ သိန္နီသို့ချီပြန် သည်။ အောင်တော်မူပြန်၏။ ထိုတွင် ညောင်ရမ်းမင်းတရား သည် သားတော်မဟာဥပရာဇာကို အားရနှစ်သက်တော်မူလှ၍ 'မောင့်မြို့ မောင့်နန်း'ဆိုသည့် ဧကရာဇ်တကာတို့ပေးခဲလှစွာ သော ဆုကို ပေးတော်မူသည်။ ထိုနောက်တွင်ကား ကိုယ်တော် ကျန်းခံ့တော်မမူ၍ တပ်ခေါက်ကာနေပြည်တော်သို့ ပြန်တော်မူ သည်။ ရွှေသာလျောင်းတောင်သို့ ရောက်တော်မူလျှင် အိမ်ရှေ့ မင်းကို ဤသို့အမိန့်တော်ရှိသည်။ 'ငါသည် ဤအနာမှထ မြောက်တော်မူနိုင်မည်မထင်၊ ငါမရှိလျှင် မောင်တို့ညီနောင် သုံးဦး ကြီးစဉ်ငယ်လိုက်မင်းပြုရစ်၊ လူဆိုးလူသွမ်းတို့စကားကို လိုက်နာ၍ အနှောင့်အရှက်မဖြစ်ကြစေနှင့်'ဟူ၍ အမိန့်တော်ရှိ သည်။ ထိုအမိန့်တော်ကို ဦးထိပ်ရွက်ပါမည်လျှောက်၍ သစ္စာ တော်ခံစေသည်။ ဤသို့လည်း အမိန့်တော်ရှိပြန်သည်။ 'မောင် သည် ဘုန်းအာဏာနှင့် ရှေ့သို့အပြည်ပြည်ထောင်သော မင်းတို့ ကို နှိမ်နင်း၍ ခမည်းတော် ဆင်ဖြူရှင်နိုင်ငံအလုံးကို သိမ်းယူ ရစ်လိမ့်မည်။ နောက်နောင် ပြည်မြို့ကိုလုပ်ကြံ၍ အလိုတော် ပြည့်လျှင် ရန်နိုင်စားကိုမကွပ်မမျက်ပါနှင့်။ ရန်နိုင်စားကျေးဇူး မောင်တို့ငါတို့တွင် ရှိချေသည်'ဟူ၍ အမိန့်တော်ရှိပြန်သည်။ သားတော်အိမ်ရှေ့မင်းလည်း 'အမိန့်တော်ကို ဦးထိပ်ရွက်ပါမည်' ဟူ၍ လျှောက်သည်။ ဤသို့မှာထားတော်မူစဉ်ပင် ၉၆၇ ခုနှစ်၊ တစ်ပေါင်းလပြည့်ကျော် တစ်ဆယ့်တစ်ရက် သောကြာနေ့ ညောင်ရမ်းမင်းတရားကြီးစစ်ခရီးတွင် လူ့ပြည်ငြီး၍ နတ်ပြည် စံတော်မူသည်။ [1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.